Clinton ဒီမိုကရက် သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမှုကို မြန်မာတွေကြိုဆို

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton ဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီးသမ္မတ ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ ဒီမိုကရက်ပါတီကို ကိုယ်စားပြုပြီး နိုဝင်ဘာလမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။ အခုလို အမေရိကန်နိုင်ငံရေးမှာ သမိုင်းတွင်သွားတဲ့ သမ္မတကိုယ်စားလှယ်လောင်း Hillary Clinton အပေါ် မြန်မာနိုင်ငံသားတွေရဲ့ အမြင်သဘောထားတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

၁၇၇၆ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စုရယ်လို့ တရားဝင် စတင် ပေါ်ပေါက်လာပြီး၊ အမျိုးသား သမ္မတပေါင်း ၄၄ ဦး တာဝန်ထမ်းဆောင်ပြီးတဲ့နောက်မှာ အမေရိကန်သမိုင်းမှာ ပထမဦးဆုံး အမျိုးသမီးသမ္မတတဦးဖြစ်လာဖို့ အခြေအနေ နီးစပ်လာနေပါပြီ။ Hillary Clinton ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်း အင်္ဂါနေ့က ဖြစ်လာခဲ့ပါပြီ။

“ဒီညအောင်ပွဲဟာ လူတဦးတယောက်ထဲရဲ့ အောင်ပွဲမဟုတ်ပါဘူး။ ဒါဟာ မျိုးဆက်ပေါင်းများစွာ စွန့်လွှတ် အနစ်နာခံပြီး ပေးဆပ်ခဲ့ကြတဲ့ အမျိုးသမီး၊ အမျိုးသားတွေအတွက် ဖြစ်ပါတယ်။ ကျမတို့ရဲ့ တိုင်းပြည်မှာ - အမျိုးသမီးတွေ မဲပေးခွင့်ရဖို့ ဒီ နယူးယောက်ပြည်နယ်၊ Seneca Falls မှာ စတင်ခဲ့၊ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။”

၁၈၄၈ ခုနှစ်တုန်းက နယူးယောက်ပြည်နယ်၊ Seneca Falls မှာ ကျင်းပတဲ့ အမျိုးသမီးများ ညီလာခံကနေ အမျိုးသမီးတွေကို မဲပေးခွင့်ပြုရေးအတွက် ဆုံးဖြတ်ချက်ချခဲ့တာကို ရည်ညွန်းပြီး နယူးယောက်မြို့၊ Brooklyn အရပ်မှာ အင်္ဂါနေ့ညက ပြုလုပ်တဲ့ သူမရဲ့ အောင်ပွဲခံ မိန့်ခွန်းအတွင်း Hillary Clinton က ပြောကြားသွားတာ ဖြစ်ပါတယ်။ Hillary Clinton အနေနဲ့ သမ္မတကတော်၊ အထက်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး စတဲ့ အရေးပါတဲ့ အထင်ကရနေရာတွေမှာ ရှိခဲ့ပေမယ့်လည်း ဒီမိုကရက်ပါတီကို ကိုယ်စားပြု ယှဉ်ပြိုင်မယ့် သမ္မတကိုယ်စားလှယ်လောင်းအဖြစ် လွယ်လွယ်နဲ့ ရွေးချယ်ခံခဲ့ရတာတော့ မဟုတ်ပါဘူး။ သူမအနေနဲ့ ၂၀၀၈ ခုနှစ်မှာ သမ္မတလောင်း ရွေးချယ်မှုတွေကို စတင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပေမယ့်လည်း လက်ရှိသမ္မတ Barack Obama ကို ပါတီတွင်း ရွေးချယ်မှုတွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။

အခုတကြိမ်မှာလည်း အစောပိုင်းမှာ သူမတဦးတည်း ရှေ့နေဦးဆောင်နေရာက ပြိုင်ဖက် Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ နောက်ဆုံးအဆင့်အထိ အကြိတ်အနယ် ယှဉ်ပြိုင်ပြီးတဲ့နောက် ဇွန်လ ၇ ရက်နေ့ညမှာ ဒီမိုကရက်ပါတီရဲ့ သမ္မတ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ Pennsylvania ပြည်နယ်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွား၊ အမေရိကန်နိုင်ငံသူ ဒေါ်ဖြူဖြူကလည်း Hillary Clinton ဟာ အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပေမဲ့ မလျော့သော ဇွဲလုံ့လနဲ့ သူမလိုချင်တဲ့ ပန်းတိုင်ရောက်အောင် ကြိုးပမ်း လုပ်ဆောင်သွားတဲ့အပေါ် လေးစားမိကြောင်း ပြောပါတယ်။

“၂၀၀၈ တုန်းက၊ အဲဒီကတည်းက သူ့ကိုလေ ဖြစ်စေချင်တာပေါ့။ သူပြောတဲ့စကားတခု အန်တီ သတိရတယ်။ သူမနေ့က ပြောတဲ့ Speech (မိန့်ခွန်း) ထဲမှာလည်း သူ့အမေအကြောင်း အမြဲပြောတယ်နော်။ သူ့အမေရဲ့ ဘဝက ကြမ်းတမ်းခဲ့တဲ့အကြောင်း၊ ဒါပေမဲ့ သူ့အမေက ဘယ်တော့မှ အရှုံးမပေးဘူး၊ သူ့ကိုလည်း အမြဲပဲ သွန်သင်တယ်ပေါ့။ တခုခုကြောင့် ကိုယ်က ပြုတ်လဲှသွားရင်တောင်၊ ကိုယ့်ကိုကိုယ် ပြန်ထူပြီး၊ မတ်ပြီးတော့ ပြန်ထပြီးတော့ ဆက်လုပ်စရာရှိတာ လုပ်ရမယ်ဆိုတဲ့သဘော၊ သူ့မှာ သူ့အမေ သွန်သင်ပေးတာ သူ့မှာရှိတယ်ဆိုပြီး သူပြောတော့ သူဒီလိုမျိုး ဒုတိယအကြိမ် ပြန်ပြီးတော့ သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်ပြီးတော့ ဖြစ်ဖို့အတွက် သူကြိုးစားလာတယ်ဆိုတာ၊ ဒါက တော်တော်လေးကို အမျိုးသမီးတယောက်အနေနဲ့ ဂုဏ်ယူခဲ့တယ်ပေါ့နော်။”

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေအကြားမှာ မြန်မာ့ ဒီမိုကရေစီအရေးကို တက်ကြွစွာ ဦးဆောင်ပါခဲ့သူတဦးဖြစ်တဲ့ Virginia ပြည်နယ်သား ဦးတင်မောင်သော်ကတော့ Hillary Clinton ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ရင်းနှီးပြီးသားဖြစ်တဲ့အတွက် သူမဟာ မြန်မာပြည်အတွက် ပိုသင့်တော်မယ်လို့ ယူဆကြောင်း ပြောပါတယ်။

“မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လပ်ခွင့်ရဖို့ရော၊ နောက်ပြီးတော့ ရွေးကောက်ပွဲမှာ ဝင်ဖို့ရော၊ မြန်မာပြည်မှာ ပြောင်းလဲမှုတွေ ဖြစ်ဖို့ရော သူနိုင်ငံခြားရေးဝန်ကြီး ဘဝနဲ့တုန်းက အကြိမ်ပေါင်းများစွာ ဆောင်ရွက်ပေးခဲ့တာတွေ ရှိပါတယ်။ သူကတော့ ပိုပြီးတော့ မြန်မာပြည်အပေါ်မှာ လုပ်ပေးနိုင်မယ်လို့တော့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Donald Trump ရဲ့ နိုင်ငံခြားရေး ပေါ်လစီကလည်း America first ဆိုတော့ သူက ကိုယ့်နိုင်ငံအတွက်ပဲ ကိုယ်ဦးစားပေးလုပ်မယ့် ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူကလည်း အတိအလင်း ပြောပြီးသားဖြစ်တယ်။ အဲဒီတော့ ဒီနိုင်ငံတကာ ကိစ္စကတော့ Donald Trump ထက်စာရင် သူက ပိုပြီးတော့ စိတ်ဝင်စားတယ်။ ဒါပေမယ့် ဒီ အမေရိကန်ပြည်သူ လူထုက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရမှာပေါ့လေ။”

လက်ရှိအခြေအနေအထိကတော့ Hillary Clinton က ရီပတ်ဘလီကန်ပါတီဖက်က သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမယ့် Donald Trump ထက် နိုင်ငံလုံးဆိုင်ရာ လူထုစစ်တမ်းတွေမှာ ၁၀% ဝန်းကျင်လောက် အသာစီးရနေပါတယ်။

ဒါပေမယ့် ပါတီကြီး ၂ ခုစလုံးက ကိုယ်စားလှယ်လောင်းတွေကြားမှာ အားနဲချက်၊ အားသာချက်တွေ ကိုယ်စီ ရှိနေကြတာမို့ ဘယ်သူနိုင်မယ်ဆိုတာတော့ အခုချိန်မှာ အတတ်ပြောလို့ မရနိုင်သေးဘူးလို့ ဒေါ်ဖြူဖြူက ပြောပါတယ်။

Hillary Clinton ဟာ ဒီမိုကရက်ပါတီရဲ့ သမ္မတကိုယ်စားလှယ်လောင်းဖြစ်ဖို့ လိုအပ်တဲ့ ကိုယ်စားလှယ်အရေအတွက် ၂,၃၈၃ ဦး ရှိတဲ့အထဲက အင်္ဂါနေ့ည ပါတီတွင်းရွေးချယ်မှုတွေ ပြီးဆုံးတဲ့အချိန်မှာ ကိုယ်စားလှယ် ၂,၁၉၁ အပြင် Superdelegates လို့ခေါ်တဲ့ ပါတီတွင်းက အထင်ကရပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အထူးကိုယ်စားလှယ် ၅၇၄ ဦးရဲ့ ထောက်ခံမှုနဲ့ ပေါင်းလိုက်ရင် စုစုပေါင်း ကိုယ်စားလှယ် ၂,၇၆၅ ဦး ရှိသွားဖြစ်တဲ့အတွက် ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်လာတာပါ။

Superdelegates ၅၇၄ ဦးက သူမကို ထောက်ခံကြောင်း ပြောဆိုထားပေမယ့်လည်း အဲဒါဟာ တရားဝင်မဟုတ်သေးပါဘူး။ ဇူလိုင်လအတွင်း Pennsylvania ပြည်နယ်၊ Philadelphia မြို့မှာ ကျင်းပဖို့ရှိတဲ့ ဒီမိုကရက်ပါတီ ညီလာခံအတွင်း သူတို့အနေနဲ့ ထောက်ခံကြောင်း အတည်ပြုပေးပြီးမှသာ Superdelegates တွေရဲ့ ထောက်ခံမှုဟာ အတည်ဖြစ်လာမှာပါ။

ပြိုင်ဘက် အထက်လွှတ်တော်အမတ် Bernie Sanders ကတော့ ကိုယ်စားလှယ် ၁,၈၁၆ ဦးနဲ့ Superdelegates ၄၈ ဦး၊ စုစုပေါင်း ၁,၈၆၄ ဦး ရရှိထားပြီး ဖြစ်ပါတယ်။ ရှေ့လအတွင်း သီးခြားစီ ကျင်းပမယ့် ဒီမိုကရက်နဲ့ ရီပတ်ဘလီကန်ပါတီ ညီလာခံတွေကနေ တရားဝင် ရွေးချယ် တာဝန်ပေးအပ်လိုက်တော့မှသာ Hillary Clinton နဲ့ Donald Trump တို့ ၂ ဦးစလုံးဟာ တရားဝင် သမ္မတကိုယ်စားလှယ်လောင်းတွေ ဖြစ်လာကြမှာပါ။

သမ္မတ Barack Obama ဟာ Hillary Clinton ရဲ့ ပြိုင်ဖက် အထက်လွှတ်တော်အမတ် Bernie Sanders နဲ့ သမ္မတ အိမ်ဖြူတော်မှာ ဒီကနေ့ ဒေသစံတော်ချိန် မနက် ၁၁ နာရီမှာ တွေ့ဆုံဖို့ရှိပြီး Sanders အနေနဲ့ Hillary Clinton ကို ထောက်ခံမှုပေးဖို့ တိုက်တွန်း ပြောကြားဖို့ ရှိသလို၊ သမ္မတ Obama ကိုယ်တိုင်ကလည်း အဲဒီ တွေ့ဆုံမှုအပြီးမှာ သမ္မတကိုယ်စားလှယ်လောင်း Hillary Clinton ကို ထောက်ခံကြောင်း ကြေညာဖို့ရှိတယ်လို့ သမ္မတအိမ်ဖြူတော်က သတင်းထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

Clinton ဒီမိုကရက် သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာမှုကို မြန်မာတွေကြိုဆို