COVID-19 ကြောင့် ရှမ်း နိုင်ငံရေးဆွေးနွေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် အလွတ်သဘော ဆွေးနွေးပွဲကိုကျင်းပခဲ့ချိန်။ (မှတ်တမ်းဓာတ်ပုံ - U Nay Min)

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကြောင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ဒီလကုန်မှာ ကျင်းပဖို့ ရည်မှန်းထားတဲ့ ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဒီလို ရွှေ့ဆိုင်းလိုက်ပေမဲ့ ဧပြီလကုန်မှာ ကျင်းပဖွယ်ရှိတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အစည်းအဝေးကိုတော့ တက်ရောက်ဖို့ ရှိနေတာပါ။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲရွှေ့ဆိုင်းကြောင်းနဲ့ ဘယ်ရက်မှာ ပြန်လည်ကျင်းပမယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်းကို RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးက အခုလိုပြောပါတယ်။

“လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြောင့် အဲဒါကို ခဏ ရွှေ့ထားတာပေါ့နော်။ ရက်ရယ်၊ လရယ် အတိအကျတော့ မသိသေးဘူးနော်။ မဆုံးဖြတ်ရသေးဘူးနော်။”

အစိုးရ၊ တပ်မတော်နဲ့ NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ တနှစ်ကျော်ကြာ ရပ်ဆိုင်းထားရတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးက ဧပြီလကုန်ပိုင်းမှာ ကျင်းပဖို့ သဘောတူထားတာဖြစ်ပါတယ်။

RCSS အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဖြစ်ရင်လည်း ၂၁ ရာစုပင်လုံကို ပါဝင်တက်ရောက်ဖို့ ရည်ရွယ်ထားကြောင်း ဒုဗိုလ်မှုးကြီး စိုင်းအုမ်ခေးက ဆက်ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးပွဲက ဖြစ်အောင်တော့ လုပ်မယ်လေ။ ပြီးတော့ ၂၁ ရာစုပင်လုံလည်း တက်မှာပါ။ ဘယ်လိုမှ သွားပြီးတော့ ဂယက် ရိုက်တာ မရှိပါဘူးနော။”

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က Covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်ကြေညာခဲ့တဲ့နောက် ြမန်မာနိုင်ငံအစိုးရကလည်း လူစုလူဝေးမလုပ်ဖို့ ထုတ်ပြန်ခဲ့သလို ဘုရားပွဲ၊ ရုပ်ရှင်ရုံနဲ့ မူကြိုကျောင်း စတာတွေ ဧပြီလကုန်အထိ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစု ပင်လုံ စတုတ္ထအစည်းအဝေးကျင်းပရေးနဲ့ပတ်သက်လို့တော့ အခုချိန်အထိ ရက်အပြောင်းအလဲ မရှိသေးဘူးလို့လည်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နာယက ဗိုလ်မှုးကြီး ခွန်ဥက္ကာက ပြောပါတယ်။

“သင်္ကြန်အပြီး လကုန်ပေါ့။ ဧပြီလကုန်ကို မှန်းထားပါတယ်။ ဒါပေမဲ့ လွန်ရော ကျွံရောက မေလဆန်းပေါ့ဗျာ။ ဧပြီလကုန်ခါနီးလောက်ဆိုရင်တော့ ဒီ ဗိုင်းရပ်စ်ရဲ့အခြေအနေကိုတော့ တီးမိခေါက်မိပြီလို့ ယူဆရတာပေါ့ဗျာ။ အဲဒါ ပြင်းထန်လာတယ်ဆိုရင်တော့ ကျန်းမာရေးကိစ္စကို ဦးစားပြန်ပေးရမှာပေါ့ဗျာ။ အခုထိတော့ ဘာမှ လူကြီးတွေ ဆုံးဖြတ်ထားတာမရှိသေးဘူးခင်ဗျ။ စောင့်ကြည့်တဲ့အခြေအနေမှာပဲ ဖြစ်နေတယ်။”

လက်ရှိအခြေအနေမှာတော့ ငြိမ်းချမ်းရေးညီလာခံဖြစ်မြောက်ရေးအတွက် လူနည်းနည်းနဲ့ ကျင်းပနိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေနဲ့ ရပ်ဆိုင်းတာမရှိကြောင်း ပြောပါတယ်။

အစိုးရနဲ့ ကချင်၊ တအန်း(ပလောင်)၊ ကိုးကန့်နဲ့ ရခိုင်(AA) တပ်ဖွဲ့ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အကြားမှာတော့ နှစ်ဘက်အပစ်ရပ်စာချုပ်ချုပ်ဆိုရေးအတွက် ဖေဖော်ဝါရီလအတွင်း တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဆွေးနွေးဖို့ ရှိခဲ့ပေမဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများအပြား နာမကျန်းဖြစ် သေဆုံး တာတွေဖြစ်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားခဲ့ရပါတယ်။ လောလောဆယ်မှာလည်း တွေ့ဆုံမယ့် နေရာ မညှိနှိုင်းနိုင်သေးတာကြောင့် ဆွေးနွေးပွဲကို ဆက်လက် မကျင်းပနိုင်သေးပါဘူး။

Your browser doesn’t support HTML5

COVID-19 ကြောင့် ရှမ်း နိုင်ငံရေးဆွေးနွေးပွဲ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်း

[Unicode Version]











