သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးစစ် မြန်မာကို ဘယ်လိုသက်ရောက်မလဲ


အမေရိကန်နဲ့ တရုတ်ကြား အပြန်အလှန် သွင်းကုန်ခွန်တွေ တိုးမြှင့်ကောက်ခံ နေကြတဲ့ ကုန်သွယ်ရေး စစ်ပွဲ အတွင်း အရှေ့တောင် အာရှ နိုင်ငံတွေရဲ့ စီးပွားရေးမှာတော့ အမြတ်ထွက်နိုင်တယ်လို့ အာရှ ဖွံ့ဖြိုးရေးဘဏ် ADB က ခန့်မှန်းထားပါတယ်။ တရုတ်နိုင်ငံတွင်းက စက်မှုလုပ်ငန်းတွေ ရွှေ့လာနိုင်သလို ဈေးတက်လာမယ့် အမေရိကန် ကုန်ပစ္စည်းတွေ နေရာမှာ အစားထိုး တင်ပို့နိုင်ရင် အကျိုးရှိနိုင်မယ်လို့ စီးပွားရေး အဝန်းအဝိုင်းကလည်း ခန့်မှန်းနေကြတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်ရှိ အခင်းအကျင်း အရတော့ အမြတ်ထွက်နိုင်တဲ့ အလားအလာ နည်းပါတယ်လို့လည်း သုံးသပ်ကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

အမေရိကန်ဘက်က တရုတ် သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်ပြီး တရုတ်ဘက်ကလည်း လက်တုံ့ပြန်နေတဲ့ အမေရိကန် တရုတ်ကုန်သွယ်ရေး စစ်ပွဲကြောင့် လာမယ့်နှစ်မှာ တရုတ်ရဲ့ ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP ကျသွားမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် ADB က ဒီကနေ့ ခန့်မှန်းချက်မှာ ဖော်ပြပါတယ်။ ဒါပေမယ့် တရုတ် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲမှာ အရှေ့တောင် အာရှ အာဆီယံ နိုင်ငံတွေ အမြတ်ထွက်နိုင်တယ်လို့ ADB ရဲ့ အကြီးတန်း စီးပွားရေး ပညာရှင် Joseph Zveglich က ဗွီအိုအေကို ပြောပါတယ်။

"တဖက်မှာလည်း ဒီ ကုန်သွယ်ရေး စစ်ပွဲကြောင့် ဒေသတွင်းက နိုင်ငံတချို့ အတွက်တော့ တမျိုးတဖုံ ဖြစ်နိုင်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံများ အာဆီယံ စီးပွားရေး မှာတော့ အမြတ်ထွက်နိုင်ပါတယ် "လို့ ပြောဆိုသွားတာပါ။

တရုတ်နဲ့ အမေရိကန်ကြား အပြန်အလှန် သွင်းကုန်တွေ အပေါ် အခွန်တိုးကောက်လိုက်တာကြောင့် နှစ်နိုင်ငံ ပို့ကုန်တွေ ဈေးကြီးသွားစေတာပါ။ တရုတ် အနေနဲ့ နိုင်ငံတွင်းက ကုန်ထုတ်လုပ်ငန်းတွေကို တခြားနိုင်ငံတွေကို ပြောင်းရွှေ့ ထုတ်လုပ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပေမယ့် မြန်မာနိုင်ငံကို ရောက်လာနိုင်တဲ့ အလားအလာက ဘယ်လောက် ရှိပါသလဲ။ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းကတော့ လက်ရှိ မြန်မာနိုင်ငံ အခင်းအကျင်းက မကောင်းသေးဘူးလို့ သုံးသပ်ပါတယ်။

“စက်ရုံငှားခက ဈေးသိပ်မသက်သာဘူး။ လမ်းပန်းဆက်သွယ်ရေး လမ်းမကောင်းဘူး။ နောက် အလုပ်သမား ဆန္ဒပြမှု ပြသနာပေါ့။ ဒါတွေလည်း ရှိနေတော့ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်းကတောင်မှ အထည်ချုပ် စက်ရုံ ပိတ်ပစ်လိုက်တာ ကြားတယ်ပေါ့နော်။ အဲလိုဆိုတော့ ကျနေ်ာတို့ဆီမှာတော့ လက်ရှိ ရှိနေတာပေါ့နော်။ လက်ရှိ အခင်းအကျင်း မကောင်းဘူးပေါ့။ အခင်းအကျင်းကောင်းမယ် အခြေခံ အဆောက်အဦ ကောင်းရင်တော့ ဖြစ်လာနိုင်တဲ့ အလားအလာ ရှိတာပေါ့။ ”

လက်ရှိမှာတော့ တရုတ် အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် မြန်မာ ကျပ်ငွေ ဈေးကျသွားတာက တိုက်ရိုက် သက်ရောက်မှု ဖြစ်တယ်လို့ သူက သုံးသပ်ပါတယ်။ မြန်မာ့ လယ်ယာ ထွက်ကုန် အများစု တင်ပို့နေတဲ့ တရုတ်နိုင်ငံမှာ အခက်တွေ့လာတဲ့ အခြေအနေကြောင့် မြန်မာ အပေါ်မှာ သက်ရောက်မှု ရှိနေပေမယ့် အခွင့်အလမ်းလည်း ရှိပါတယ်လို့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ ဗမာပြည်ရဲ့ ပို့ကုန်ကလည်း နယ်စပ်က တဆင့် လယ်ယာထွက်ကုန်တွေ ပေါ့နော် ဆန်စပါးဆိုလည်း ၆၀ ရာခိုင်နှုန်းကျော်လောက်ပေါ့နော် တရုတ်ကို ပို့ရတာပေါ့။ တရုတ် စီးပွားရေး မကောင်းတာနဲ့ ကျနော်တို့လည်း ဝယ်လိုအား ကျလာနိုင်တာတော့ စဉ်းစားရမှာပေါ့။ တဖက်မှာလည်း ကျနော်တို့က တရုတ် ယွမ်ငွေ ရရင် ကျနော်တို့က ဒေါ်လာလဲပြီး ပြန်သွင်းရတာ ဆိုတော့ Exchange Rate ငွေလဲလှယ်နှုန်း မှာတင် ကျနော်တို့ အတွက် နစ်နာမှု ဖြစ်တယ်။ ယွမ်ကနေ ဒေါ်လာ ပြန်လဲရင် တန်ဖိုးကျတယ်ပေါ့နော်။ ဗမာငွေကလည်း တခါ ပြန်ပြီး ကျတာမျိုး ရှိတယ်။ ကျနော်တို့ဘက်က လက်ရှိမှာတော့ တရုတ်နဲ့ အမေရိကန် ကုန်သွယ်ရေး စစ်ပွဲမှာ ခံရတာက များတယ်။ နောက်တချက် ကျနော်တို့ လုပ်သင့်တာကဗျာ နယ်စပ်ကုန်သွယ်ရေးကနေ တရုတ်ကို ပို့နိုင်လို့ ရှိရင် တချို့ ကုန်ပစ္စည်းတွေ ပဲပိစပ်လိုဟာမျိုး အမေရိကန်က အကုန်တက်သွားရင် Transit Trade တို့ Export တို့ ဒါတွေ ခွင့်ပြုနိုင်ရင်တော့ ကိုယ့်အတွက် ကျန်နိုင်တာပေါ့။ ”

မြန်မာ ငွေဈေး ကျဆင်းတဲ့ အခြေအနေက အခုတော့ ဒေါ်လာ ရောင်းဝယ် တချို့ကို ဖမ်းဆီးတဲ့ သတင်းထွက်လာပြီးနောက် အနည်းငယ် ပြန်ပြီး တည်ငြိမ်လာတဲ့ အနေအထားရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG