အမေရိကန်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ဖို့နဲ့ ခိုင်မြဲတည်တံတဲ့ဖွံဖြိုးမှုလမ်းကြောင်းကို ပြန်သွားနိုင်ရေး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားဖို့ ကြိုးစားနေတယ်လို့ ဝါရှင်တန်ဒီစီကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ကြာသပတေးနေ့မှာ ဝါရှင်တန်ဒီစီကို ရောက်လာပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ဒီခရီးစဉ်အတွင်းမှာတော့ အမေရိကန်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒေသတွင်း လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဝန်ကြီး Wang Yi ရဲ့ ဒီခရီးစဥ်ဟာ နောက်လထဲ အမေရိကန်-တရုတ် နိုင်ငံ့ခေါင်းဆောင် (၂) ဦး တွေ့ဆုံဖွယ်ရှိတဲ့ အစည်းအဝေး မတိုင်ခင် ရောက်လာတာပါ။
Wang Yi ရဲ့ ခရီးစဥ်က နှစ်နိုင်ငံကြား ဆက်ဆံရေးပြေလည်စေဖို့အတွက် အခရာ ကျတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ Adrienne Watson ရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြပါတယ်။
ဝန်ကြီး Wang Yi ကို အမေရိကန်နိုင်ငံခြားရေးဌာနမှာပဲ ဝန်ကြီး Antony Blinken က ကြာသပတေးနေ့ လက်ခံတွေ့ဆုံပြီး ညစာ အတူစားကြမှာပါ။ သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan ကလည်း ဝန်ကြီး Wang Yi နဲ့ အိမ်ဖြူတော်ရဲ့ ဧည့်ဂေဟာ Blair House မှာ သောကြာနေ့ တွေ့ဆုံဖို့ ရှိပါတယ်။ ဝန်ကြီး Wang Yi ဟာ သမ္မတ Joe Biden နဲ့လည်း သောကြာနေ့မှာ တွေ့ဆုံမယ်လို့ မျှော်လင့်ရပါတယ်။
ဒီအတောတွင်း မှားယွင်းစွာ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသားတွေကို တရုတ်အစိုးရက ပြန်လွှတ်ပေးဖို့ အမေရိကန်လွှတ်တော်ပိုင်းက တောင်းဆိုလိုက်ပြီး တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်စစ်တပ်ရဲ့ ရန်လိုတဲ့လှုပ်ရှားမှုအပေါ်မှာလည်း ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင်ဝန်ကြီး Wang Yi နဲ့ တွေ့ဆုံချိန်မှာ တရုတ်တို့ရဲ့ ကတိအတုအယောင်တွေကို ယုံလွယ်ပြီး သဘောတူညီမှု ယူလိုက်တာမျိုးမလုပ်မိစေဖို့ အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Michael McCaul နဲ့ အင်ဒိုပစိဖိတ်ဒေသဆိုင်ရာ ကော်မတီခွဲ အမျိုးသမီးဥက္ကဋ္ဌ Young Kim တို့ရဲ့ ပူးတွဲ ကြေညာချက်မှာ ဖေါ်ပြပါတယ်။
တလောက တောင်တရုတ်ပင်လယ်အတွင်း တရုတ်စစ်သင်္ဘောတွေ ဖိလစ်ပိုင်သင်္ဘောနားကပ်လာတဲ့ကိစ္စမှာ အမေရိကန်က ဖိလစ်ပိုင်ဘက်က ရပ်တည်ကြောင်း ပြခဲ့ပါတယ်။ တရုတ်နိုင်ငံတွင်းမှာ တရားလက်လွတ်ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား (၂၀၀) လောက်ရှိမယ်လို့ ဆန်ဖရန်စစ္စကို အခြေစိုက် လူသားချင်စာနာမှုအဖွဲ့ _ ဒွီဟွာ Dui Hua Foundation က ပြောပါတယ်။ တရုတ်အမေရိကန်ကြား ဆက်ဆံရေးတင်းမာနေတာကို ပြေလျော့စေဖို့ သွားခဲ့တဲ့ တရုတ်ခရီးစဥ်အတွင်း ဇွန်လ (၁၉)ရက်နေ့တုန်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ကို တရုတ်သမ္မတ Xi Jinping က ဘေဂျင်းမြို့မှာ (၃၅)မိနစ်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
Your browser doesn’t support HTML5