မြန်မာနိုင်ငံက အလုပ်သမားတွေကို တရုတ်နိုင်ငံကို MoU သဘောတူညီမှုနဲ့ တရားဝင် စေလွှတ်နိုင်ဖို့ မြန်မာဌာနဆိုင်ရာနဲ့ တရုတ်တာဝန်ရှိသူတွေ ဆွေးနွေးနေကြောင်း နှစ်နိုင်ငံနယ်စပ်က လုပ်ငန်းရှင်အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။ အလုပ်သမား တရားဝင်စေလွှတ်ဖို့ စဉ်းစားနေတယ်ဆိုတာကို မြန်မာအလုပ်သမားရေးဌာနက မငြင်းပေမဲ့ လတ်တလော အသေးစိတ် မပြောဆိုနိုင်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုဝင်းခန့်မောင်က တင်ပြပေးပါမယ်။
တရုတ်နယ်စပ်က ဝင်လာတဲ့ မြန်မာ အလုပ်သမားတွေကို ဌာနဆိုင်ရာချင်း တရားဝင် အလုပ်ခန့်စာနဲ့ ခန့်အပ်သွားဖို့ နှစ်နိုင်ငံ စပြီး ဆွေးနွေးနေကြောင်း မူဆယ်နယ်စပ်က လုပ်ငန်းရှင်တွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလိုသာ တကယ်ဖြစ်လာမယ်ဆိုရင် တရုတ်-မြန်မာ လုပ်သားစေလွှတ်မှု ပထမဆုံး ဖြစ်လာမှာပါ။ မြန်မာအလုပ်သမားရေးဌာနက အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း ကတော့ ဒီကိစ္စကို မငြင်းပေမဲ့ လက်တလောမှာ နှစ်နိုင်ငံ သဘောတူညီမှုတွေ ဘယ်လိုရှိတယ်ဆိုတာ ဘာမှ မပြောနိုင်သေးကြောင်း ဗွီအိုအေကို ပြောပါတယ်။
"လုပ်ဖို့တော့ ရည်ရွယ်ချက်တော့ ရှိပါတယ်၊ သို့သော် ဘာမှ မစရသေးဘူး ပြောတာပါ။ မပြောနိုင်သေးဘူးပေါ့နော် agreement က ဘာဆိုတာ။ ဘာမှ မဆွေးနွေးရသေးတော့ ကျနော်တို့လည်း ဘာမှ မပြောရသေးဘူး။"
လက်ရှိမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နယ်စပ် ဂိတ်ကနေ နယ်စပ်ဖြတ်ကျော် စာအုပ်အနီတွေ လုပ်ပြီး တရုတ်နိုင်ငံထဲမှာ မြန်မာတွေ အလုပ်လုပ်နေကြတာပါ။ တရုတ်အစိုးရက လုပ်သားလိုအပ်ချက်ကြောင့် တရားမဝင် နေထိုင်၊ အလုပ်လုပ်နေတာကို မျက်ကွယ်ပြုထားပါတယ်။ စာအုပ်အနီ ပြုလုပ်တာကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့က ဒေသခံတွေကိုပဲ မြန်မာဘက်က ဦးစားပေးပြီး လုပ်ပေးတဲ့အတွက် ဒီစာအုပ်အနီကိုရဖို့ လာဘ်ပေးရတာကြောင့် လူတယောက်ကို မြန်မာငွေ သိန်း၂၀ ကျော်၊ ၃၀ နီးပါး ကုန်ကျနေပါတယ်။
တရားဝင် နားလည်မှုစာချွန်လွှာ သဘောတူညီချက် MoU ဖြစ်ဖြစ်၊ တရုတ်ဘက်က နယ်စပ်ဖြတ်ကျော်မှု ကန့်သတ်ချက်တွေကို လျှော့ပေါ့လာရင်ဖြစ်ဖြစ် ဒီကုန်ကျစရိတ်တွေ သက်သာသွားနိုင်ကြောင်း မူဆယ်နယ်စပ်က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။
"တကယ်လို့ အဲလိုသာ စီစဉ်ပေးရင်တော့ အကုန်လုံး အဆင်ပြေတာပေါ့ဗျာ။ မဟုတ်လို့ကတော့ အခုကတော့ တယောက်ကို ၂၀ နဲ့ ၃၀ ကြားမှာ ကုန်ကျတယ်။ ဒါပေမဲ့ တကယ်လုပ်ချင်တဲ့သူက သွားတော့ သွားနေကြတာပဲ အဲ့ဒီရက်ပိုင်းက။ အဲ့ဒီသတင်းတွေ ထွက်လာပြီးနောက်ပိုင်း ကျပ်တယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ အဲ့လိုကျပ်လေ ပိုက်ဆံပိုပေးရလေ၊ ပိုက်ဆံပို များများရလေ။ အဲ့လိုပဲ သိထားတယ်။"
ဒီနေ့ စက်တင်ဘာလ ၄ ရက် နေ့လည် ၁၂ နာရီမှာတော့ တရုတ်နိုင်ငံ၊ ရွှေလီမြို့ထဲကို အလည်အပတ် သွားနိုင်တဲ့ ၇ ရက်၊ ၆ ညအိပ် တခါသုံး ဝင်ထွက်ခွင့် ကတ်တွေကို မူဆယ်မြို့ နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်၊ မန်ဝိန်းဂိတ်မှာ မြန်မာဘက်ကစပြီး ထုတ်ပေးနေပါတယ်။မှတ်ပုံတင်ရှိတဲ့သူတိုင်း ကတ်တခုကို မြန်မာကျပ်ငွေ ၂,၀၀၀ ကျပ်နဲ့ လုပ်ခွင့်ရနေပါတယ်။ အခုလို စျေးသက်သက်သာသာနဲ့ ခွင့်ပြုပေးလိုက်တဲ့အတွက် အရင်လို စာအုပ်အနီလုပ်ရင် ကုန်ကျနိုင်တဲ့ ကိစ္စတော့ နောက်ပိုင်းမှာ မရှိနိုင်တော့ပါဘူး။
တရုတ်ယူနန်ပြည်နယ်က လက်ရှိမှာ အခြေခံအလုပ်သမား လိုအပ်ချက် များနေတဲ့အတွက် မြန်မာအလုပ်သမားတွေအပေါ် အရင်က ကန့်သတ်ထားတာတွေကို ဖြေလျှော့နိုင်တယ်လို့လည်း မူဆယ်ဒေသခံတွေက ခန့်မှန်းထားကြပါတယ်။
Your browser doesn’t support HTML5