ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်

နယ်သာလန်နိုင်ငံ နိုင်ငံတကာတရားရုံး ICJ မြင်ကွင်း(VOA မြန်မာပိုင်းသတင်းဓာတ်ပုံ)

(Zawgyi/Unicode)

လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ Gambia နိုင်ငံကို ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက အကူအညီပေးမယ်လို့ ထုတ်ဖော်ပြောကြားကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် The Daily Star အွန်လိုင်း သတင်းတစ်ရပ်က ပြောပါတယ်။

အဲဒီ နှစ်နိုင်ငံရဲ့ ပူးတွဲ ကြေညာချက်မှာ လူမျိုးတုန်း သတ်ဖြတ်မှု တားဆီးရေးနဲ့ အပြစ်ပေး အရေးယူရေး ဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက လျှောက်ထားတာကို ကနေဒါနဲ့ နယ်သာလန် နိုင်ငံတွေက ကြိုဆိုကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်ခြင်း ရှိ - မရှိ အပြည်ပြည် ဆိုင်ရာ ဥပဒေရေးရာ စီရင် ဆုံးဖြတ်ချက် ရရှိမယ့် အခုကိစ္စဟာ နိုင်ငံတကာ တရားရုံးကို မှန်ကန်တဲ့ လျှောက်ထား တင်ပြချက် ဖြစ်တယ်လို့လည်း နှစ်နိုင်ငံစလုံးက ယုံကြည်နေပြီး လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဂမ်ဘီယာနိုင်ငံကို ထောက်ခံမှု ပေးဖို့ကိုလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လူမျိုးတုန်း သတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းစာချုပ်အရ စာချုပ်အဖွဲ့ဝင်နိုင်ငံက လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တဲ့ ရာဇဝတ်ပြစ်မှုကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူဖို့ တာဝန် ဝတ္တရားရှိကြောင်း၊ ဒါကြောင့် ကနေဒါနဲ့ နယ်သာလန် နိုင်ငံတို့အနေနဲ့ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံကို ထောက်ခံဖို့ တာဝန်ရှိတယ်လို့ ခံယူကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

၂၀၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းက ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

ICJ ဟာ ဂမ်ဘီယာနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်း မရှိတဲ့ မြန်မာနိုင်ငံတို့ရဲ့ လျှောက်လှဲချက်တွေကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ၁၂ ရက်နေ့အထိ ကြားနာစစ်ဆေးမှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ICJ အမှုမှာ ဂမ်ဘီယာကို ကနေဒါနဲ့ နယ်သာလန် ကူညီမည်


......................


(Unicode)





