ပြည်တွင်းစစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ဒေသတွေမှာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အားလုံးနီးပါး ရပ်ဆိုင်းနေပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်နဲ့ မွေးကင်းစကလေး သေဆုံးနှုန်းများတဲ့ ချင်းပြည်နယ်မှာဆိုရင် ကျန်းမာရေး စောင့်ရှောက်မှုစနစ် ပျက်ယွင်းသွားတာမို့၊ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ အရပ်ဘက်ဆရာဝန်တွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။
ချင်းပြည်နယ်က ကျန်းမာရေးဌာနတွေ၊ ဆေးပေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များနေသလို၊ ဆေးဝါးထောက်ပံ့မှုလည်း မရရှိတော့ဘူးလို့ အရပ်ဘက် ကျန်းမာရေး အဖွဲ့အစည်းတွေက ထောက်ပြနေပါတယ်။ အာဏာသိမ်းစစ်ကောင်စီလက်ထက်မှာ အစိုးရရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေအားလုံး လစ်ဟာသွားတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
ပြည်နယ်လူဦးရေရဲ့ အချိုးအစားအရ ချင်းပြည်နယ်ဟာ တခြားဒေသတွေထက် ကိုယ်ဝန်ဆောင်နဲ့ ကလေးငယ်သေဆုံးနှုန်း အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် အရင်အစိုးရလက်ထက်တုန်းက ကျေးလက်ကျန်းမာရေးဌာနတွေ ချင်းပြည်နယ်ထဲမှာ တိုးချဲ့ဖွင့်လှစ်ခဲ့ပါတယ်။ ကလေးသေဆုံးနှုန်းကို လျှော့ချဖို့ ရက်တထောင် အာဟာရစီမံကိန်းကိုလည်း လုပ်ခဲ့ကြတာပါ။ အခုတော့ ဒီစီမံကိန်းအားလုံး ရပ်ဆိုင်းသွားတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။
"ကျန်းမာရေးစောင့်ရှောက်မှု ကျဆင်းသွားတယ် ဆိုတာကတော့ အာဏာသိမ်းတာနဲ့ တိုက်ရိုက်ဆိုင်တဲ့ သဘောပဲလေ။ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဆေးရုံတွေကကောင်းကောင်း မလည်ပတ်နိုင်တော့တာတို့၊ ပြီးတော့ RHC (ကျေးလက် ကျန်းမာရေးဌာန) အထိကို ကျန်းမာရေး စောင့်ရှောက်မှုတွေကို မပေးနိုင်တဲ့အနေအထား ရောက်သွားတာပေါ့နော်။ ပြောရရင် ကျန်းမာရေးဝန်ထမ်းတွေ လစ်လပ်သွားတယ်၊ အပေါ်က support (အထောက်အပံ့) ပေးတာလည်း ကျဆင်းသွားတဲ့သဘောပေါ့။"
ချင်းပြည်နယ်တွင်း ၂၀၂၀ ခုနှစ်လောက်မှာ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဆေးရုံ၊ ဆေးခန်း အသုံးပြုမှု များလာခဲ့ပါတယ်။ အရပ်လက်သည်နဲ့ မီးဖွားသူတွေကိုလည်း အရက်ပျံနဲ့ ခွဲစိတ်ပစ္စည်းတွေ ကျန်းမာရေးဌာနတွေက ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီထောက်ပံ့မှုတွေ အခုအချိန်မှာ မရရှိတော့ပါဘူး။ စစ်ရှောင်ရင်း၊ ပြေးရင်းလွှားရင်း မီးဖွားရတာကြောင့် ကလေးသေဆုံးမှုတွေ ရှိနေတယ်လို့ ဒေသသတင်းဌာနတွေက ရေးသားကြပါတယ်။
မြို့ကြီးတွေပေါ်က ဆေးရုံဆေးခန်းကို သွားဖို့အတွက်လည်း လမ်းခရီးမှာ အစစ်အဆေးများလာတဲ့အတွက် သွားလာရ ပိုပြီးကျပ်တည်းလာသလို၊ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်တွေကို စောင့်ရှောက်ဖို့လည်း ခက်ခဲလာတယ်လို့ ချင်းအရပ်ဘက် ဆရာဝန်များအဖွဲ့က ပြောပါတယ်။
" မွေကင်းစ ကလေးငယ်တွေကလည်း ဆေးရုံ၊ ဆေးခန်းတွေမှာမွေးဖို့ လက်လှမ်းမီဖို့ခက်တယ်။ စစ်မြေပြင်လို အနေအထားမျိုး ဖြစ်နေတဲ့အခါကြတော့ လက်လှမ်းမမီတော့ ကလေးသေဆုံးတာ အရင်ကထက်စာရင် ကျနော်တို့ အတိအကျ မပြောနိုင်ပေမဲ့ ဒါက ပိုပြီးတော့ ရှိလာတယ်ဆိုတဲ့သဘောပေါ့။ တချို့မြို့ပေါ် ဆေးရုံတွေကလည်း သိပ်မလည်ပတ် (run)နိုင်ဘူးပေါ့။ ဥပမာ ထန်တလန်ဆေးရုံမျိုးဆိုရင် မီးလောင်ပြင်လို ဖြစ်သွားတာ ဟုတ်တယ်မလား။"
ချင်းပြည်နယ်မှာ ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလုပ်မဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီက ပိတ်ပင်ထားပါတယ်။ တချို့ အဖွဲ့အစည်းတွေဆိုရင် ဆေးဝါးထောက်ပံ့တာကို မလုပ်နိုင်တော့ဘဲ လူနာလွှဲပြောင်းတာလောက်ပဲ လုပ်ပေးနိုင်တော့တာပါ။ ဒါကြောင့် အခု ၂၀၂၃ထဲမှာ ဒီအခြေအနေတွေဟာ ပိုပြီးဆိုးရွားနိုင်မယ်လို့ ချင်းအရပ်ဘက်က ဆရာဝန်တွေက ခန့်မှန်းထားပါတယ်။
Your browser doesn’t support HTML5
[Unicode]