အမေရိကန်နဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး ယိုယွင်းလာနေပြီး၊ ထိုင်ဝမ်ကို အားပေးထောက်ခံနေတဲ့အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang က နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူပြီး ပထမဆုံးအကြိမ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ကို ဝေဖန်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲမှာ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းမှုတွေကို အမေရိကန်က သေးသိမ်အောင်လုပ်နေပြီး၊ ပဋိပက္ခကနေ အမြတ်ထုတ်ဖို့ လုပ်နေတယ်လို့လည်း စွပ်စွဲခဲ့တာပါ။ အမေရိကန်ရဲ့ တရုတ်နိုင်ငံဆိုင်ရာ မူဝါဒဟာ ဆင်ခြင်ပိုင်းခြားမှုတွေကနေ သွေဖီနေပြီလို့လည်း နှစ်ပတ်လည် လွှတ်တော်ညီလာခံ ကျင်းပနေချိန် သီးသန့်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ တရုတ်နိုင်ငံကို ဖက်ပေါင်းစုံက ထိန်းချုပ်ဖိနှိပ်ဖို့ အမေရိကန်က ရည်ရွယ်နေပြီး၊ ၂ ဖက်စလုံး အကျိုးမရှိတဲ့ အခြေအနေကို ရောက်နေတယ်လို့လည်း ပြောပါတယ်။ အမေရိကန်အနေနဲ့ အရှိန်မသတ်ဘဲ လမ်းလွဲအတိုင်း ဆက်လိုက်နေမယ်ဆိုရင် လမ်းချော်ပြီး၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ ကြုံရလိမ့်မယ်လို့လည်း သတိပေးခဲ့တာပါ။
ယူကရိန်းအပေါ် ရုရှားကျုးကျော်စစ်၊ ထိုင်ဝမ်ကျွန်းအရေး၊ လူ့အခွင့်အရေးနဲ့ နည်းပညာစတဲ့ ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲမှုတွေကြောင့် ၂ နိုင်ငံ ဆက်ဆံရေး အနိမ့်ဆုံးဖြစ်နေချိန်မှာ တရုတ်နိုင်ငံက ပျော့ပြောင်းတဲ့ သံတမန်ရေး နည်းလမ်းကို ပြောင်းလဲလိမ့်မယ်လို့ ခန့်မှန်းနေချိန်မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးသစ်ရဲ့ အမေရိကန်အပေါ် ပြင်းထန်တဲ့ မှတ်ချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဝါရှင်တန်မှာ သံအမတ်ကြီးအဖြစ် ခေတ္တတာဝန်ယူခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာပဲ Qin ကို နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။