ရွာငံအနီး ဘုရားဖူးယာဉ် ချောက်ထဲကျ (၇) ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်းမှာ ဘုရားဖူးယာဉ်တစီး တိမ်းမှောက်ကျသွားတဲ့အတွက် ထိခိုက်ဒဏ်ရာရသူများနဲ့ သေဆုံးသွားသူများကို ကယ်ဆယ်ရေးလုပ်ဆောင်နေစဉ် (အောက်တိုဘာ ၂၈၊ ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ရွာငံမြို့နယ်မှာ တနင်္လာနေ့ နေ့ခင်းက မော်တော်ယာဉ် တိမ်းမှောက်ခဲ့တာကြောင့် လူ ၇ဦးသေဆုံးပြီး ၂၂ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ တိမ်းမှောက်ခဲ့တဲ့ မော်တော်ယာဉ်ပေါ်မှာလိုက်ပါလာသူတွေက ရန်ကုန်မြို့ကလာတဲ့ ဘုရားဖူးခရီးသည်တွေဖြစ်ကြောင်း ရွာငံမြို့ လူမှုကူညီရေးအသင်း က VOA ကို ပြောပါတယ်။ ရန်ကုန်ကသတင်းပေးပို့ထားပါတယ်။

အောက်တိုဘာလ ၂၈ ရက် နေ့လယ် ၂ နာရီဝန်းကျင်က ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်းမှာ ဘုရားဖူးယာဉ်တစီး ပေ (၃၅၀) နက်တဲ့ ချောက်ထဲကို တိမ်းမှောက်ကျသွားပြီး ခရီးသည်စုစုပေါင်း (၇) ဦး သေဆုံးခဲ့ပြီး ခရီးသည်(၂၂) ဦး ဒဏ်ရာရခဲ့ကြပါတယ်။ လူနာတွေထဲက ဒဏ်ရာပြင်းထန်တဲ့ (၄)ဦးကို မန္တလေးကိုပို့ဆောင်ပြီး အရေးပေါ်ဆေးကုသမှုခံယူနေပါတယ်။

အခုလိုတိမ်းမှောက်ပြီး ချောက်ထဲကျသွားခဲ့တဲ့ မော်တော်ယာဉ်ပေါ်မှာတော့ ရန်ကုန်မြို့ကလာတဲ့ ဘုရားဖူးခရီးသည်တွေ လိုက်ပါလာတာဖြစ်ကြောင်း ရွာငံမြို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူကVOA ကို အခုလို ပြောပါတယ်။

“ ကျနော်တို့ ရွာငံမြို့နယ်ထဲမှာပဲ ခင်ဗျ။ ရွာငံလမ်းပိုင်း စခန်းကြီးကျေးရွာရဲ့ အပေါ်ဘက် နှစ်မိုင်ခန့်အကွာပေါ့။ သူတို့ ၇ယောက်သေဆုံးတယ်ဗျ။ ကျား ၁၊ မ ၆။ ၁၈ယောက်ကတော့ ရွာငံဆေးရုံမှာ ။ ၄ယောက်ကတော့ ကျနော်တို့ မန္တလေးကို လွှဲလိုက်ပြီဗျ။ သူတို့က ရန်ကုန်ကနေပြီးတော့ ဟဲဟိုးမှာ ကထိန်ခင်းတာ။ ခင်းပြီးတော့ မန္တလေးဘက်ကို ဘုရားဖူးလာတာပေါ့။ ကျနော်တို့ ဒီလမ်းကနေ ဖြတ်ပြီး။”

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ် လမ်းပိုင်းမှာ တိမ်းမှောက်ပြီး ချောက်ထဲကျသွားတဲ့အတွက် ဘုရားဖူးယာဉ် မီနီဘတ်စ် (အောက်တိုဘာ ၂၈၊ ၂၀၂၄)

တိမ်းမှောက်သွားတဲ့ယာဉ်ဟာ ရန်ကုန်မြို့မှ ဝိဇ္ဇာမဂ္ဂင်ဘိုးဘွားဓမ္မရိပ်သာတံဆိပ်ပါ မီနီဘတ်စ်ဟွန်ဒိုင်းမီနီဘတ်ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန်က လူနာတင်ယာဉ် ၁၀စီးနဲ့ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ပြန်လည် သယ်ယူဖို့ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ရက်နေ့ကလည်း ဒီလမ်းပိုင်းမှာ အိမ်စီးကား တစီးတိမ်းမှောက်ခဲ့တာကြောင့် လူ ၆ဦး သေဆုံးခဲ့ရပါတယ်။

၂၀၁၉ခုနှစ် အောက်တိုဘာလက ဖြစ်ပွားတဲ့ယာဉ်တိမ်းမှောက်မှုမှာတော့ လူ ၁၅ယောက်သေဆုံးပြီး ၁၀ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒီလမ်းပိုင်းမှာဖြစ်ပွားတဲ့ ယာဉ်မတော်တဆ ထိခိုက်မှုမှာ အဆိုးဝါးဆုံးဖြစ်ခဲ့ပါတယ်။

ရွာငံ- ဟံမြင့်မိုရ်လမ်းဟာ အတက်အဆင်းကြမ်းတမ်းသလို အကွေ့အကောက်များတာကြောင့် ဒီလမ်းပိုင်းကို မကျွမ်းကျင်ရင် ယာဉ်မတော်တဆဖြစ်နိုင်ကြောင်း သုံးသပ်တာတွေရှိနေပါတယ်။