ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ကမ္ဘာကြီးငြိမ်းချမ်းအောင် ဆောင်ရွက်ကြတဲ့အခါ အိမ်တွင်းငြိမ်းချမ်းရေးကို မေ့ထားလို့ မဖြစ်ဘူးလို့ တက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီး မနွေဦး က ပြောဆိုပါတယ်။ အမျိုးသမီးတော်တော်များများဟာ သူတို့ရဲ့ ယဉ်ကျေးမှုကြောင့် အိမ်တွင်းအကြမ်းဖက်ခံနေကြရတာကို ထုတ်ဖော်ဖို့ ဝန်လေးကြသလို၊ သူတပါးအပေါ် မှီခိုနေရတဲ့အခါ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့လည်း၊ ခက်ခဲတာကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ လိုတယ်လို့ သူက ဆိုပါတယ်။ ဒီမိုကရေစီနိုင်ငံကြီး တနိုင်ငံမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံစုံကလေးတွေက အမျိုးသမီးတွေအတွက် ဘယ်လို လှုပ်ရှားမှုတွေ ဆောင်ရွက်နေသလဲဆိုတာ မခင်ဖြူထွေး က မေးမြန်းထားပါတယ်။
မခင်ဖြူထွေး ။ မနွေဦး အခုလို ဝါရှင်တန်ဒီစီကို ရောက်ခိုက်မှာ ကျမတို့ ဗွီအိုအေရုံးကို တကူတကလာပြီးတော့ အင်တာဗျူးပေးတာကို ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
မနွေဦး ။ ။ ကျမလည်း ဗွီအိုအေကို ကျေးဇူးတင်ပါတယ်။
မခင်ဖြူထွေး ။ မနွေဦး San Francisco Bay area အမေရိကန်ပြည်ထောင်စုရဲ့ အနောက်ဘက်ခြမ်း Oakland မှာ မြန်မာဒုက္ခသည်တစ်ယောက်အနေနဲ့ ရောက်လာခဲ့တဲ့အချိန်တည်းက လူမှုရေး၊ အမျိုးသမီးအခွင့်အရေးကိစ္စတွေ၊ တော်တော်များများမှာလည်း ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့တာကို ကျမတို့ တွေ့ရပါတယ်။ ဆိုတော့ မနွေဦး ဒီကို ဘယ်အချိန်က ရောက်လာခဲ့ပြီးတော့ ဒီလိုမျိုးအလုပ်တွေကို စလုပ်ဖြစ်တာလဲ။ နည်းနည်းလောက် ပြောပြပါလား။
မနွေဦး ။ ။ ကျမ အမေရိကန်ကိုရောက်တာ ၂၀၀၇ မှာ ကယ်လီဖိုးနီးယားကို ရောက်လာပါတယ်။ ရောက်လာတဲ့အချိန်ကစပြီး ကျမ မိခင်တစ်ယောက် ဖြစ်ပါတယ်။ ကျမမှာ လောလောဆယ် ခလေး (၃) ယောက် ရှိနေပါတယ်။ ဆိုတော့ မိခင်တစ်ယောက်ရဲ့ လှုပ်ရှားမှုဟာ မိသားစုရဲ့တာဝန်၊ အသိုင်းအဝိုင်းပေါ်တာဝန်။ ဘာကြောင့်လဲဆိုတော့ ရောက်လာခဲ့တဲ့ refugees တော်တော်များများက ဘာတွေ အခက်အခဲရှိသလဲဆိုတော့ ဘာသာစကားအခက်အခဲ၊ အသစ်အသိုင်းအဝိုင်းမှာ ရောက်လာတဲ့အတွက် အလုပ်ရှားပါးမှုတွေ အများကြီး အခက်အခဲရှိပါတယ်။ အဲဒီ အခက်အခဲတွေကို ကိုယ်ရဲ့ အခက်အခဲအပါအဝင် ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုပြီး လှုပ်ရှားခဲ့ပါတယ်။
မခင်ဖြူထွေး ။ မြန်မာဒုက္ခသည်တွေကို လာပြီးတော့ ကူညီစောင့်ရှောက်ပေးတယ်လို့ သိရပါတယ်။
မနွေဦး ။ ။ ကူညီစောင့်ရှောက်ဆိုတာကို ဥပမာ နည်းနည်းပြောပြချင်တာက ဆေးရုံမှာ ဘာသာပြန်တာကအစ၊ ည (၁၂) နာရီ၊ (၁) နာရီမှာ ဘာသာပြန်မရှိဘူး။ Social ရုံးတွေမှာ ဘာသာပြန်မရှိဘူးဆိုတော့ အင်္ဂလိပ်စကား မပြောတတ်တဲ့ မြန်မာတင်မဟုတ်ဘူး။ တခြားနိုင်ငံတကာက ရောက်လာတဲ့လူတွေက တော်တော်လေးကို အခက်အခဲ ဖြစ်ပါတယ်။ အလုပ်ရှာတဲ့ နေရာတွေမှာလည်း ကျနော်က Advocate လုပ်ပေးပါတယ်။
မခင်ဖြူထွေး ။ နောက် မနွေဦး ပါဝင်လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေဆိုရင် မြန်မာအဖွဲ့အစည်းသက်သက် မဟုတ်ဘူးလေ။ နိုင်ငံတကာက ရောက်လာခဲ့တဲ့ ဒုက္ခသည်အဖွဲ့အစည်းတွေပါတယ်။ တခြားလူမှုရေးအဖွဲ့အစည်းတွေမှာ ကျမ သိသလောက်ဆိုရင် အဖွဲ့အစည်းများများပါတယ်။
မနွေဦး ။ ။ ကျမ နည်းနည်း ရှင်းပြမယ်။ စလာတဲ့အချိန်က ဗမာပြည်က ရောက်လာတဲ့ refugees တွေရဲ့ အခက်အခဲတွေကို ဖြေရှင်းဖို့အတွက်။ တယောက်တည်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ အသိုင်းအဝိုင်းပါဝင်မှုပေါ့။ ဆိုတော့ ကျနော်တို့က ဘယ်လို အဖွဲ့အစည်း တည်ထောင်သလဲဆိုရင် refugees based community based non-profit တစ်ခု ထူထောင်လိုက်ပါတယ်။ ဆိုတော့ အဲဒီ non-profit လူတွေများများအတွက် services တွေ ပေးနိုင်ရအောင်၊ လူတွေရဲ့ အခွင့်အရေးတွေကို လှုံဆော်ပေးနိုင်အောင် အဖွဲ့အစည်း တော်တော်များများ ပါဝင်ခဲ့ပါတယ်။ အမျိုးသမီးကဏ္ဍဆိုရင် အမျိုးသမီးအဖွဲ့အစည်း၊ refugees ဆိုရင် refugees, Asian Pacific Islands က လာတဲ့ ကျနော်တို့လိုပဲ refugees, immigrants တွေက အခက်အခဲတွေ အများကြီးရှိပါတယ်ဆိုတော့ အဲဒီ အခက်အခဲတွေကို အားလုံး အသိုင်းအဝိုင်းနဲ့အတူတူ ကျနော်တို့က တသံတည်းနဲ့ ပူးပေါင်းပါဝင်ပြီးရင် ဒီနိုင်ငံမှာရှိတဲ့ အစိုးရတွေကို ဘယ်လို လုပ်ဆောင်နိုင်မလဲပေါ့။ ဒီ Asian Pacific Islands က လာတဲ့လူတွေ အခွင့်အရေးဟာ အမေရိကန်နိုင်ငံ တန်တူရေးဟာ အတူတူဖြစ်စေရမယ်ဆိုပြီး အစိုးရနဲ့ တော်တော်များများကို လှုံဆော်နေပါတယ်။
မခင်ဖြူထွေး ။ အဲဒီလို လှုပ်ရှားလှုံဆော်တဲ့နေရာမှာ ဒုက္ခသည်တွေကြားမှာ ရွှေ့ပြောင်းလာတဲ့လူတွေ ဒုက္ခသည်တွေကြားမှာ အဓိက ဘာအခက်အခဲတွေ တွေ့ရသလဲ။
မနွေဦး ။ ။ ကျမရဲ့ personal အခက်အခဲတွေကို ပြောပြရမယ်ဆိုရင် ကျမဆိုရင် မိခင်တစ်ယောက်ဖြစ်တယ်။ ဒီနိုင်ငံ ရောက်လာတဲ့အချိန်မှာ ဆွေမျိုးအသိုင်းအဝိုင်း မရှိဘူး။ တစ်ယောက်မှ မသိဘူးပေါ့။ အလုပ်ရှာရတဲ့နေရာမှာ အခက်အခဲတွေ ဖြစ်ပါတယ်။ ခလေးတွေနဲ့ မိသားစုတွေနဲ့ ပညာရေးမှာလည်း အခက်အခဲ ဖြစ်ပါတယ်။ အဓိကပြောပြချင်တဲ့ highlight ကတော့ ကျနော်တို့က နယ်စပ်ကလာတဲ့လူတွေဆိုတော့ နယ်စပ်က ဒီနိုင်ငံကို လာတာက ဘဝရဲ့ လုံခြုံရေး၊ မိသားစုလုံခြုံရေး၊ ခလေးတွေ ပညာရေးအတွက် အဓိကဦးစားပြုပြီး လာတာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီမှာ မိသားစုလုံခြုံရေးဆိုရင်တော့ ကျမရဲ့ အခက်အခဲက။ ဘာအခက်အခဲ ကြုံရသလဲဆိုတော့ ကျမနဲ့ ကျမရဲ့ ခလေးတွေက ကိုယ့်မိသားစုမှာပဲ မလုံခြုံဘူး။ ကိုယ်က စစ်ပြေးဒုက္ခသည် ဖြစ်ပြီးရင် ကိုယ့်အိမ်မှာရှိတဲ့ ငြိမ်းချမ်းရေးက မငြိမ်းဘူးဆိုတော့ အဲဒီမှာ ကျမရဲ့ ဘဝဟာ အရမ်းပူလောင်ခဲ့ရပါတယ်။ Domestic violence အနေနဲ့ အရမ်း အခက်အခဲ ရောက်ခဲ့ပါတယ်။
မခင်ဖြူထွေး ။ အိမ်တွင်းအကြမ်းဖက်မှုတွေက ဒီမှာရောက်လာတဲ့ ဒုက္ခသည်တွေကြားမှာ ရှိနေတာပေါ့။ ဘယ်လောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါသလဲ။
မနွေဦး ။ ။ တော်တော်များများကတော့ မိန်းခလေးတွေ ကြုံရပါတယ်။ အခက်အခဲတွေ မိသားစုတွေ တော်တော်များများ။ တချို့လူတွေကျတော့ ကျနော်က ဒီအခက်အခဲတွေကို မပြောဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ရှက်စရာကြီး။ ဒီဟာက အသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုအရ မရှိဘူးဆိုပြီး Deny လုပ်တဲ့လူတွေ များပါတယ်။ ဒါပေမဲ့ အိမ်တိုင်းမှာ ရှိနေပါတယ်။ အမျိုးသမီးတွေက အဲဒီဟာကို ပြောဖို့ကအစ အဲဒီအကြောင်းကိုပြောရင် အရမ်းကို အရှက်ကွဲတယ်ဆိုပြီး ထင်တာပေါ့။ တကယ်တမ်းဆိုရင် အိမ်တွင်းရေးကိစ္စဟာ ကျနော်တို့က အသိုင်းအဝိုင်းကိစ္စ ဖြစ်ပါတယ်။ ဒါက နိုင်ငံတော်ရဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီကမ္ဘာကြီး ငြိမ်းချမ်းရေးက ကျနော်တို့ လုပ်ဆောင်နေတဲ့လူတွေက မေ့လို့မရဘူး။ အိမ်တွင်းရေး ငြိမ်းချမ်းရေးဟာ မိသားစုအတွက်၊ လူတစ်ယောက်အတွက်။ လူ့အခွင့်အရေး။ တန်းတူအခွင့်အရေးဆိုတာဟာ အဲဒီမှာ အရေးကြီးပါတယ်။ အိမ်မှာပဲ အရေးကြီးတယ်။ နံပတ်တစ်။
မခင်ဖြူထွေး ။ ဒီလိုမျိုး အိမ်တွင်းအကြမ်းဖက်မှုတွေဟာ အဖြစ်များတာက အာရှတိုင်းပြည်တွေမှာ မြန်မာနိုင်ငံလို နိုင်ငံမျိုးတွေမှာ မိသားစုအဆင်မပြေတာဟာတွေ၊ တိုင်းပြည် အဆင်မပြေတဲ့နေရာတွေမှာလည်း အဖြစ်များတယ်ဆိုတာ ရှိတယ်။ ဒါပေမဲ့ အခု ဒုက္ခသည်တွေဆိုရင် ဒီနိုင်ငံကို ရောက်လာခဲ့ပြီ။ နောက် အမေရိကန်လို ပြည်ထောင်စုမှာလည်း ရောက်လာပြီးတော့မှ ဒီလိုမျိုး အိမ်တွင်းအကြမ်းဖက်မှုတွေ ဆက်ပြီးတော့ ဖြစ်နေသေးတယ်ဆိုတာက ဘယ်အကြောင်းအရာတွေက ဒီလိုမျိုးဖြစ်အောင် သူတို့ကို လှုံဆော်နေတာလဲ။
မနွေဦး ။ ။ နံပတ်တစ် ကျနော်တို့မှာ ရိုးရာယဉ်ကျေးမှုကတော့ လူတိုင်းမှာ ကောင်းတာရှိသလို၊ ဆိုးတာရှိခဲ့တယ်။ တချို့ယဉ်ကျေးမှုတွေက ကျနော်တို့မှာ အမျိုးသမီးတွေအတွက် အဟန့်အတား ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တန်းတူရေးဆိုပြီး၊ လူ့အခွင့်အရေးဆိုပြီး လေးစားတန်းဖိုးထားမှုဆိုတာ အမျိုးသမီးအပေါ်မှာ အဲဒီလိုအမြင်မျိုးဟာ ကျနော်တို့ ဒီအသိုင်းအဝိုင်းမှာ လူတော်တော်များများမှာ မရှိခဲ့ဘူး။ ဆိုတော့ တန်းတူရေးမဟုတ်ပါဘူး။ အမျိုးသမီးအရေးပဲထင်တယ်။ အမျိုးသမီးတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာ လူ့တစ်ယောက်ရဲ့ အခွင့်အရေးနဲ့ အတူတူပါပဲ။ ဆိုတော့ အဲဒီမှာ အခက်အခဲ ဘာရှိလဲဆိုတော့ ကျမအနေနဲ့ point လုပ်ချင်တာက စစ်ဖြစ်နေတဲ့ နိုင်ငံတွေမှာ တော်တော်များများ အမျိုးသမီးတွေက စစ်တပ်က ဒုက္ခပေးတာတွေအဖြစ်မျိုး။ မုဒိန်းကျင့်ခံရတာတွေ ရှိတယ်။ အိမ်တွင်းမှုပြဿနာတွေရှိတယ်။ အသိုင်းအဝိုင်းရဲ့ ဒဏ်တွေရှိတယ်ဆိုတော့ အမျိုးသမီးတွေက ဒီနိုင်ငံကို ရောက်လာတဲ့အချိန်မှာဆိုရင် အဲဒီအရင်တုန်းက အဖြစ်အပျက်တွေဟာ သူတို့ဘဝမှာ PTSD ဖြစ်တယ်။ အရင်တုန်းက ဖြစ်နေတဲ့အကြောင်းတွေဟာ ပြန်ပြီး ဒီနိုင်ငံကို ရောက်လာတဲ့အချိန်မှာ အခက်အခဲကြုံရတာက စစ်ပြေးဒုက္ခသည်အနေနဲ့ ဒီနိုင်ငံမှာ မကြုံရပေမယ့် အလုပ်ရှာဖွေရေး အခက်အခဲတွေရှိတယ်။ အသစ်အသိုင်းအဝိုင်း ရောက်လာတဲ့အချိန်မှာ အမျိုးသမီးတွေက မလုံခြုံမှုဖြစ်တယ်။ ဆိုတော့ အလုပ်ရှားပါးမှုတွေဖြစ်တယ်။ ဆင်းရဲပြီး အလုပ်အခွင့်အရေးတွေ မရှိဘူး။ ကိုယ့်ကိုယ်ကို မရပ်တည်နိုင်ဘူးဆိုရင် အိမ်မှာလည်း ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဝင်ငွေက ထမင်းစားနေတာ ယောကျ်ားအပေါ်မှာပဲ မူတည်ပြီး စားနေရတယ်ဆိုတော့ အမျိုးသမီးတွေက ဘာလဲဆိုတော့ ဒီဝင်ငွေ ကိုယ့်ကိုယ်ကို ရပ်တည်ဖို့က အရမ်းအရေးကြီးပါတယ်။ အလုပ်ရှိဖို့၊ ပညာရေးတိုးတက်ဖို့ ကိုယ်ရဲ့ အခွင့်အရေးကဘာ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က ကိုယ့်အိမ်ပေါ်မှာ ကိုယ့်မိသားစုပေါ်မှာ ကိုယ့်အသိုင်းအဝိုင်းပေါ်မှာ ဘယ်လောက်အထိ အရေးကြီးသလဲဆိုတာ၊ ဘာကြောင့်လဲဆိုရင် ကိုယ်ဆုံးဖြတ်လိုက်တာနဲ့ ကိုယ့်တစ်ယောက်တည်းအတွက် မဟုတ်ဘဲ ကိုယ့်မိသားစုမှာ၊ ကိုယ်မှာပါလာတဲ့ ခလေးတွေက အရေးကြီးပါတယ်။
မခင်ဖြူထွေး ။ ဒါတွေကို ကျော်လွှာနိုင်ဖို့ဆိုရင်ကော ဘယ်လို အခြေအနေတွေရှိဖို့ လိုအပ်သလဲ။
မနွေဦး ။ ။ စစ်ပြေးဒုက္ခက ရောက်လာတဲ့ မိသားစုတွေကို စိတ်နဲ့ ပတ်သက်လို့ သူတို့ စိတ်ပျော်ရွှင်မှုကိစ္စတွေကို၊ အရင်တုန်းက အတိတ်သမိုင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကျမတို့က mental help အနေနဲ့ ကူညီဖို့ လိုအပ်တယ်လို့ ထင်တယ်။ နံပတ်တစ်ပေါ့။ နံပတ်နှစ်အနေနဲ့ ဒီ system က အများကြီး အကူအညီမပေးဘူး။ အမေရိကမှာရှိတဲ့ ဒုက္ခသည်တွေကို။ ရောက်လာတဲ့လူတွေက အရမ်းကို ဘယ်ကိုသွားရမလဲ။ ဘာလုပ်ရမှန်း မသိဘူးဆိုတော့ system က change လုပ်ဖို့ လိုတယ်။ အများကြီးပဲ။
မခင်ဖြူထွေး ။ နောက် မနွေဦးတို့လို လူမှုရေးကိစ္စတွေမှာ ကူညီတဲ့ အဖွဲ့အစည်းတွေက ဘာတွေ အကူအညီ ပေးနိုင်မလဲ။ ဒီလူတွေအပေါ် ဘာတွေ ပေးနေသလဲ။
မနွေဦး ။ ။ အမေရိကမှာ ရောက်နေတဲ့ တော်တော်များများ လူ့အဖွဲ့အစည်းတွေ၊ အာရှကလာတဲ့ တော်တော်များများ အခက်အခဲတွေ ဘာကြုံရသလဲဆိုတော့ ဒီဟာတွေကို ဝိုင်းလုပ်ဖို့အတွက် volunteer လုပ်နေရတဲ့လူတွေ အများကြီး များပါတယ်။ အဖွဲ့အစည်းတစ်ခု ရပ်တည်ဖို့အတွက် ဥပမာဆိုရင် funding တွေ မရှိဘူး။ volunteer အနေနဲ့ တစ်ရက်လုပ်နိုင်တယ်၊ နှစ်ရက်လုပ်နိုင်တယ်။ သုံးရက်ထက် မလုပ်နိုင်တော့ဘူး။ ကျနော်တို့ လုပ်ခဲ့တာ နှစ်ပေါင်းအကြာကြီး။ ရေရှည်မှာကျတော့ ဒီအသိုင်းအဝိုင်းတစ်ခုက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ sustain ဖြစ်ဖို့က အများကြီး အကူအညီလိုတယ်။ အမေရိကန်အစိုးရရဲ့ နားလည်းမှု၊ ပူးပေါင်းပါဝင်မှု၊ အသိုင်းအဝိုင်းပေါ်မှာ ကူညီမှုက အရမ်းအရေးကြီးပါတယ်။
မခင်ဖြူထွေး ။ မြန်မာဒုက္ခသည်တွေဆိုလို့ရှိရင် တခြားတိုင်းပြည်က ဒုက္ခသည်တွေထက် နှိုင်းယှဉ်မယ်ဆိုရင် ပိုပြီးတော့ လူဦးရေအားဖြင့်လဲ နည်းတယ်။ ဒီလို နည်းတဲ့အခါမှာ အစိုးရဖက်ကနေ အနည်းစုအပေါ်မှာ ပေးတဲ့၊ သူတို့ဖက်ကနေ အာရုံစိုက်မှုပေးတာ ပြည့်ပြည့်ဝဝ ရရဲ့လား။
မနွေဦး ။ ။ အဲဒါ မရှိခဲ့တဲ့အတွက် ကျနော်တို့ အများကြီး စကားပြောရတာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါကြောင့်ပဲ ကျနော်တို့က ဖယ်ဒရယ်အစိုးရ၏ ကျန်းမာရေး၊ လူမှုရေး ထောက်ပံ့ရေးဌာနတွေ၊ အစိုးရရဲ့ ဖယ်ဒရယ်အစိုးရရဲ့ ကိုယ်စားလှယ်တွေကို ကျနော်တို့ အသိုင်းအဝိုင်းကိုလာပြီးရင် စကားနားထောင်ပါ။ သူတို့ cause တွေကိုကြည့်ပါ။ အဓိက သူတို့ ဘာတွေ problem ရှိတာမရှိတာထက် ဘာအခက်အခဲရှိလဲ။ အဲဒီ အခက်အခဲတွေကို ကျနော်တို့ အသိုင်းအဝိုင်းနဲ့အတူတူ အမေရိကန်အစိုးရက ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာပဲ ကျမ နားထောင်စေချင်တယ်။ အဲဒီလိုမျိုး နားထောင်ဖို့အတွက် အစိုးရကို ကျနော် ဖိတ်ခေါ်ပြီးရင် …. အဖွဲ့အစည်းတွေနဲ့ ကျနော်တို့က လက်တွဲပြီး ဖယ်ဒရယ်အစိုးရတွေကို ဖိတ်ပါတယ်ဆိုတော့ သူတို့လာပြီး နားထောင်ပါတယ်။ နားထောင်ပြီးရင် ဘယ်လိုမျိုး ပုံစံနဲ့ ဖြေရှင်းမလဲဆိုတဲ့ policy program တွေကို လုပ်ဖို့အတွက် သူတို့ ပြင်ဆင်နေပါတယ်။ အများကြီးပဲ။
မခင်ဖြူထွေး ။ အဲဒါတွေ လိုက်လုပ်ရင်နဲ့ထင်တယ် ကျမထင်တာ မနွေဦး ပြီးခဲ့တဲ့နှစ်တုန်းကလည်း သမ္မတအိုဘားမား က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ San Francisco Bay Area မှာ ကျမထင်တယ် Chinatown မှာထင်တယ်။ မိန့်ခွန်းပြောတဲ့အချိန်တုန်းက မနွေဦးကိုလည်း တွေ့လိုက်ရပါတယ်။ အဲဒါက ဘယ်လိုဖြစ်ပြီးတော့ တက်ရောက်ဖြစ်သွားတာလဲ။ သမ္မတနဲ့ တွေ့ခွင့်ရခဲ့သလား။ အဲဒါ နည်းနည်းပြောပြပါ။
မနွေဦး ။ ။ အဲဒီမှာ ကျနော်တို့မှာ ကျမမှာ personal ပုဂ္ဂိုလ်ရေးအရ ကိုယ့်မှာ အခက်အခဲတွေ အများကြီးရှိတယ်။ ကိုယ့်အသိုင်းအဝိုင်းတွေ အခက်အခဲတွေ အများကြီးရှိတယ်ဆိုတာကို ကိုယ်တစ်ယောက်တည်းက ဖြေရှင်းလို့မရတဲ့အတွက် ဒီအမေရိကန်နိုင်ငံ နိုင်ငံရေးလှုပ်ရှားမှုတွေကြားထဲမှာ အများကြီး ကြိုးစားခဲ့ပါတယ်။ ကြိုးစားပြီး အိုဘားမားနဲ့ တွေ့ခွင့်ရပါတယ်။ Private dinner လည်း တက်ခွင့်ရခဲ့ပါတယ်။ အဲဒီမှာ ကျနော်တို့ အသိုင်းအဝိုင်း အခက်အခဲတွေ ပြောပြတော့ တော်တော်များများက နားလည်းမှု တည်ဆောက်နိုင်ပါမယ်လို့ ကျမထင်တယ်။ အနာဂတ်မှာပိုပြီး။ အခုလောလောဆယ် ပိုပြီး အမေရိကန်အစိုးရနဲ့ ဆက်စပ်မှုအချိန်မှာ အမေရိကမှာ ရှိနေတဲ့ ကွန်ဂရက်တို့မှာ ဆီနိတ်တို့မှာ မြန်မာပြည်ကအသံရယ်၊ မြန်မာပြည်အသိုင်းအဝိုင်းရဲ့အသံရယ်ဆိုတော့ အဲဒါကြောင့်ပဲ ကျမ ဝါရှင်တန်ဒီစီကို ခဏခဏ ရောက်ပြီးရင် အဲဒီမှာ စကားပြောခွင့်လည်းရတယ်။
မခင်ဖြူထွေး ။ သမ္မတနဲ့ တွေ့တုန်းက သမ္မတနဲ့ စကားပြောခွင့် ကြုံခဲ့သေးလား။
မနွေဦး ။ ။ ကြုံခဲ့ပါတယ်။
မခင်ဖြူထွေး ။ ဘာတွေ ပြောဖြစ်ခဲ့လဲ။
မနွေဦး ။ ။ ဗမာပြည် လောလောဆယ် လက်ရှိ ဖြစ်နေတဲ့ ပြဿနာ အခက်အခဲအပေါ်မှာ အမေရိကန်အစိုးရက ကူညီမှုက ပါဝင်မှုက အရမ်းအရေးကြီးပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ မိသားစုတွေ ရေရှည် နိုင်ငံရေး peaceful process မှာ အရမ်းအရေးကြီးပါတယ်။
မခင်ဖြူထွေး ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ဒီနိုင်ငံမှာ ရောက်လာပြီးတော့ ဒီလိုမျိုးလည်း တက်တက်ကြွကြွ လုပ်နိုင်တဲ့ အခြေအနေကို ရောက်ခဲ့တယ်။ ဘာတွေက မနွေဦးကို motivate လုပ်ခဲ့တာလဲ။
မနွေဦး ။ ။ ကျမဘဝ၏ အခက်အခဲတွေက အများကြီး ရှိခဲ့တဲ့၊ ရှိနေတယ်။ အခုထိ ရှိနေပါတယ်။ မိသားစုအခက်အခဲ။ ကျနော်တို့က အမျိုးသမီးဖြစ်ပေမယ့် ဒီအခက်အခဲတွေကို သမိုင်းကိုထိုင်ပြီး ငိုနေတဲ့ အချိန်ကလည်း ကျနော်တို့မှာ မရှိဘူး။ အခက်အခဲ ဘယ်လောက်ရှိရှိ ကျနော်တို့က ကြိုးစားရမယ်။ ကျနော်တို့မှာ ရှိနေတဲ့ သားသမီးတွေကို လူတစ်ယောက်ဖြစ်အောင် အများကြီး ကြိုးစားရမယ်။ မိခင်တစ်ယောက်ဖြစ်တယ်။ ပြီးရင် မိခင်တစ်ယောက် အိမ်မှာသာ မဟုတ်ဘူး။ တိုင်းပြည်နဲ့လူမျိုး ပြီးရင် ကမ္ဘာ့အပေါ်မှာလည်း သူ၏ ဆုံးဖြတ်ချက်၊ သူ၏ ပူးပေါင်းပါဝင်မှု၊ သူ၏ ကြိုးစားမှုက အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် ကျမ ပါဝင်မှုဟာ role model လည်း နည်းနည်းဖြစ်ပါတယ်။ ကျမတို့ နိုင်ငံတကာမှာရှိတဲ့ အမျိုးသမီးတွေ လှုပ်ရှားမှုဟာ အများကြီး အမျိုးသမီးတွေက လှုပ်ရှားနေပါတယ်။ အဲဒီမှာ တခြားလူတွေကိုလည်း ကျမ ဥပမာအနေနဲ့ ပြချင်တာက ကျမသာ မဟုတ်ဘူး ဒီတကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေက အခက်အခဲတွေကို ဖြေရှင်းဖို့အတွက် အမျိုးသမီးတွေ အများကြီး အလုပ်လုပ်ရမယ်။ အဲဒါကြောင့် ကျမ ကြိုးစားတယ်။ နောက်ထပ်လည်း ကြိုးစားအုံးမှာပါ။
မခင်ဖြူထွေး ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခုလိုမျိုး ကျမတို့ဆီလာပြီး ဖြေကြားပေးတဲ့အတွက်။