Coronavirus စတင်သတိပေးတဲ့ တရုတ်ဆရာဝန် ကွယ်လွန်

Coronavirus စတင်သတိပေးတဲ့ တရုတ်ဆရာဝန် ကွယ်လွန်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို ကြိတင်သတိပေးဖို့ ကြိုးပမ်းရာက အာဏာပိုင်တွေ ငြိုငြင်တာခံခဲ့ရတဲ့ ဆရာဝန်ဟာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး သောကြာနေ့မှာပဲ ကွယ်လွန်သွားပါတယ်။

ဝူဟန်မြို့ ဗဟိုဆေးရုံရဲ့ လူမှုကွန်ရက်မှာတော့ အသက် ၃၄ နှစ်အရွယ် မျက်စေ့အထူးကုဆရာဝန် Dr. Li Wenliang ဟာ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းနေရင်း ရောဂါကူးစက်ခံရပြီး ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့တာပါ။

Dr. Li ဟာ ဗိုင်းရပ်စ်ကူးစက်မှု အန္တရယ်နဲ့ ပတ်သက်လို့ ကောလဟလတွေ ဖြန့်ခဲ့တယ်ဆိုပြီး ဒေသခံရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနှောင်းပိုင်းမှာပဲ သတိပေးခံခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ Dr. Li သေဆုံးတဲ့ သတင်းအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အလွန်အမင်း စိတ်မကောင်း ဖြစ်ရကြောင်း ပြောဆိုလိုက်သလို၊ ဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေး သူ့ရဲ့ကြိုးပမ်းမှုတွေကို အမှတ်ရကြဖို့လည်း တိုက်တွန်းခဲ့တာပါ။

Dr. Li အသည်းအသန် နေထိုင်မကောင်းဖြစ်နေတဲ့အကြောင်း သောကြာနေ့ အစောပိုင်းမှာ ဝူဟန်ဆေးရုံက သတင်းထုတ်ပြန်လိုက်ပြီး နာရီဝက်လောက် အတွင်းမှာပဲ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပေါင်း ၅ သိန်းလောက် တွေ့ခဲ့ရပြီး၊ တော်တော်များများကတော့ သူပြန်နေကောင်းလာဖို့ မျှော်လင့်ချက်တွေကို ရေးသားခဲ့ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်နဲ့ ပတ်သက်လို့ အစိုးရက ဘာမှမလုပ်ခင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တခြားလူတွေကို သတိပေးဖို့ ကြိုးစားခဲ့ကြတဲ့ ဆေးဖက်ဆိုင်ရာ ဝန်ထမ်းတွေထဲမှာ ကွယ်လွန်သူ Dr. Li ဟာလည်း တဦးအပါအဝင်ဖြစ်ကြောင်း New York Times သတင်းစာက ဒီသီတင်းပတ် အစောပိုင်းမှာပဲ ရေးသားခဲ့ပါတယ်။

ဗိုင်းရပ်စ်စတင် ပျံ့နှံ့ရာ Hubei ပြည်နယ်မှာ သေဆုံးသူ နောက်ထပ် ၆၉ ယောက် ထပ်တိုးလာတဲ့အတွက် သောကြာနေ့အထိ စုစုပေါင်း သေဆုံးသူ အရေအတွက်ဟာ ၆၃၀ ထက်မနည်း ရှိသွားပါပြီ။ နောက်ထပ်ကူးစက်သူ ၂,၄၄၇ ယောက် တွေ့ရှိထားကြောင်းလည်း Hubei ပြည်နယ်ကျန်းမာရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

Coronavirus စတင်သတိပေးတဲ့ တရုတ်ဆရာဝန် ကွယ်လွန်

.....................


(Unicode)




