၁၇ မြို့နယ်က Stay at Home ပယ်ဖျက်

{{Zawgyi/Unicode}}

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှု မြင့်တက်နေချိန်က မလိုအပ်ရင် အိမ်ပြင်မထွက်ရ Stay at Home ထုတ်ပြန်ခဲ့တဲ့ မြို့နယ်တချို့ကို ဒီနေ့ နိုဝင်ဘာ ၁၂ ရက် ကစပြီး ပယ်ဖျက်လိုက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက အခုနောက်ဆုံး Stay at Home ထုတ်ပြန်ချက် ပယ်ဖျက်လိုက်တဲ့ မြို့နယ် ၁၇ မြို့နယ်မှာ ပဲခူးတိုင်းထဲက မြို့နယ် ၅ ခု ပါဝင်ပါတယ်။ အဲဒီမြို့နယ်တွေမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု တကယ်ပဲ လျော့ကျသွားပါပြီလား ... ရန်ကုန်ကလာတဲ့ ဒီသတင်းကို မခင်ဖြူထွေးကတင်ပြပေးထားပါတယ်။

ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ တနင်္သာရီတိုင်းနဲ့ မကွေးတိုင်း၊ မွန်ပြည်နယ် အတွင်းက မြို့နယ် ၁၇ ခုမှာ နိုဝင်ဘာလ ၁၂ ရက် ဒီကနေ့ကစပြီးတော့ Stay at Home အစီအစဉ် ပယ်ဖျက်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Stay at Home အစီအစဉ် ပယ်ဖျက်လိုက်တဲ့ထဲမှာ ပဲခူးတိုင်းထဲမှာ အုတ်တွင်း၊ ကဝ၊ ဒိုက်ဦး၊ ပြည်နဲ့ နတ်တလင်း စတဲ့ မြို့နယ် ၅ ခု ပါဝင်ပါတယ်။ ကိုဗစ်စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပေမယ့် မြေပြင်အနေအထားမှာတော့ ကိုဗစ်ဖြစ်ပွားမှုက စိတ်ချရတဲ့ အနေအထား မရောက်သေးဘူးလို့ ပဲခူးတိုင်းအခြေစိုက် ပရဟိတဆောင်ရွက်ပေးနေတဲ့ အသင်းတခုက ပြောပါတယ်။

"ကျနော်တို့ကတော့ ကိုဗစ်နဲ့ ပတ်သက်ပြီးတော့ရော ရိုးရိုးလူနာနဲ့ ပတ်သက်ပြီးတော့ရော ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒါပေမယ့် သူတို့ အဲလိုဖြေလျှော့လိုက်တဲ့အပေါ်မှာ ကျနော်တို့ ဒီပရဟိတအပိုင်းတွေ လုပ်ရတာတွေကျတော့ သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။ အဆင်မပြေဘူးဆိုတာက လူတွေက လိုက်နာမှုအား လျှော့နည်းသွားတယ်။ လျှော့နည်းသွားတဲ့အပေါ်မှာ ကျနော်တို့တောင် အခု စတုတ္ထလှိုင်းလိုလို၊ ဘာလိုလိုဆိုပြီးတော့ ပြန်စစ်လာတာတွေ တွေ့ရတဲ့အပေါ်မှာ တော်တော်ဂရုစိုက် နေရတယ်။ လက်ရှိ ကျနော်တို့မြို့မှာကတော့ အများအားဖြင့်တော့ မဖြစ်သေးဘူးပေါ့နော်။ တယောက်စ၊ နှစ်ယောက်စတော့ ကိုဗစ်နဲ့ဆုံးသွားတာတို့ ဖြစ်တာတွေတော့ တွေ့ရတယ်ပေါ့နော်။"

ပဲခူးတိုင်းထဲမှာ ဇူလိုင်လက ဈေးနဲ့ ကျောင်းတွေကနေ အစုလိုက် ကိုဗစ်ကပ်ရောဂါစက်ပြန့်ပွားမှုတွေ ရှိခဲ့တဲ့အတွက် ဈေးတွေ၊ အခြေခံပညာကျောင်းတွေကို ယာယီပိတ်ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတုန်းက ကိုဗစ်ကူးစက်ဖြစ်ပွားမှုနဲ့ သေဆုံးနှုန်းအများအပြားရှိခဲ့ပြီး အခုအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကပ်ရောဂါ ကူးစက်မှုတွေ နည်းသွားပြီဆိုပေမဲ့ နောက်ထပ်လှိုင်းတခု ထပ်မဖြစ်ဖို့အတွက် ရောဂါကာကွယ်ရေး နည်းလမ်းတွေကို သေချာလိုက်နာစေချင်တယ် လို့ ပရဟိတ ဆောင်ရွက်ပေးသူတွေက ပြောပါတယ်။

"ကိုဗစ်ကျတော့ ဒီဆေးရုံမှာ ဆေးစစ်တာတွေရှိတယ်။ ကိုဗစ်နဲ့ သေဆုံးသွားတဲ့သူတွေ ရှိတယ်။ ပြီးခဲ့တဲ့ ၃၊ ၄ ရက်မှာပဲ ကိုဗစ်နဲ့ တယောက်ဆုံးသွားတာ ရှိတယ်။ အရင်ပုံစံ အတိုင်းပဲပေါ့နော်။ Mask တပ်တာတွေ သိပ်မတွေ့ရတော့ဘူး။"

ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်း ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တဲ့ ဇူလိုင်လနဲ့ဩဂုတ်လအစပိုင်းတုန်းက လူစည်ကားတဲ့ ဈေးနဲ့ ကျောင်းတွေကနေတဆင့် အစုလိုက်ရောဂါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်မှာလည်း တက္ကသိုလ်အဆောင် အတူနေသူတွေ အစုလိုက်ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ ဒီကနေ့စပြီး Stay at Home ပယ်ဖျက်လိုက်ပြီဖြစ်တဲ့ မော်လမြိုင်မြို့နယ်မှာတော့ ကိုဗစ်ဖြစ်ပွားမှု စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတော့ပေမယ့် ရောဂါထိန်းချုပ်ရေး စည်းမျဉ်းလိုက်နာမှုတွေကတော့ အားနည်းနေတယ်လို့ မြို့နယ် ကျန်းမာရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

"မော်လမြိုင်အနေအထားကတော့ စိတ်ချရတဲ့ အနေအထားရှိပါတယ်။ ရာသီတုပ်ကွေးကတော့ တော်တော်များများ ဖြစ်ကြတယ်။ တချို့ဆို မိသားစုလိုက်ဖြစ်ကြတယ်။ ဒါပေမယ့် စိုးရိမ်ရမှုတော့ မရှိဘူး။ ၄၊ ၅ ရက်လောက်နေရင် ပျောက်သွားကြပါတယ်။ Mask ကတော့ ၉၀ ရာခိုင်နှုန်းလောက် က တပ်ကြတယ်။ လူစုလူဝေးကတော့ မလုပ်နဲ့လို့ အခုကကြေညာထားသေးတာပေါ့နော်။ မလုပ်နဲ့ လို့ ကြေညာထားလည်းပဲ လုပ်နေကြတာပါပဲ။ အဓိကတော့ ကျနော်တို့ အကုန်လုံး ကျန်းမာရေးရှုထောင့်ကနေ ဒီ Mask ကိုတပ်သင့်တယ်ပေါ့နော်။"

ကိုဗစ်တတိယလှိုင်း အရှိန်မြင့်ခဲ့တဲ့ ဇူလိုင်လကစပြီး ကူးစက်မှု အခြေအနေဆိုးခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေထဲက မြို့နယ်တွေကို Stay at Home ထုတ်ပြန်ခဲ့တာ စုစုပေါင်း ၁၁၉ မြို့နယ် ရှိခဲ့ပါတယ်။ အဲဒီမြို့နယ်တွေထဲကနေ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု လျော့ကျလာတဲ့ မြို့နယ်တွေကို ဒီထုတ်ပြန်ချက်တွေ တဖြည်းဖြည်း ပယ်ဖျက်နေတာ အခုဆို ၆၇ မြို့နယ် ရှိပါပြီ။ ဒါပေမယ့် Stay at Home အစီအစဉ် ထုတ်ပြန်ထားတဲ့ ၅၂ မြို့နယ် ကျန်ရှိနေပါသေးတယ်။

Your browser doesn’t support HTML5

၁၇ မြို့နယ်က Stay at Home ပယ်ဖျက်

=========

{{Unicode}}

၁၇ မွို့နယျက Stay at Home ပယျဖကြျ











=========