အစ္စရေး-အီရန် တင်းမာမှု ပိုမဆိုးစေဖို့ တရုတ်ဆော်ဩ

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi

အစ္စရေးနဲ့အီရန်ကြားတင်းမာလာနေတာကို သတိကြီးကြီးထားပြီး အခြေအနေ ပိုဆိုးမသွားအောင် ရှောင်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက အစ္စရေးနဲ့အီရန်တို့ကို တနင်္လာနေ့ကတယ်လီဖုန်းနဲ့ ပြောကြားခဲ့ပါတယ်။

လက်ဘနွန်မှာရှိတဲ့ ကြားကာလ ကုလသမဂ္ဂတပ်ဖွဲ့ (UNIFIL) က တပ်သားတွေရဲ့ လုံခြုံရေးကို မထိခိုက်စေဖို့လည်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး Israel Katz နဲ့ ဖုန်းပြောဆို တိုက်တွန်းခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနထုတ်ပြန်ချက်မှာ ပြောပါတယ်။

ဂါဇာပဋိပက္ခမှာ ချက်ချင်း၊ ပြီးပြည့်စုံပြီး အမြဲတမ်းအပစ်ရပ်ဖို့လည်း မစ္စတာဝမ်ယီက ထပ်ပြောပါ တယ်။

ဟာမတ်စ်၊ ဟက်ဇ်ဘိုလာအဖွဲ့တွေကတဆင့် အီရန်က တိုက်ရိုက် ခြိမ်းခြောက်နေတာဖြစ်ပြီး အရှေ့အလယ်ပိုင်းမှာတည်ငြိမ်မှုကို မူလဘူတဖျက်နေတာ အီရန်ဖြစ်တယ်လို့ အစ္စရေးနိုင်ငံခြားရေး ဝန်ကြီး Katz က ဖုန်းပေါ်မှာ ပြန်ရှင်းလင်းခဲ့ပါတယ်။ တရုတ်က စစ်နဲ့ပတ်သက်ပြီး နှစ်ဘက်မျှတစွာ ပြောဖို့ မျှော်လင့်ကြောင်း မစ္စတာ Katz က ပြောပါတယ်။ စစ်အတွင်းမှာ တရုတ်အလုပ်သမား ၂၀,၀၀၀ လောက်ဟာ အစ္စရေးမှာ အလုပ်လုပ်နေကြတဲ့ အချက်ကိုလည်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက တရုတ်ကို မျှမျှတတဖြစ်ဖို့ ပြောဆိုရာမှာ ညွှန်းဆို ပြောကြားသွားခဲ့ပါတယ်။