ဖယ်ဒရယ် ဖွဲ့စည်းရေး ဆွေးနွေးဖို့ အစိုးရ သဘောတူ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော် မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCTဆွေးနွေးပွဲ။ (သြဂုတ်လ ၁၈၊ ၂၀၁၄)။

တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ် ဒုတိယမူကြမ်း အချောသတ်ရေး အတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်တွေဟာ ရန်ကုန်မြို့က မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဆွေးနွေးရာမှာ တိုင်းရင်းသား အဖွဲ့တွေတောင်းဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ စကားရပ်အပေါ် နားလည်မှုရခဲ့တာကြောင့် ဆွေးနွေးပွဲဟာ အဆင်ပြေပြေနဲ့ ညှိနှိုင်းနိုင်ခဲ့ တယ်လို့ ဆွေးနွေးပွဲ ပထမနေ့အပြီးမှာ သတင်း ထုတ်ပြန် ပါတယ်။ နှစ်ဖက်အကြား ညှိနှိုင်းရ ခက်ခဲနေတဲ့ အချက်အပေါ် ပြေလည်မှု ရရှိတာကြောင့် နောက်ရက်တွေမှာလည်း အဆင်ပြေပြေ ညှိနှိုင်းနိုင်မယ် လို့ နှစ်ဖက်ကိုယ်စားလှယ်တွေက ယုံကြည်နေပါတယ်။ သတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တပြည်လုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးညှိနှိုင်းအဖွဲ့ NCCTက ကိုယ်စားလှယ်တွေဟာ ဒီကနေ့ မနက် ၉နာရီကနေ ညနေ ၅နာရီအထိ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲအပြီး ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NCCT အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာက ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ စကားကို အစိုးရဖက်က လိုက်လျောခဲ့တာကြောင့် ဆွေးနွေးပွဲဟာ အခြေအနေ အများကြီး တိုးတက်အောင်မြင်လာတယ်လို့ အခုလို ပြောပါတယ်။

" အဓိကအားဖြင့် ကျနော်တို့ အရေးအကြီးဆုံး အချက်လို့ ကျနော်တို့ တိုင်းရင်းသားတွေဘက်က ခံယူထားတဲ့ ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အစိုးရဘက်က လက်ခံလိုက်ပါတယ်။ အဲ့တာက အရေးအကြီးဆုံးအချက်ဖြစ်တယ်။ ဒီအပေါ်မှာ နားလည်မှုရရင် ကျန်တဲ့အချက်တွေကို နားလည်မှုရဖို့ မခဲယဉ်းတော့ပါဘူး။"

ဒီကနေ့ ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးစာချုပ်ပါ အခန်း၇ခန်းအနက်က အခန်း၂ခန်းကို ဆွေးနွေးပြီးဆုံးသွားပြီး ဖက်ဒရယ်စကားလုံးအပေါ် နားလည်မှု ရခဲ့ပေမဲ့ ကျန်အချက်တွေ အားလုံးပြေလည်မှု ရသွားတာ မဟုတ်သေးကြောင်း လည်း ဦးနိုင်ဟံသာက ဆက်ပြောပါတယ်။ အစိုးရဖက်က ဖက်ဒရယ်စကားလုံး သုံးစွဲမှုအပေါ် လိုက်လျောတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖက်ကလည်း စာချုပ် မျက်နှာဖုံး စာမျက်နှာမှာ တော်လှန်ရေးဆိုတဲ့ စကားရပ်ကို မထည့်သွင်းဖို့ လက်ခံခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဦးနိုင်ဟံသာနဲ့ အတူရှင်းလင်းခဲ့တဲ့ မြန်မာငြိမ်းချမ်းရေး စင်တာက အကြီးတန်း အကြံပေး ဦးလှမောင်ရွှေကတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဖက်ဒရယ် တပ်မတော်တည်ဆောက်ရေး စတဲ့ အချက်တွေကို အခန်း၁မှာ အခြေခံမူများမှာ ထည့်သွင်းမဆွေးနွေးဘဲ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးဖို့ နှစ်ဖက် သဘောတူခဲ့တာကြောင့် ညှိနှိုင်းဖို့ ခက်ခဲနေတဲ့ အပိုင်းကို ကျော်လွှားနိုင်ခဲ့တယ်လို့ ပြောပါတယ်။

" အခြေခံရမယ့် မူများမှာ ဆရာဦးနိုင်ဟံသာတို့ ဖက်ဒရယ် တပ်မတော်ကို အခြေခံရမယ့်မူများဆိုတဲ့"

ဒီမိုကရေစီရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ အခြေခံမူကို ဇူလိုင်လကုန်ပိုင်းက လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသား ထိပ်သီးညီလာခံက ချမှတ်ခဲ့တာဖြစ်ပြီး ဒီအခြေခံမူကို အစိုးရဖက်က လက်မခံရင် တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို လက်မှတ်မရေးထိုးဖို့အတွက်လည်း ဆုံးဖြတ်ထားတာဖြစ်ပါတယ်။

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားရာမှာတော့ နိုင်ငံတော်သမ္မတက ဒီဆွေးနွေးပွဲအတွက် မူဝါဒတချို့ ချမှတ်ပေးခဲ့ကြောင်း၊ ဒီမူဝါတွေမှာ တိုင်းပြည်က ခွဲထွက်တာနဲ့ အချုပ်အခြာ အာဏာကို ထိပါးစေမယ့် ကိစ္စရပ်တွေက လွဲပြီး ကျန်အချက်တွေ လွတ်လပ်စွာ ဆွေးနွေးကြဖို့ တံခါးဖွင့်ထားကြောင်း ပါရှိပါတယ်။

UPWC နဲ့ NCCT ဆွေးနွေးပွဲကို ဒီလ ၁၅ရက်နဲ့ ၁၆ရက်ကျင်းပဖို့ နဲ့ လိုအပ်ရင် ၁၇ရက်နေ့ထိ ဆက်လက် ဆွေးနွေးဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။ ဆွေးနွေး ပွဲပြီးပြတ် ရင်တော့ ၁၈ရက်နေ့မှာ နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် UPWCနဲ့ NCCTအပြင် နိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ခေါ်ပြီး အလွတ်သဘော ညှိနှိုင်းဆွေးနွေးဖို့ ရှိနေပါတယ်။

ဒီကနေ့ ဆွေးနွေးပွဲကိုတော့ အစိုးရကိုယ်စားလှယ်ဖက်က UPWC ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းတို့ ဦးဆောင်တက်ရောက်ခဲ့သလို့ NCCT ဖက်ကတော့ အဖွဲ့ခေါင်းဆောင် ဦးနိုင်ဟံသာ၊ ပဒိုစောကွယ်ထူးဝင်းနဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်တက်ရောက်ပါတယ်။