မြန်မာနိုင်ငံက အလုပ်သမားတွေအတွက် အနိမ့်ဆုံး လုပ်ခလစာဆိုင်ရာဥပဒေကို ပြင်ဆင်ပေးဖို့နဲ့ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်အောင် လုပ်ပေးဖို့ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူတွေနဲ့ အလုပ်သမားတွေကိုယ်တိုင်က တောင်းဆိုနေကြပါတယ်။ မြန်မာနိုင်ငံတွင်းက အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမ ၆၆ ယောက် ကို တွေ့ဆုံ မေးမြန်းပြီးတော့ ပြုစုထားတဲ့ သုတေသနစာတမ်းသစ် ထုတ်ပြန်ပွဲမှာ အဲဒီလို တောင်းဆိုသွားကြတာပါ။ အပြည့်အစုံကို ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က လေ့လာပြုစုပြီး ဒီကနေ့ထုတ်ပြန်တဲ့ “ပြုပြင်ပြောင်းလဲမှုနောက်ကွယ်မှ အမေ့လျော့ခံ အမျိုးသမီး အလုပ်သမများ” ရုပ်သံမှတ်တမ်းနဲ့ သုတေသနစာတမ်းထဲမှာ အထူးသဖြင့် အထည်ချုပ်စက်ရုံတွေက အမျိုးသမီး အလုပ်သမားထု ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေအရပ်ရပ်ကို အသေးစိတ် ဖော်ပြထားတာပါ။ အထူးသဖြင့်တော့ အနိမ့်ဆုံး လုပ်ခလစာနဲ့ လုပ်ငန်းခွင်အခြေအနေတွေကို ထောက်ပြထားပါတယ်။
လက်ရှိသတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ ၃,၆၀၀ ကျပ်ဟာ အလုပ်သမားတွေအတွက် မလုံလောက်ဘူးလို့ Contracture Base Worker Union – 1 (CBWU-1) အဖွဲ့က တာဝန်ခံတဦးဖြစ်သူ ဒေါ်စန်းစန်းထွေးက ဗွီအိုအေကိုပြောပါတယ်။
“မလုံလောက်တဲ့အခါကျတော့ ကျမတို့အနေနဲ့ ဒီအလုပ်သမားတွေ ရဲ့ လုပ်ခလစာလေးကို ၅,၅၀၀ အထိပေါ့နော် သူတို့ရအောင်လို့တောင်းပေးချင်တာပေါ့နော် အဲဒါကြောင့်ကျမတို့ကလုပ်ခလစာနဲ့ ပတ်သက်ပြီး တိုးမြှင့်ပေးဖို့ ကျမတို့တောင်းဆိုတာရှိပါတယ်။”
အမျိုးသမီး အမျိုးသားအလုပ်သမားတွေ ရှိတဲ့ထဲကမှ အမျိုးသမီးအလုပ်သမတွေ၊ တခါ အထည်ချုပ်စက်ရုံတွေမှာသာမက တခြား လုပ်ငန်းကဏ္ဍအသီးသီးမှာလဲ အလုပ်သမတွေ ရှိတဲ့ကြားထဲက ဒီအထည်ချုပ်စက်ရုံတွေက အလုပ်သမတွေနဲ့ပတ်သက်လို့ အဓိကလေ့လာဆန်းစစ်ရတဲ့အကြောင်းရင်းကိုတော့ BWU အဖွဲ့က ဒေါ်အိမွန်ဖြိုးက အခုလိုရှင်းပြသွားပါတယ်။
“အလုပ်သမားအရေးနဲ့ပတ်သက်ပြီး လုပ်နေတာတွေမှာ ကျမတို့ အမျိုးသမီးအရေးကို အဓိက Highlight ထားပြီးလုပ်နေတာတွေက အားနည်းနေသေးတယ်ပေါ့နော် ၊ ပြီးတော့ ဒီအမျိုးသမီးတွေမှာဆိုရင် အမျိုးသမီးနဲ့ ပတ်သက်ပြီး အများကြီးလုပ်နေတယ် ။ဒါပေမယ့် အလုပ်သမားအမျိုးသမီးတွေကို အဓိကဦးဆောင်ပြီးလုပ်တာတွေက နည်းနေသေးတယ်ပေါ့နော် ဆိုတော့ ကျမတို့က အမျိုးသမီးအလုပ်သမားတွေရဲ့အသံကို များများထွက်ပေါ်စေချင်တဲ့အတွက် ကျမတို့က ဒီလိုမျိုး အမျိုးသမီးအလုပ်သမားတွေကို အဓိကထားတယ်။ အထည်ချုပ်စက်ရုံတွေက အလုပ်သမားတွေကို အဓိကထားပါတယ်။”
BWU ရဲ့ သုတေသနစာတမ်းထဲမှာ အနိမ့်ဆုံးလုပ်အားခရဲ့ ဆိုးကျိုးသက်ရောက်မှုတွေ၊ ချို့တဲ့တဲ့လုပ်ငန်းခွင်အခြေအနေ၊ ကျန်းမာ ရေးစောင့်ရှောက်မှုအားနည်းတာ၊ ဘေးကင်းလုံခြုံမှုအားနည်းတာတွေကို အထူး ဖော်ပြထားပါတယ်။ ဒီလိုမျိုး ရင်ဆိုင်နေရတဲ့ အခြေအနေတွေထဲက တချို့ကို BWU ကထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းထဲမှာ Let’s Help Each Other (LHEO) အဖွဲ့က သင်တန်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူး မခခက အခုလိုပြောပြထားပါတယ်။
“ပြောရမယ်ဆိုရင် လစာနည်းပါးတာတွေရှိမယ်၊ လုပ်ချိန်တအားများတာတွေရှိမယ်၊ တနေ့ကို ၈ နာရီပဲ ခိုင်းရမယ်ဆိုပေမယ့် overtime နဲ့ပေါင်းလိုက်ရင် ၁၀ နာရီ ၁၁ နာရီလုပ်နေရတယ်။ နောက်တခုက သူတို့အိမ်ပြန်ချိန်၊ အိမ်ပြန်ချိန်ပြဿနာက အရမ်းဆိုးတယ်။ တအားကို မိုးချုပ်တော့ တအားကို ညနက်တယ်။ ဆိုတော့ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာတွေက လုံခြုံမှုမရှိဘူး အဲဒီပြဿနာတွေရှိတယ်။ နောက်တခုက စက်ရုံအတွင်းပြဿနာတွေက ခွဲခြားဆက်ဆံခံရတာပေါ့။ အဓိကတော့ ကျား၊ မ ခွဲခြားဆက်ဆံခံရတယ်ဆိုတာထက်၊ လူလူချင်း ခွဲခြားဆက်ဆံခံရခြင်း ဆိုတာက သူတို့စိတ်ဓါတ်ကို အောက်ဆုံးအထိ ရောက်ရှိစေတယ်။”
မြန်မာနိုင်ငံရဲ့ အထည်ချုပ်လုပ်ငန်းမှာ ၂၀၁၆ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ရောက်ရင် ဒေါ်လာ ၁၂ ဘီလီယံအထိရှိလာမယ်လို့ တရားဝင်ထုတ်ပြန်ချက်တွေမှာ ခန့်မှန်းထားပါတယ်။ နိုင်ငံအတွက် နိုင်ငံခြား ငွေရှာပေးနေတဲ့ ဒီလုပ်ငန်းကဏ္ဍမှာလုပ်နေတဲ့ မနှင်းချယ်ရီတို့လို အလုပ်သမတွေအတွက်ကတော့ အခုချိန်ထိ အဆင်ပြေပြီလို့ ပြောလို့ရတဲ့အခြေအနေမှာ မရောက်သေးဘူးဆိုတာ BWU ရဲ့ ရုပ်သံမှတ်တမ်းမှာ ပြောဆိုထားချက်ကိုနားထောင်ရင် သိနိုင်ပါတယ်။
“သမီးတို့ရတဲ့ လစာ ၂ သိန်းနဲ့ အိမ်လခရှိမယ်။ စားတဲ့ ဈေးအကြွေးရှိမယ်။ အိမ်လခတင် လေး၊ ငါး၊ ခြောက်သောင်းလောက်ဖြစ်နေပြီ ၊ ဈေးဖိုးက လေး၊ ငါး၊ ခြောက်သောင်းဆိုရင် ၁ သိန်းကျော်နေပြီပေါ့နော် ၊ ပြီးတော့ ကိုယ်တလစာ ကိုယ့်သုံးစားရိတ် ၊ အပေါင်းအသင်းကဏ္ဍတွေလည်း ရှိတယ်လေ။ မင်္ဂလာဆောင်ရှိမယ်၊ လူမှုရေးကဏ္ဍပေါ့နော် ကိုယ်နဲ့ ဆက်စပ်နေတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ။ မကြိုက်တဲ့အရာတခုက ကိုယ်လုပ်နေရဲ့သားနဲ့ နင်တို့လုပ်တဲ့လုပ်ခလစာနဲ့ မတန်ဘူးပေါ့ ၊ စက်ရုံပိုက်ဆံ အလကားလာယူနေတယ်လို့ ပြောရင် အရမ်းစိတ်တိုသွားတယ်။ သူများပိုက်ဆံ အလကားလာယူထားတယ်ပေါ့နော် နင်တို့က မရှိလို့ လာလုပ်စားတာ ၊ စက်ရုံကို တန်ဖိုးထားရမယ်ပေါ့နော် ၊ အဲလိုဆိုရင် လူက သေချင်စိတ်တွေတောင်ပေါက်တယ်ပေါ့နော်။ အလုပ်ထဲမှာလည်း အဆင်မပြေဘူး၊ အိမ်ရောက်ရင်လည်း အဆင်မပြေတာတွေကြားရတော့ သေချင်စိတ်ပေါက်တယ်ပေါ့နော် စိတ်ဓါတ်တွေကျတယ် ပေါ့နော်။”
အနိမ့်ဆုံးလုပ်ခလစာကို လက်ရှိမှာ တနေ့ကို ကျပ် ၃,၆၀၀ သတ်မှတ်ထားပြီး ဒါကို နှစ်နှစ်တကြိမ် ပြန်ပြီးတော့ သုံးသပ် ဆန်းစစ် ရမှာဖြစ်ပါတယ်။ ဒီအတွက်လဲ NLD ပါတီဦးဆောင်တဲ့အစိုးရတက်လာအပြီး တနှစ်နီးပါးအကြာ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကို အသစ်ပြန်ပြီး ဖွဲ့စည်းထားပါတယ်။
အနိမ့်ဆုံး လုပ်ခလစာကို တိုးပေးမယ်ဆိုရင် လက်ရှိမှာကိုက စီးပွားရေး သိပ်မကောင်းလှတာကြောင့် လုပ်ငန်းတွေပိတ်သွားမှာ၊ နောက်ထပ် လုပ်ငန်းသစ်တွေ ထွက်မလာတော့မှာ စတဲ့အချက်တွေကိုလဲ ထည့်သွင်းစဉ်းစားရမယ်လို့ ကော်မတီရဲ့လုပ်ငန်းတွေ နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
Your browser doesn’t support HTML5