ရှီကျင့်ပင် တတိယအကြိမ် သမ္မတတာဝန်ယူ 

သမ္မတရာထူးသက်တမ်း တတိယအကြိမ်အဖြစ် ရှီကျင့်ပင် ကျမ်းသစ္စာကျိန်ဆို (မတ် ၁၀၊ ၂၀၂၃)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ တရုတ်ပြည်သူ့ ကွန်ဂရက် ညီလာခံမှာ သမ္မတရှီကျင့်ပင် နောက်ထပ်သမ္မတ သက်တမ်း ၅ နှစ်အတွက် မဲပေးခန့်အပ်လိုက်တာကြောင့် တသက်တာ သမ္မတသက်တမ်းဆက်ယူသွားဖို့ လမ်းဖွင့်ပေးရာ ရောက်ခဲ့ပါတယ်။ တတိယအကြိမ် သမ္မတသက်တမ်း တာဝန်ယူမယ့် သမ္မတရှီက တရုတ်နိုင်ငံနဲ့ ပြည်သူတွေအရေးကို ရှေ့ရှုပြီး ခေတ်မှီအင်အားကြီးတဲ့နိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

“တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့အညီ သမ္မတတာဝန်တွေကို သစ္စာရှိရှိ ထမ်းဆောင်သွားမယ့် အကြောင်း သမ္မတ ရှီကျင်းပင် ဒီကနေ့ ကျမ်းကျိန်သွားတာပါ။ သာယာဝပြောပြီး ဒီမိုကရေစီနည်းလမ်းတကျနဲ့ ယဉ်ကျေး ဟန်ချက်ညီတဲ့ နိုင်ငံအဖြစ် ခေတ်မှီပြီး အင်အားကြီးတဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်အောင် ကြိုးစားသွားမယ်လို့လည်း ကတိပြုသွားပါတယ်။ စီးပွားရေးအရ စိန်ခေါ်မှုတွေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာမှု ပိုမိုဆိုးရွားနေတဲ့အပြင် တခြားသော စိန်ခေါ်မှု အကျပ်အတည်းတွေ ရှိနေချိန်မှာ အသက် ၆၉ နှစ်ရှိပြီဖြစ်တဲ့ သမ္မတရှီ တတိယအကြိမ် သမ္မတတာဝန်ယူဖို့ တရုတ် ပြည်သူ့ကွန်ဂရက်ညီလာခံမှာ ကန့်ကွက်သူမရှိ ဒီကနေ့ သောကြာနေ့မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

တရုတ်ပြည်သူ့ကွန်ဂရက်ညီလာခံ (မတ် ၁၀၊ ၂၀၂၃)

ရှီဟာ သမ္မတသက်တမ်းနှစ်ကြိမ်အတွင်း ကွန်မြူနစ်ပါတီရဲ့ ထိပ်ပိုင်း ရာထူးနေရာတွေကို သူ့အပေါ် သစ္စာခံသူတွေကိုပဲ နေရာပေးခဲ့ပြီး အတိုက်အခံ ဖြစ်လာနိုင်သူတွေကို ဘေးဖယ်ထားခဲ့တာပါ။ ၅ နှစ်တကြိမ် ရွေးချယ် တင်မြှောက်တဲ့ ပါတီခေါင်းဆောင်နေရာမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ရှီကို တတိယအကြိမ် ပါတီခေါင်းဆောင်အဖြစ် ပြန်ရွေးချယ်ခဲ့ချိန်ထဲက သူ့ကိုသမ္မတအဖြစ် ထပ်ရွေးချယ်လိမ့်မယ်လို့ အကဲခတ်တွေက ခန့်မှန်းထားခဲ့ကြပြီးသားဖြစ်ပါတယ်။

အရင်က တရုတ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တရုတ် သမ္မတတယောက်အနေနဲ့ သမ္မတ သက်တမ်း ၂ ကြိမ်သာ ထမ်းဆောင်ခွင့် ပြုထားပေမဲ့ သမ္မတရှီ လက်ထက် ၂၀၁၈ ခုနှစ်မှာ ဒီဥပဒေကို ပြင်ဆင် ပြန်ဌာန်းခဲ့တာ ဖြစ်ပါတယ်။ သမ္မတရှီကျင့်ပင်ဟာ သမ္မတရာထူးအပြင် ကွန်မြူနစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးရာထူးနဲ့ ကာကွယ်ရေးပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ စစ်ဘက်ဆိုင်ရာ ဗဟိုကော်မရှင်ရဲ့ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူထားပါတယ်။

Your browser doesn’t support HTML5

ရှီကျင့်ပင် တတိယအကြိမ် သမ္မတတာဝန်ယူ

Your browser doesn’t support HTML5

ရှီကျင့်ပင် တတိယအကြိမ် သမ္မတတာဝန်ယူ