သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တွေ နယ်စပ်အရေး ဆွေးနွေး


BRICS အစည်းအဝေးမှာအတူတွေ့ရတဲ့ တရုတ်သမ္မတ Xi Jinping နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (သြဂုတ် ၂၄၊ ၂၀၂၃)
BRICS အစည်းအဝေးမှာအတူတွေ့ရတဲ့ တရုတ်သမ္မတ Xi Jinping နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi (သြဂုတ် ၂၄၊ ၂၀၂၃)

တရုတ်နဲ့ အိန္ဒိယခေါင်းဆောင်တွေ နှစ်နိုင်ငံ နယ်စပ်အရေး ပြည်ပမှာ ဖြစ်တောင့်ဖြစ်ခဲ ပွင့်လင်းနက်ရှိုင်းစွာ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်သမ္မတ Xi Jinping နဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi တို့ဟာ တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ BRICS ခေါ် စီးပွားရေးထွန်းသစ်စနိုင်ငံများအဖွဲ့ ထိပ်သီး ဆွေးနွေးပွဲပြင်ပမှာ နယ်စပ်တင်းမာမှုလျှော့ချရေး မနေ့ ဩဂုတ်လ ၂၄ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ တရုတ်နိုင်ငံက သတင်းထုတ်ပြန်ပါတယ်။

တရုတ် သမ္မတ Xi က တရုတ်-အိန္ဒိယဆက်ဆံရေး တိုးမြှင့်မှုဟာ နှစ်နိုင်ငံပြည်သူတွေရဲ့ ဘုံ အကျိုးစီးပွား ဖြည့်ဆည်းပေးရာရောက်တာကို အလေးထားပြောခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးပြောခွင့်ရက ဒီနေ့ပဲ ပြောလိုက်တာပါ။ ၂၀၂၀ ခုနှစ်တုံးက နှစ်ဖက်အသေအကျေရှိခဲ့တဲ့ ဟိမဝန္တာနယ်စပ်တိုက်ပွဲအပြီး ဆက်ဆံရေး အဆိုးဆုံး ကျဆင်းသွားခဲ့ရာကနေ အခုဖြစ်လာတဲ့ ဒီ တရုတ်နဲ့အိန္ဒိယခေါင်းဆောင်အဆင့် ဆွေးနွေးမှုဟာ ပွင့်ပွင့်နက်ရှိုင်းမှု ရှိခဲ့တယ်လို့လည်း တရုတ်နိုင်ငံခြားပြောခွင့်ရက ဆက်ပြောခဲ့ပါတယ်။

ဒီနယ်စပ်တိုက်ပွဲမှာ အိန္ဒိယစစ်သား ၂၀ နဲ့ တရုတ်စစ်သား ၄ ဦး သေခဲ့ရအပြီး၊ ၂ ဖက်တပ်ခေါင်းဆောင်တွေ ၁၉ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့၊ တင်းမာနေမှုတွေ လျော့ကျမသွားဘဲ ဒီ ကမ္ဘာ့လူဦးရေအများဆုံး နှစ်နိုင်ငံက စစ်သား သိန်းချီနယ်စပ်မှာ ဆက်ချထားခဲ့ရပါတယ်။ ဝန်ကြီးချုပ် Modi အနေနဲ့ ဒီ ၂၀၂၀ ခုနှစ်က တိုက်ပွဲဖြစ်ခဲ့တဲ့ ဟိမဝန္တာဒေသက အိန္ဒိယရဲ့ Ladakh နဲ့ တရုတ်ပိုင်နက်အကြား နယ်စပ်လိုင်းတလျှောက် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို အလေးထား ပြောခဲ့တယ်လို့ အိန္ဒိယနိုင်ငံခြားရေးအတွင်းဝန် Vinay Kwatra က ထုတ်ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကလည်း နှစ်နိုင်ငံဆက်ဆံရေးဘုံအကျိုးစီးပွားကို ဦးထိပ်ပန်ပြီး ဒီနယ်စပ် ပြဿနာတွေကို မှန်မှန်ကန်ကန် ကိုင်တွယ်သွားမှသာ၊ ငြိမ်းချမ်းရေးကို ပူးတွဲထိန်းသိမ်းနိုင်မှာဖြစ်တယ်လို့ ဆက်ပြောခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG