မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ ကျောက်မီးသွေးတွင်းပေါက်ကွဲတာကြောင့် လူ ၄ ဦးသေ ဆုံးပြီး ၄ ဦး ပိတ်မိနေပါတယ်။ ဒီပေါက်ကွဲမှုဟာ ကြာသပတေးနေ့ မနက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လောလော ဆယ်မှာ ပိတ်မိနေသူတွေကို ဆက်လက်ရှာဖွေ ကယ်ဆယ်နေပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။
ကျောက်မီးသွေးတွင်းပေါက်ကွဲမှုဟာ ဆောမြို့နယ် ကျောက်မြောင်းရွာအနီးရှိ ထွန်းရာဇသတ္တု တူးဖော်ရေး ကုမ္ပဏီလီမိတက်လုပ်ကွက်မှာ ဒီလ ၆ ရက်နေ့ မနက် ၁၀ နာရီ ၁၅ မိနစ်ခန့် မှာဖြစ်ပွား ခဲ့တာပါ။
အခင်းဖြစ်ပွားပြီးနောက် ၃ ဦးသေဆုံးခဲ့ပြီး ၅ ဦးပိတ်မိနေခဲ့ရာက ဒီကနေ့ကယ်ဆယ်ရေးဆောင်ရွက် ရာမှာ အလောင်း ၁ လောင်း ထပ်မံရရှိခဲ့တယ်လို့ ဆောမြို့နယ် ရဲတပ်ဖွဲ့ရုံးက တာဝန်ရှိသူတဦးက ပြောဆိုခဲ့ပါတယ်။
“ဟုတ်ကဲ့ပါခင်ဗျ။ အခု မျိုးခိုင်ဆိုတဲ့ တယောက်ကို တွေ့ပါတယ်ခင်ဗျ။ အသေတွေ့ပါတယ်ခင်ဗျ။ သေတာ ၄ ယောက် ဒဏ်ရာရတာက တစ်ယောက်ပါခင်ဗျ။ အခု တွင်းထဲမှာ ပိတ်မိ၊ တွင်းထဲမှာ ရှိတာက ကယ်ဆယ်လို့ မရသေးတာက ၄ ယောက်ရှိပါသေးတယ်ခင်ဗျ။ ကယ်ဆယ်ရေး လုပ်ငန်းတွေ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေ ပါတယ်ခင်ဗျ။”
ကယ်ဆယ်ရေးလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ခရိုင်မီးသတ်ဦးစီး၊ လေကြောင်းရန် ကာကွယ်ရေးတပ်က တပ်ရင်းမှူးဦးဆောင်ပြီး မြို့နယ်ကြက်ခြေနီအဖွဲ့နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေ ပါဝင်ဆောင်ရွက်နေကြောင်း ပြောပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းခွင်မှာ ရောက်ရှိနေတဲ့ ဆောမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစံဝင်းက နောက်ဆုံး အခြေအနေကို အခုလို ပြောပါတယ်။
“ဒီနေ့ ၁ နာရီ ၅၀ မှာ အလောင်းတလောင်းထပ်ရတယ်။ ကယ်တဲ့သူတွေလေ အခုနောက်ထပ် မဆင်းရဲ တော့ဘူးတဲ့ခင်ဗျ။ ဒေါက်တွေအကုန်ပြုတ်သွားပြီတဲ့။ အဲဒီ ကယ်ဆယ်ရေး သတ္တုတွင်းဌာနကဟာတွေက နောက် ထပ်မဆင်းရဲတော့ဘူးတဲ့။ ဒေါက်တွေ အကုန်ပြိုတယ်-တဲ့။ ပြန်လုပ်မယ်ဆိုရင် မြေစာတွေကို ပြန်ဖယ်မယ်ဆို အချိန်အများကြီးကြာမှာပေါ့လေ၊ ရက်အများကြီး ကြာမယ်-တဲ့။ ခုမိုးကလည်း တအားရွာနေ တယ်။ ရေတွေလည်း လာနေတယ်။”
ကြာသပတေးနေ့က ပေါက်ကွဲမှုဖြစ်ပြီးနောက် ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ရတဲ့ အခက်အခဲကိုလည်း ဦးစံဝင်းက အခုလို ပြောပါတယ်။
“မနေ့က ကယ်ဆယ်ရေးကို ကျနော်တို့ ရပ်ပစ်လိုက်ရတယ်။ အထဲက ဓါတ်ငွေ့တွေက တအားလွှမ်းနေလို့၊ မနေ့က တွင်းထဲကို ၉ ယောက်ဆင်းတယ်ဗျ။ ကယ်ဆယ်ရေးလေ။ သူတို့ အဲဒါလုံးဝကို အနံတွေ မခံနိုင်လို့ ချက်ချင်း အသက်တွေမွန်းပြီး အပေါ်တက်လာတော့ အောက်စီဂျင်တွေ ဘာတွေ ပေး ပေးရတယ် သူတို့ကို။ ”
သတ္တုတွင်းဝန်ကြီးဌာနရဲ့ သတ္တုတွင်း ဦးစီးဌာန (နေပြည်တော်)က တာဝန်ရှိသူတဦးကတော့ ပေါက်ကွဲမှု ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ စေလွှတ်ထားကြောင်း ပြောပါတယ်။
“သူကတော့ ကျောက်မီးသွေးမိုင်းဖြစ်တဲ့အတွက်ကြောင့် ကျောက်မီးသွေးမှာ ထွက်တဲ့ မီသိန်းဓါတ်ငွေ့ပေါ့။ မီသိန်းဓါတ်ငွေ့နဲ့ တခုခုနဲ့ ဓါတ်ပြုတယ်ထင်တယ်ပေါ့။ အဲလိုပဲကျနော်တို့ သတင်းရသေးတယ်ဗျ။ အဲဒီမှာ ကျနော်တို့ဆီက ညွှန်ကြားရေးမှူး ဦးကိုကိုလှိုင်နဲ့အဖွဲ့ကတော့ စစ်ဆေးရေးသွားနေပါပြီခင်ဗျ။ အဲဒီ ဆောမြို့ နားမှာရှိတဲ့ နေရာကိုရောက်နေပြီ။ အဲဒီမှာ ချောင်းရေကြီးတဲ့အတွက်ကြောင့် ဖြတ်လို့ မရသေးဘူး။ အဲဒါပြီးရင် သူတို့ ဆက်ဖြတ်ပါမယ်။ အခုလက်ရှိတော့ အဲဒီဟာကို တာဝန်ယူလုပ်နေတဲ့ အမှတ် ၁ သတ္တုတွင်းလုပ်ငန်းပေါ့ ။ အမှတ်၁ သတ္တုတွင်းလုပ်ငန်းက ဝန်ထမ်းတွေလည်း ရောက်နေပါပြီခင်ဗျ။ ”
ပြီးခဲ့တဲ့ သြဂုတ်လဆန်းက စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် သစ်ချောက်ကျောက်မီးသွေးတွင်းမှာ အောက်စီဂျင်ပြတ်လပ်တာကြောင့် တရုတ်နိုင်ငံသားတဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦးသေဆုံးခဲ့သလို မတ်လ အတွင်းကတော့ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ပါတယ်။ သတ္တုတွင်းဝန်ကြီးဌာနက ဒီဖြစ်စဉ်တွေအပေါ် ကွင်းဆင်းစစ်ဆေးပြီးနောက်မှာ လုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာ စည်းမျဉ်းတွေ လိုက်နာဖို့နဲ့ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေ မပြီးမချင်း ကုမ္ပဏီတွေကို ပိတ်သိမ်းဖို့ ညွှန်ကြားထားပါတယ်။
Your browser doesn’t support HTML5