ပါကစ္စတန်အပေါ် ကန်ဖိအားပေးမှု အိန္ဒိယစောင့်ကြည့်

အိန္ဒိယနယ်ခြားစောင့်တပ် ၂ နိုင်ငံနယ်စပ်ကြား လုံခြုံရေးယူနေစဉ်

ပါကစ္စတန်နိုင်ငံကိုပေးနေတဲ့ လုံခြုံရေးဆိုင်ရာ အကူအညီတွေကို အမေရိကန်က ဆိုင်းငံ့ထားလိုက်တဲ့အပေါ် အိန္ဒိယနိုင်ငံဘက်မှာ သတိထားပြီး အကောင်းမြင်ကြိုဆိုကြပါတယ်။ ဒါပေမဲ့လဲ ဒီလုပ်ရပ်ကြောင့်တော့ Hizbul Mujahideen လို ကက်ရှ်မီးယားမှာ လှုပ်ရှားနေတဲ့အဖွဲ့တွေကို ပါကစ္စတန်က ဒီတိုင်းလွှတ်ပေးထားတာ ရပ်သွားနိုင်ခြေ မရှိဘူးလို့ အိန္ဒိယနိုင်ငံက လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ Anjana Pasricha ရဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အကြမ်းဖက်ဝါဒီအုပ်စုတွေကို နှိမ်နင်းလာအောင် ပါကစ္စတန်ကို ဖိအားပေးဖို့ ရည်ရွယ်ချက်နဲ့ ပေးနေကျ လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ ၁.၉ ဘီလီယံကို အမေရိကန်က ဆက်မပေးတော့ဘဲ ရပ်လိုက်တာပါ။ အမေရိကန်က ပါကစ္စတန်ကို အကူ အညီပေးနေခဲ့ပေမဲ့ လိမ်ညာလှည့်ဖျားတာကလွဲပြီး ဘာမှပြန်မရဘူးလို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က နှစ်သစ်ကူးကာလမှာ Twitter ပေါ်ရေးပါတယ်။

အမေရိကန်ရဲ့ ဒီ ခပ်မာမာလုပ်ရပ်အပေါ် အိန္ဒိယအစိုးရဘက်ကနေ အသံသိပ်ထွက်မလာပါဘူး။ အကြမ်းဖက်ဝါဒနဲ့ပတ်သက်လို့၊ အကြမ်းဖက်ဝါဒကို နှိမ်နင်းတာမှာ ပါကစ္စတန်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်လို့ အိန္ဒိယရဲ့ရပ်တည်ချက် မှန်ကန်တယ်ဆိုတာ ဒီ လုပ်ဆောင်ချက်က အသေအချာပြလိုက်တာပါပဲလို့ အိန္ဒိယအငယ်တန်းဝန်ကြီးတဦးဖြစ်တဲ့ Jitendra Singh ရဲ့ ပြောဆိုချက် လောက်ပဲ ထွက်ခဲ့ပါတယ်။

အကြမ်းဖက်ဝါဒီအုပ်စုတွေအပေါ် ပါကစ္စတန်အစိုးရက ပြတ်ပြတ်သားသား မလုပ်ဘူးဆိုရင် အပြင်းအထန် ဖိအားပေးမယ်လို့ မကြာသေးခင်ရက်တွေအတွင်း အမေရိကန်က သတိပေးနေတဲ့အပေါ် အိန္ဒိယနိုင်ငံဘက်မှာ ခပ်အုပ်အုပ် ကြိုဆိုကြပါတယ်။ ပါကစ္စတန်နိုင်ငံထဲမှာ ဘေးကင်းရန်ကင်းနေနေတဲ့ အကြမ်းဖက်ဝါဒီအုပ်စုတွေက တိုက်ခိုက်တာကို သူတို့ခံနေရတာလို့ အိန္ဒိယ နိုင်ငံကပြောလာတာ အတော်ကြာပါပြီ။

Arvind Gupta ဟာ နယူးဒေလီအခြေစိုက် လက်ယာယိမ်း Vivekananda နိုင်ငံတကာဖောင်ဒေးရှင်းရဲ့ ညွှန်ကြားရေးမှူးပါ

“သမ္မတထရမ့်ပ် ဘာလုပ်နိုင်ခြေရှိတယ်ဆိုတာကို ပြောဖို့က သိပ်စောလွန်းပါသေးတယ်။ ဒါပေမဲ့ ချဉ်းကပ်ပုံက တော့ တကယ့်ကို အသစ်ပါပဲ။”

တချိန်ထဲမှာပဲ အမေရိကန်ရဲ့ အဓိကရည်ရွယ်ချက်က အာဖဂန်နစ္စတန်ကို တိုက်ခိုက်နေတဲ့ ဟက်ကာနီကွန်ယက်နဲ့ အာဖဂန် တာလီဘန်လိုအဖွဲ့တွေကို ပါကစ္စတန်က နှိမ်နင်းစေချင်တာပဲ ဖြစ်လိမ့်မယ်၊ ဘာ့ကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ အဓိက ဦးတည်ချက်ဟာ အာဖဂန်နစ္စတန် တည်ငြိမ်ရေးပဲဖြစ်တယ်လို့ အိန္ဒိယက လူအများအပြားမြင်ကြပါတယ်။ စစ်ဒဏ်သင့် အာဖဂန် နစ္စတန်နဲ့ ဆက်စပ်ဖို့ရာအတွက် အမေရိကန်ဟာ ပါကစ္စတန်ကို မှီခိုနေရတာကြောင့် ဘယ်လောက်ထိ အပြင်းအထန် လုပ်ဆောင် မှာလဲဆိုတာအပေါ် သံသယတချို့လဲရှိကြပါတယ်။

မူဝါဒသစ်ဟာ လာမယ့်လတွေအတွင်း ဘယ်အခြေအနေ ရောက်လာမယ်ဆိုတာ အိန္ဒိယက စောင့်ကြည့်နေတဲ့အဆင့်မှာ ရှိနေ တယ်လို့ မြင်သူတွေထဲ နယူးဒေလီအခြေစိုက် ကာကွယ်ရေးဆိုင်ရာ လေ့လာဆန်းစစ်ရေး အင်စတီကျူက တောင်အာရှရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ Sukh Deo Muni ကပြောပါတယ်။

“ပထမအချက်က အမေရိကန်ဟာ တကယ်ပဲ နောက်ထပ် ရှေ့ဆက်လုပ်မှာလား၊ နံပါတ်နှစ်က အိန္ဒိယ မျက်နှာစာကို ထည့်စဉ်းစားပြီး အဲဒီအတိုင်း ဆုပ်ကိုင် လုပ်ဆောင်သွားမှာလား ဆိုတာပါပဲ။”

အမေရိကန်က ဖိအားဆက်ပေးနေရင် ပါကစ္စတန်ကို တရုတ်နဲ့ ပိုနီးအောင် တွန်းပို့သလိုဖြစ်ပြီး တောင်အာရှဒေသမှာ တရုတ်ရဲ့ နေရာ ပိုကျယ်လာအောင်လုပ်သလို ဖြစ်မလားဆိုပြီး စိုးရိမ်ကြတာတွေလဲရှိပါတယ်။ ဒီလိုအခြေအနေကိုတော့ အိန္ဒိယနိုင်ငံက မြင်ချင်တာမဟုတ်ဘူးလို့ Arvind Gupta ကပြောပါတယ်။

“ပါကစ္စတန်နိုင်ငံ၊ Jiwani ဒေသမှာ ရေတပ်အခြေစိုက်စခန်းတခု တရုတ်က ဆောက်လာမယ့်အလားအလာကို ကျနော် တို့မြင်နေရပါတယ်။ တရုတ်၊ ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ပေါင်းပြီး အုပ်စုသစ်တခု ထောင်နေတာကိုလဲ တွေ့ထားရပြီးပါပြီ။”

ဒီဇင်ဘာလက ဘေဂျင်းမြို့မှာ ဒီသုံးနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေ ပထမဆုံး တွေ့ဆုံ ဆွေးနွေးကြတာကို Gupta က ရည်ညွှန်း ပြောဆိုသွားတာပါ။

အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးမှာ တိုးတက်မှုရဖို့ ပါကစ္စတန်နဲ့တွဲပြီး ကြိုးပမ်းမှုတွေအပေါ် အိန္ဒိယမှာ အားမလိုအားမရဖြစ်တာ တွေတိုးလာနေတဲ့ကြားမှာပဲ အမေရိကန်ရဲ့မူဝါဒသစ်ကြောင့် မျှော်လင့်ချက်လေး ထွက်လာပါတယ်။ ပြိုင်ဘက် အိမ်နီးချင်းနိုင်ငံ နှစ်ခုအကြား တရားဝင်ဆွေးနွေးပွဲတွေ ရပ်နေတာက နှစ်နှစ်ရှိပါပြီ။ ဒါပေမဲ့လဲ ပြီးခဲ့တဲ့လကတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ တော်မှာ နှစ်နိုင်ငံက နိုင်ငံတော်လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးပါတယ်။ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အဓိကဆွေးနွေးကြတာလို့ အိန္ဒိယကဆိုပါတယ်။

ဒါပေမဲ့လဲ တိုးတက်မှု မရှိသလောက်ပဲဆိုတာ တာဝန်ရှိသူတွေနဲ့ လေ့လာသူတွေက လက်ခံ ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်အပေါ် ကန်ဖိအားပေးမှု အိန္ဒိယစောင့်ကြည့်