ကနေဒါနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက ကာဒီနယ် Charles Maung Bo က ကနေဒါ လွှတ်တော်အမတ်တွေ၊ အစိုးရအရာရှိတွေနဲ့ တွေ့ဆုံတဲ့အခါ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဘာသာအချင်းချင်းကြား ချစ်ခင်မှုရှိရေးတို့ကို အဓိကထား ဆွေးနွေး တင်ပြသွားမယ်လို့ ပြောပါတယ်။ ကာဒီနယ် Charles Maung Bo ဟာ ကနေဒါမှာ ရှိနေကြတဲ့ မြန်မာ မိသားစုတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ကနေဒါနိုင်ငံကိုရောက်နေတဲ့ ကာဒီနယ် Charles Maung Bo ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ရိုမန်ကက်သလစ်ဘာသာမှာ ပုတ်ရဟန်းမင်းကြီး ရွေးချယ်တင်မြောက်ပိုင်ခွင့်ရှိတဲ့ ကာဒီနယ်အပါး (၂၀) အနက် တပါးအပါအဝင်ဖြစ်တဲ့ မြန်မာနိုင်ငံက ကာဒီနယ် Charles Maung Bo ဟာ သြဂုတ်လ ၁၆ ရက်နေ့က ကနေဒါနိုင်ငံကို ဆိုက်ရောက်ခဲ့ပြီး Toronto မြို့မှာ မြန်မာမိသားစုတွေနဲ့ တွေ့ဆုံပြီး ဝတ်ပြု ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာပေါင်းစုံ ကြည်ရေး လှုပ်ရှားမှုမှာ လူသိများတဲ့ ဆရာတော် တပါးဖြစ်တဲ့ Charles Maung Bo ကို ၂၀၁၅ ခုနှစ်မှာ ပုတ်ရဟန်းမင်းကြီး Francis က ပထမဆုံး မြန်မာနိုင်ငံသား ကာဒီနယ်တဦးအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
ကာဒီနယ် Charles Maung Bo ဟာ ကနေဒါနိုင်ငံမှာ ရှိနေစဉ်အတွင်း လွှတ်တော်အမတ်တွေ၊ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး မြန်မာ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဘာသာအချင်းချင်းကြား ချစ်ခင်မှုရှိရေး စတဲ့ကိစ္စရပ်တွေကို တင်ပြ ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။
“ပထမဆုံးတော့ တပ်မတော်နဲ့ လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး ရဖို့ရန်အတွက် အဲဒါကို နံပတ်တစ်အနေနဲ့ထားတယ်။ အဲဒီမှာလည်းပဲ ဖက်ဒရယ်အစိုးရကို ပိုပြီးတော့ ဦးစားပေး၊ အားစိုက်ကြဖို့နဲ့၊ ဒီ သယံဇာတတွေမှာ မျှမျှတတ ရှိနိုင်ဖို့ရန်အတွက်ပဲ အထူးပဲ အရေးကြီးတယ်။ အဲဒါ အားလုံးကလည်း ဒီ အစိုးရသစ်ရော၊ လက်နက်ကိုင် အဖွဲ့တွေရော၊ တပ်မတော်ဖက်ကရော အားလုံး ဝိုင်းဝန်း ပူးပေါင်းပြီးတော့ လုပ်ဖို့ရာအတွက်က အထူးပဲ အရေးကြီးတယ်ပေါ့။ ဒုတိယအနေနဲ့ဆိုရင်တော့ ဒီ အပြင်ဘက်မှာကတော့ ရိုဟင်ဂျာကိစ္စတွေနဲ့ ပတ်သက်လို့ အထူးပဲ ပြောနေကြတယ်။ ဒါပေမယ့် ဒီ အစိုးရဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကတော့ ဒီဟာတွေ အားလုံးကို သိပ်ပြီးတော့ အဓမ္မဖိပြီးတော့ မဝေဖန်ဘို့နဲ့၊ အချိန်ပေးဖို့ပေါ့။ ဒါတွေက တချက်ထဲနဲ့ မဖြစ်နိုင်တဲ့ဟာမှာ အချိန်ပေးပြီးတော့ Step by step (တဆင့်ခြင်း) ၊ သူ့ဟာနဲ့သူ လုပ်ဖို့ရန်အတွက် အစီအစဉ်ရှိတယ်ဆိုတာ၊ နဲနဲ ဒီ Pressure (ဖိအား) သိပ်မပေးဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ လမ်းအတိုင်းပဲ အချိန်ပေးနိုင်ဖို့ရန် အတွက် အရေးကြီးတဲ့ဟာ တချက်ဖြစ်တယ်ပေါ့။ ဒီ ၂ ခု အောင်မြင် သွားပြီ ဆိုလို့ရှိရင်တော့ မြန်မာပြည်အနေနဲ့ တခြားလုပ်ရမယ့်ကိစ္စတွေ၊ ပညာရေးကိစ္စတွေ၊ ဒီ နိုင်ငံတော်ရဲ့ တိုးပွားဖို့ရန်အတွက် ကိစ္စတွေ ဘာတွေက ဆက်လက်ပြီးတော့ ဆောင်ရွက်ဖို့ရန်အတွက်လည်းပဲ အထူးပဲ အရေးကြီးတယ်ပေါ့နော်။ အစိုးရအနေနဲ့ အမြဲတမ်း သတိထားပြီး အရင်တုန်းက အမှားမျိုး မလုပ်ပဲနဲ့ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ လူမျိုးစုတိုင်းကို၊ အထူးသဖြင့် အဝေးရောက်နေတဲ့လူတွေ၊ အားနဲတဲ့လူတွေကို အစိုးရအနေနဲ့ အထူးပဲ အားပေးဖို့၊ မြင့်တင်ပေးဖို့ရန်အတွက် အရေးကြီးတယ်ဆိုတဲ့အကြောင်း ဆရာတော့အနေနဲ့တော့ အားပေးချင်ပါတယ်။ မြန်မာပြည်ကို အားပေးကြဖို့၊ ကူညီကြဖို့ ဆိုတဲ့သဘောမျိုးနဲ့၊ ရည်ရွယ်ချက်နဲ့ ဒီ ကနေဒါကို ရောက်လာခြင်း ဖြစ်တယ်ပေါ့နော်။”
မေး။ မတူညီတဲ့ ဘာသာတရားတွေ၊ အခုနောက်ပိုင်းမှာတော့ မွတ်ဆလင်တွေအပေါ် ဖိနှိပ်တယ်ဆိုပြီးတော့ အဲဒီကိစ္စက တော်တော်လေး အသံပိုကျယ်လာတာပေါ့နော်။ ဒါပေမယ့် တဘက်မှာ ခရစ်ယာန်တွေကလည်း တချိန်ထဲမှာ တောက်လျှောက် ဖိနှိပ်ခံနေရတယ်ဆိုတဲ့ ကိစ္စကလည်း အများသိနေတဲ့ ကိစ္စပဲဆိုတော့ ဒီ ဘာသာတရားတွေ အချင်းချင်းကြား ချစ်ကြည် ရင်းနှီးမှုရှိအောင်၊ တဦးနဲ့တဦး လူနဲစုအပေါ် လူများစု ဖိစီးတဲ့ကိစ္စတွေကို ဆရာတော့အနေနဲ့ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။ “အရင်တုန်းက ဖြစ်ခဲ့တာတွေ၊ နှစ်ပေါင်း ၃၀ - ၄၀ လောက်က ဖြစ်ခဲ့တာတွေတော့ မှန်တယ်ပေါ့နော်။ ဒါပေမယ့် လွန်ခဲ့တဲ့ အစိုးရအနေနဲ့ရော အထူးသဖြင့် ခရစ်ယာန်တွေအပေါ်မှာ ညှဉ်းပန်းနှိပ်စက်တာမျိုးတော့ မသိရပေမယ့် ခွဲခြမ်းမှုတွေတော့ အများကြီး တွေ့ရတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ ဖြစ်ပျက်ပြီးနောက်ပိုင်းမှာ အစိုးရဘက်ကရော၊ ဘာသာပေါင်းစုံ ဆွေးနွေးပွဲတွေ၊ သဘောတူညီချက်တွေ အတွက် ဒီ Inter-religious မှာ အတော်ကိုပဲ အထူး ကြိုးစားနေတဲ့ အချက်တွေလည်းပဲ ကောင်းမွန်တဲ့ဘက်က အချက်တွေလည်းပဲ တွေ့ရတယ်။ အဲဒီအပြင်ကို ဒီ အစိုးရသစ်အနေနဲ့၊ ဥပမာဆိုလို့ရှိရင် တဖက် စွန်းရောက်တဲ့ဟာတွေကို အစိုးရသစ် NLD အနေနဲ့လည်းပဲ ဒါတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပြီးတဲ့နောက် စစ်မှန်တဲ့၊ လူမျိုးခွဲ၊ ဘာသာမခွဲခြားဘဲနဲ့ ညီအကို မောင်နှမလို ဆက်ဆံဖို့ရန်အတွက်လည်း အစိုးရအနေနဲ့ အထူးပဲ အားပေးနေတယ်ဆိုတာ ဖြစ်တဲ့အခါမှာ ဒီ သွားနေတဲ့ လမ်းကြောင်းက အထူးပဲ ပိုမိုပြီးတော့ အဆင်ပြေမယ်လို့ ဆရာတော့အနေနဲ့ အထူးပဲ ယုံကြည်ထားပါတယ် နော်။”
အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ကာဒီနယ် Charles Maung Bo ဟာ ရန်ကုန် ရိုမန်ကက်သလစ် ဂိုဏ်းချုပ်ကြီးအဖြစ် ၂၀၀၃ ခုနှစ်ကနေ တာဝန်ထမ်းဆောင်နေခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ရဟန်းမင်းကြီး အမတ်လို့ခေါ်တဲ့ ကာဒီနယ်အဖြစ် ရွေးချယ် တင်မြောက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ရိုမန်ကက်သလစ် ဘာသာအတွင်း ကာဒီနယ် အပါး (၂၀၀) ရှိတဲ့အထဲက တပါးအဖြစ် Charles Maung Bo ကို ရွေးချယ် တင်မြောက်ခဲ့တာလည်း ဖြစ်ပါတယ်။
ကာဒီနယ် ဘုန်းတော်ကြီးတွေဟာ ရိုမန်ကက်သလစ် ဘာသာအတွင်း ပုပ်ရဟန်းမင်းကြီးပြီးရင် အာဏာရှိတဲ့သူတွေဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးကို မဲပေး ရွေးချယ်နိုင်တဲ့သူတွေလည်း ဖြစ်ပါတယ်။
ကာဒီနယ် Charles Maung Bo ဟာ ကနေဒါနိုင်ငံကနေ အခုလ ကုန်ပိုင်းမှာ အမေရိကန်ပြည်ထောင်စုကို ခရီးဆက်မှာ ဖြစ်ပါတယ်။