တရုတ်- မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းအတွင်း မူဆယ်မြို့နယ် မြန်မာဘက်ခြမ်းကနေ ဆင်ဖြူဈေးကော်မတီရုံး တည်ဆောက်တာကို တရုတ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ကနေ ဒီကနေ့ ဝင်ရောက်တားမြစ်ခဲ့ပါတယ်။ ကြိုတင်အကြောင်း ကြားတာမရှိဘဲ လက်နက်နဲ့ ဝင်ရောက်တားမြစ်တဲ့အပေါ် နှစ်နိုင်ငံ သံတမန်နည်းအရ တရုတ်အစိုးရကိုကန့်ကွက် ထားတယ်လို့ဒေသခံမြန်မာ အစိုးရ တာဝန်ရှိသူတွေ ကပြောပါတယ်။ နှစ်နိုင်ငံ နယ်စပ်မျဉ်း အတွင်း အဆောက်အဦ တွေအခိုင်အမာဆောက်လုပ်တဲ့ အပေါ် တရုတ်ဒေသခံ အာဏာပိုင်ဘက်က တားမြစ်တာဖြစ်တယ်လို့ ယူဆကြောင်း လဲပြောဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် တရုတ်မြန်မာနယ်စပ်အနီးမှာ မူဆယ်မြို့နယ် ဆင်ဖြူဈေးကော်မတီရုံး ဆောက်တာကို ဒီမနက်မှာ တရုတ်လက်နက်ကိုင်တပ်ဖွဲ့ ကနေ ဝင်ရောက်တားဆီးခဲ့တာပါ။ ဒီလိုတားဆီးတဲ့အတွက် နှစ်နိုင်ငံသံတမန်နည်းအရ တရုတ်အစိုးရကို ကန့်ကွက်ထားတယ်လို့ မူဆယ်ခရိုင်ဒုအုပ်ချုပ်ရေးမှူး ဦးဥက္ကာ ကပြောပါတယ်။
"မနက်ကကျွန်တော်တို့ဒီဆင်ဖြူဈေး မြန်မာဘက်ကနေပြီးတော့ ဈေးခေါင်းရုံး အဆောက်အဦဆောက် လုပ်တာနဲ့ ပက် သက်ပြီးတော့ တရုတ်ဘက်ကနေပြီးတော့ လာရောက်ကန့်ကွက်တာရှိပါတယ်။ အင်အားကတော့ သူတို့ (၁၄) (၁၅) အဲဒီပတ်ချာလောက်ရှိမှာပါ။ ရုံးဆောက်တာကတော့ ကျွန်တော်တို့မြန်မာဘက်ခြမ်း မှာဆောက်တာပေါ့။ လာကန့် ကွက်တဲ့အပိုင်းမှာ နှစ်နိုင်ငံနယ်စပ်ကို သတ်မှတ်ထားတဲ့ဟာနဲ့ မကိုက်ညီဘူးဆိုရင်သူတို့ ကန့်ကွက်ပိုင်ခွင့်တော့ ရှိ ပါတယ်။ သို့သော်လဲဘဲ ခုနက လက်နက်ကိုင်အဖွဲ့တို့ ဘာတို့ ဒီလိုလာရောက် ပါခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ကြိုတင်အကြောင်းကြားပြီးခွင့်ပြုချက်ယူရပါတယ်။ အခုတော့သူတို့အကြောင်းကြားခြင်းမရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ကတော့နှစ်နိုင်ငံသံတမန်နည်းအရ ကန့်ကွက်စာပေးပို့ပြီးဖြစ်ပါတယ်ခင်ဗျ။"
ဒီကနေ့မနက် ၈ နာရီလောက်က ရှမ်းပြည်နယ်မြောက်ပိုင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့နယ်အတွင်းက ဆင်ဖြူ ပေါက်နားနယ်စပ်ဂိတ်ပေါက်မှာ ဈေးကော်မတီရုံးတည်ဆောက်တာကို တားမြစ်မှုဖြစ်ပွားခဲ့တာပါ။ အဆောက်အဦးဟာ သတ်မှတ်နယ်နမိတ်ထက်ကျော်ပြီး နှစ်နိုင်ငံနယ်စပ်စည်းနဲ့သိပ်ကပ်နေလို့ တားမြစ်တာလို့ ယူဆတဲ့အကြောင်း ဦးဥက္ကာကဆက်ပြောပါတယ်။
"အကြောင်းပြတာကတော့ ကျွန်တော်တို့နှစ်နိုင်ငံနယ်စပ်မျဉ်းရဲ့ (၁၀) မီတာအတွင်းမှာ ဒါ တဖက်နဲ့တဖက်အခိုင်အမာ အဆောက်အဦမဆောက်လုပ်ရဘူးလို့ကျွန်တော်တို့သဘောတူညီချက်ရှိပါတယ်။ သူတို့အနေနဲ့ကျွန်တော်တို့(၁၀) မီတာအတွင်း ကျရောက်နေတယ်လို့ယူဆလို့လာရောက်ကန့်ကွက်တယ်လို့ အဲဒီလိုဘဲယူဆပါတယ်။"
နှစ်နိုင်ငံနယ်စပ်မျဉ်းအနားမှာ ခိုင်မာတဲ့အဆောက်အဦမဆောက်လုပ်ဖို့ တရုတ်ဘက်ကလာရောက် တားမြစ်ခဲ့တာ ဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွနဲ့အတူ တင့်ကားအပေါ့စား ၃ စီးလည်းပါဝင်ခဲ့ပါတယ်။ တင့်ကားတွေကိုတော့ တရုတ် ဘက်ခြမ်းမှာရပ်ထားတယ်လို့ဒေသခံတွေကပြောပါတယ်။
လောလောဆယ် မြန်မာအာဏာပိုင်တွေဘက်က ဈေးကော်မီတီအဆောက်အအုံဆောက်တဲ့လုပ်ငန်းကို ယာယီရပ် ဆိုင်းထား ခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ်အနား ဈေးကော်မီတီရုံးဆောက်လုပ်နေမှုနဲ့ပက်သက်လို့ မူဆယ်မြို့ခံ ရှမ်းစာပေနဲ့ယဉ်ကျေးမှု ကော်မီတီအတွင်းရေးမှူး စိုင်းမြတ်အောင်က အခုလိုအမြင်သဘောထားပေးပါတယ်။
"သူက နှစ်နိုင်ငံနယ်စပ်လဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ နယ်စပ်ဆိုတော့ သူတို့ကဘယ်လောက်မီတာ သတ်မှတ်ထား တာလေ။ သူတို့ကအားလုံးကဆောက်ထားတယ်ဆိုတော့ အဲတာကိုယ့်ဘက်ကလဲနဲနဲ လိုနေတာပေါ့နော်။ အခိုင်အမာ အဆောက်အဦးတွေမဆောက်ရဘူးလေ။"
ဒီအောက်တိုဘာလဆန်းပိုင်းကလည်း မူဆယ်မြို့နယ် မန်ဟီးရိုးမြို့နယ်ခွဲအတွင်းမှာ တရားမဝင် ဝင်ထွက်သွား လာနေတဲ့လမ်းတွေကို တရုတ်နယ်မြေခံအာဏာပိုင်တွေကနေ မြောင်းတူးဖေါ်ခဲ့တယ်လို့ စိုင်းမြတ်အောင်က ပြောပါတယ်။
"မန်ဟီးရိုးနဲ့မျက်နှာချင်းဆိုင်ကအင်ဂျင်းပေါ့။ ပြီးတော့ကောက်ကွတ်နဲ့ တရုတ်ပြည်ဘက်ခြမ်းကိုထိစပ်နေတာက ကောင်းဆောင်ပေါ့။ သူတို့ကအဝင်ထွက်သွားလာနေကြအဲဒီမှာ။ သူတို့(တရုတ်)နယ်မြေထဲမှာဘဲ ထိစပ်တဲ့နေရာ မှာဘဲသူတို့မြောင်းတူးလိုက်တာ။ သွားလို့မရအောင် မှောင်ခိုလေးတွေ မြို့ဘက်မဝင်အောင်ပေါ့။ ဒီရွာက သွားလာ နေတဲ့ရွာတွေက နဲနဲအခက်တွေ့သွားတာပေါ့။"
မူဆယ်မြို့ဟာ တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့မြို့ဖြစ်ပြီး တရားမဝင်မှောင်ခို ရောင်းဝယ်တာတွေ မရှိအောင် တရုတ်အစိုးရ က ကြိုးပမ်းနေပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း (ကြူကုတ်) နဲ့မုံးကိုး လမ်းပေါ်မှာရှိတဲ့ မြန်မာပိုင်နက် ဖိုင်းကောင်း ကျေးရွာအတွင်းကို လုံခြုံရေးဝတ်စုံတွေဝတ်ဆင်ထားတဲ့ တရုတ်အဖွဲ့ဝင်ရောက်လာပြီး မြေတွေဘက်ဟိုးနဲ့တူးပြီးခြံစည်းရိုးခတ်ဖို့လုပ်ဆောင်တဲ့အတွက် ဒေသခံတွေနဲ့ မြန်မာအာဏာပိုင်အဖွဲ့တွေက ကန့် ကွက်ခဲ့ကြပါတယ်။
Your browser doesn’t support HTML5