ယူနန်−ကျောက်ဖြူ ရထားလမ်းစီမံကိန်းပြန်စဖို့ တရုတ်အစိုးရ စီစဉ်နေ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်

ကိုဗစ်အကန့်အသတ်တွေ ဖြေလျှော့ပြီးတဲ့နောက် တရုတ်နိုင်ငံဟာ သူ့ရဲ့ ရပ်ဝန်းနဲ့လမ်းမ စီမံကိန်းတွေထဲက ယူနန်ပြည်နယ်နဲ့ ချိတ်ဆက်မယ့် ရထားလမ်း စီမံကိန်းတွေကို ပြန်ပြီး စတင်လာနေပြီ ဖြစ်ပါတယ်။ ဒီထဲမှာ ယူနန်ပြည်နယ် ကူမင်းမြို့ကနေ ရှမ်းပြည်နယ် မူဆယ်မြို့၊ အဲဒီကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ချိတ်ဆက်မယ့် ရထားလမ်း စီမံကိန်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်အစိုးရပိုင် မီးရထားလုပ်ငန်းနဲ့ မြန်မာ့မီးရထားအပါအဝင် ပြည်တွင်းက သက်ဆိုင်ရာဌာနတွေက ရထားလမ်း ဆက်လက်လုပ်မယ့် ကိစ္စတွေကို ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော်က ပြောပြမှာပါ။

တရုတ်အစိုးရပိုင်ရထားလမ်း တည်ဆောက်ရေး လုပ်ငန်းနဲ့ ပြည်တွင်းက အုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာ့မီးရထားနဲ့ သဘာဝပတ်ဝန်းကျင် ဦးစီးဌာနတို့ မကြာသေးခင်က တွေ့ဆုံခဲ့ပြီး မူဆယ်- ကျောက်ဖြူ ရထားလမ်း ဆောက်လုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒီရထားလမ်းဟာ တရုတ်အစိုးရရဲ့ ရပ်ဝန်းနဲ့လမ်းမ စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ တရုတ် ဘေဂျင်း-ကူမင်း-ရွှေလီကနေ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်နဲ့ မန္တလေးကိုဖြတ်ပြီး ကျောက်ဖြူအထိ ဖောက်လုပ်သွားမယ့် ရထားလမ်းစီမံကိန်း ဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ မြန်မာဌာနဆိုင်ရာတွေ ဆွေးနွေးနေကြတဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု သုံးခုထဲမှာ မူဆယ်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းလည်း တခုအပါအဝင် ဖြစ်ပါတယ်။ ကိုဗစ်ကြောင့်ရပ်ဆိုင်းထားတဲ့ ဒီစီမံကိန်းတွေကို တရုတ်ဘက်က ပြန်ပြီး ဆွေးနွေးလာတာဖြစ်ကြောင်း မြန်မာ ပို့ဆောင်ဆက်သွယ်ရေးဌာန အကြီးပိုင်းအရာရှိတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" (အရင်က) OBOR ပေါ့နော် one belt, one road အဲဒီပြီးတဲ့အခါကြတော့ Belt and Road Initiative (BRI) ဒါမျိုးတွေ သွားနေတယ်ပေါ့။ သွားနေတဲ့အချိန် ကိုဗစ်နဲ့ တွေ့တဲ့အခါကြတော့ တို့တွေ တော်တော်များများ ရပ်တန့်သွားတယ်၊ ပြီးတော့ နောက်ပိုင်းမှာ တို့လုပ်နေတာ သုံးခုလောက်ရှိတယ်။ ဥပမာ Border Trade နဲ့ပတ်သက်တဲ့ ကော်မတီတခုရှိတယ်။ နောက်တခု Economic Corridor နဲ့ပတ်သက်တဲ့ ကော်မတီတခုရှိတယ် အဲလို၃ခုရှိတယ်။ အဲအောက်ထဲကမှ မီးရထားတို့ တခြားဟာတွေ ကားလမ်းတို့ အဲဟာတွေက လမ်းကြောင်းတခုခုထဲမှာ ပါနေမှာပေါ့။ အဲဒီတော့ နားလည်သလောက်ကတော့ ကျောက်ဖြူပြန်ပြီးတော့မှ လုပ်ချင်နေတယ် သူတို့နဲ့ကိုယ်နဲ့ ပြန်ညှိနေတယ်တို့ အဲလိုမျိုးတော့ သိတယ်။"

ရထားလမ်းအတွက် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်စစ်ခြင်းဆိုင်ရာ လုပ်ငန်းတွေလည်း ပြန်ပြီးလည်ပတ်ဖို့ သူတို့ ဆွေးနွေးခဲ့ကြတာပါ။ ကနဦးအနေနဲ့ မူဆယ်- မန္တလေးရထားလမ်းပိုင်းကို စတင်ဖို့ ဆွေးနွေးနေကြတာပါ။ ဒုတိယအဆင့် အနေနဲ့ မန္တလေးကနေ ရခိုင်ပြည်နယ် ကျောက်ဖြူအထိ ချိတ်ဆက်ဖို့ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၈.၉ ဘီလီယံ ကုန်ကျမယ်လို့ ခန့်မှန်းထားတဲ့ ဒီကူမင်း-ကျောက်ဖြူ ရထားလမ်းရဲ့ နှစ်နိုင်ငံနားလည်မှု စာချွန်လွှာ ပြင်ဆင်တာကို ၂၀၁၉ ခုနှစ်မှာ လုပ်ခဲ့တာပါ။ အဲဒီနောက် သမ္မတရှီကျင့်ပင် မြန်မာနိုင်ငံခရီစဉ်အတွင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်၃၃ခုထဲမှာ ဒီရထားလမ်းပိုင်း စီမံကိန်းတွေလည်း ပါခဲ့ပါတယ်။

တရုတ်နိုင်ငံက မြန်မာ့အရေး အထူးသံတမန် မစ္စတာ တိန့်ရှီဂျွမ်းနဲ့ မြောက်ပိုင်းလက်နက်ကိုင်တချို့ မကြာသေးခင်က တွေ့ဆုံရာမှာလည်း ပြည်တွင်းပဋိက္ခတွေ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စတွေကို ထည့်သွင်းခဲ့ကြတာပါ။ အဓိကတော့ မူဆယ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူဆိပ်ကမ်းအထိ ရထားလမ်းပေါက်ဖို့ ဖြစ်ပါတယ်။ မူဆယ်ရထားလမ်းကို ယူနန်ပြည်နယ်၊ ကူမင်းရထားလမ်းနဲ့ ချိတ်ဆက်ဖို့ တရုတ်အစိုးရက စီစဉ်ထားတာပါ။ ဒါဟာ တရုတ်အစိုးရရဲ့ အိန္ဒိထွက်ပေါက်ဖြစ်သလို မဟာဗျူဟာမြောက် ရေရှည်ရည်မှန်းချက် ဖြစ်ကြောင်း တရုတ်ရေးရာ လေ့လာသုံးသပ်သူ ဦးရဲထွန်းက ဗွီအိုအေကို ပြောပါတယ်။

" သူတို့ဖောက်မယ့် ရထားလမ်းက ဝမ်တိန်ဘက်ကလာမှာ။ မြောက်ဘက် ပေါက်ဆမ်းကနေပြီးတော့ ရွှေလီ၊ ရွှေလီကနေ မူဆယ်၊ မူဆယ်ကနေ (ကျောက်ဖြူ)။ အဲဒီကဟာက နှစ်နိုင်ငံ သဘောတူထားပြီးသား ရှိတယ်။ စီမံကိန်က ဆက်ရှိနေတယ်၊ လုပ်မှာပဲသူက။ ဒီနှစ်နိုင်ငံနယ်စပ်မှာ ဖြစ်နေတဲ့ အခု လက်နက်ကိုင် ပဋိပက္ခတွေကအစပေါ့နော် ဒီနှစ်နိုင်ငံရဲ့ ပတ်သက်နေတဲ့ အကျိုးစီးပွားတွေက အများကြီးရှိတယ်။ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့အရေးက သူတို့အရေးလောက်နီးပါး အရေးကြီးတာပေါ့နော်။"

တရုတ်အစိုးရဟာ အခုနှစ်စမှာ ကိုဗစ်အကန့်အသတ်တွေကို ဖြေလျှော့လိုက်ပြီး စီးပွားရေး ပြန်တိုးတက်ဖို့ အဓိက အာရုံစိုက်လာကြောင်း နယ်စပ်ကုန်သည်တွေက ဗွီအိုအေကို ပြောပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်လိုက်တာကြောင့် ယူနန်ပြည်နယ်၊ တယ်ဟုန်ပြည်နယ်ခွဲရဲ့ နယ်စပ်စီးပွားရေးက တည်တည်ငြိမ်ငြိမ်ပဲ တိုးတက်လာနေတယ်လို့ တရုတ်သတင်းတွေက ရေးသားကြပါတယ်။

တရုတ်နိုင်ငံဟာ လာအိုနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ရထားခရီးစဉ်ကို မနှစ်က စတင်ပြေးဆွဲခဲ့ပါတယ်။ ဒီရထားကွန်ရက်ဟာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ စတဲ့နိုင်ငံတွေနဲ့ ကုန်သွယ်ရေး ကွန်ရက်တခုတည်းဖြစ်ကြောင်း လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဌာနက မတ်လ၃ရက်မှာ သတင်း ထုတ်ပြန်ခဲ့တာပါ။ အခုနှစ်မေလကုန်မှာလည်း တရုတ်-လာအို-ထိုင်း ရထားခရီးစဉ်ကို စတင်ပြေးဆွဲတော့မယ်လို့ တရုတ်သတင်းတချို့က ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ယူနန်−ကျောက်ဖြူ ရထားလမ်းစီမံကိန်းပြန်စဖို့ တရုတ်အစိုးရ စီစဉ်နေ