ASEAN အစည်းအဝေးဘေးပန်းမှာ ဂျပန်-တရုတ်ဆွေးနွေးပွဲခန့်မှန်း

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ(ဝဲ) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi (ယာ) (AP)

လာအိုနိုင်ငံ၊ ဗီယက်တိုင်းမှာကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးဘေးပန်းမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါတို့ တွေ့ဆုံကြမယ်ဆိုတဲ့ ခန့်မှန်းချက်တွေတိုးလာနေပါတယ်။​

ဒီသီတင်းပတ်အစောပိုင်းမှာပဲ တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu နဲ့ ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးတို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း မဟာဗျူဟာဆိုင်ရာ ပထမဆုံးဆွေးနွေးပွဲလည်းဖြစ်ပါတယ်။ ဒီသီတင်းပတ်အစောပိုင်းက ဂျပန်နိုင်ငံကို သွားရောက်ခဲ့တဲ့ တရုတ်ဒုနိုင်ငံခြားရေးဝန်ကြီး Ma Zhaoxu နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကာမီကာဝါတို့ တိုကျိုမြို့မှာ တွေ့ဆုံခဲ့ပါသေးတယ်။

တရုတ်ဂျပန်ဆက်ဆံရေးနဲ့ပတ်သက်လို့ မဟာဗျူဟာကျတဲ့ အဓိကအကြောင်းအရာတွေကို နှစ်ဦးနှစ်ဘက် လေးနက်စွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ တရုတ်အစိုးရပိုင် the Global Times သတင်းစာက ဖော်ပြပါတယ်။ တရုတ်နဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးနိုင်ခြေရှိတဲ့ အပေါ် လေ့လာစောင့်ကြည့်နေပါတယ်လို့ အာဆီယံအစည်းအဝေးမတိုင်ခင်မှာပဲ ဂျပန် Kyodo သတင်းဌာနက အစိုးရရင်းမြစ်တွေကို ကိုးကားပြောဆိုခဲ့တာပါ။

သောကြာနေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံနိုင်ရေးနှစ်နိုင်ငံအစိုးရတွေဘက်က ပြင်ဆင်နေကြတယ်လို့ Kyodo သတင်းဌာနက ကြာသပတေးနေ့မှာ ပြောပါတယ်။ လာအိုနိုင်ငံမှာတွေ့ဆုံကြတဲ့အခါ ဂျပန်နိုင်ငံသားတွေကို တရုတ်တို့က ဖမ်းဆီးထိန်းသိမ်းထားတဲ့ကိစ္စ၊ အငြင်းပွါးနေတဲ့နယ်မြေပိုင်ဆိုင်မှုကိစ္စနဲ့ ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံက ရေဆိုးတွေစွန့်ပစ်တဲ့ကိစ္စတွေကိုလည်း ထည့်သွင်းဆွေးနွေးကြလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။