မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာရှုထောင့်

လူ့အခွင့်အရေးဘာသာမဟာဘွဲ့အတွက် ပညာသင်ယူနေတဲ့ Fulbright ပညာတော်သင်ကျောင်းသူ မအိမ့်သီရီသူ

Your browser doesn’t support HTML5

မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာရှုထောင့်

ဒီတပတ် မြန်မာ့အရေးဆွေးနွေးခန်းမှာ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဘယ်လိုအကျိုးဆက်တွေ မြန်မာအစိုးရအပေါ်ကို သက်ရောက်နိုင်ပါသလဲ။ အမေရိကန်ပြည်ထောင်စုမှာ လူ့အခွင့်အရေးဘာသာ မဟာဘွဲ့အတွက် သင်ယူနေတဲ့ Fulbright ပညာတော်သင်ကျောင်းသူ မအိမ့်သီရိသူ ကို ကိုငြိမ်းချမ်း က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မသီရိ က Peace and Conflicts in Burma ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကို လာရောက်ပြီး ပင်တိုင်ဆွေးနွေးသူအဖြစ်နဲ့ ဆွေးနွေးတယ်လို့ ကျနော်တို့ သိထားပါတယ်။ ဆွေးနွေးပွဲမှာ နိုင်ငံတကာက မြန်မာနိုင်ငံရဲ့ ပဋိပက္ခတွေအပေါ် သူတို့ ဘယ်လိုရှုမြင်သုံးသပ်ကြပါသလဲ။

ဖြေ ။ ။ ပြည်တွင်းမှာ တကယ့် လက်ရှိ လှုပ်ရှားနေသူတွေ မြေပြင်အခြေအနေကို သိတဲ့သူတွေ၊ နိုင်ငံတကာမှာဆိုရင်လည်း လက်ရှိအခြေအနေကို … သွားကြတယ်။ အဲဒီအခြေအနေတွေကို ပြန်ပြီးတော့ ဆွေးနွေးတယ်၊ သုံးသပ်ကြတယ်။ များသောအားဖြင့် အဖြေရှာတဲ့သဘောပါ။ မြန်မာသံအမတ်ကြီး ဦးအောင်လင်းလည်း တက်ရောက်တယ်။ မြန်မာသံရုံးဘက်ကလည်း အပြုသဘောဆောင်ပြီးတော့ လိုလိုလားလားနဲ့ နိုင်ငံတကာနဲ့ ဒီကိစ္စအပေါ်မှာ ရခိုင်အရေးကိစ္စကို ဆွေးနွေးချင်တယ်၊ အဖြေရှာချင်တဲ့သဘောပေါ့။ အားလုံးက တော်တော်များများကတော့ ဘယ်လိုအခက်အခဲမျိုးတွေ ရှိနေတယ်ဆိုတာတွေကို တင်ပြသွားတယ်။ မြေပြင်အခြေအနေမှာ ဘယ်လိုမျိုးရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာမှာမြင်တဲ့ အမြင်နဲ့ ပြည်တွင်းအမြင်နဲ့ အမြင်တွေက တော်တော်လေး ကွဲပြားနေတာဖြစ်တဲ့အတွက်ကြောင့်မို့ ပြန်ပြီးတော့ အချင်းချင်း အမြင်ဖလှယ်ကြတဲ့သဘောမျိုး ဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆို မြန်မာပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေက မြန်မာပြည်မြောက်ပိုင်း ရှမ်းပြည်နယ်ဘက်မှာလည်း ဖြစ်နေတယ်။ အခု ရခိုင်ပြည်နယ်မှာလည်း ဖြစ်နေတယ်။ အဲဒီထဲမှာမှ ရခိုင်ကိစ္စကို နိုင်ငံတကာမှာ အာရုံစိုက်ပြီးတော့၊ ပိုပြီးတော့ ပြောနေကြတာကို တွေ့ရပါတယ်။ အဲဒါ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ တခုကတော့ မြန်မာနိုင်ငံမှာ တခြားပဋိပက္ခတွေ ဖြစ်နေတဲ့ဟာကို နိုင်ငံတကာက သိပ်မသိကြတာလဲရှိတယ်။ ပြည်တွင်းစစ်တွေ ဖြစ်နေတယ်။ အရှေ့မြောက်ပိုင်း၊ မြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတယ်။ ဒါပေမဲ့ အဲဒါတွေကို သိပ်မသိကြဘူး။ နိုင်ငံတကာစာမျက်နှာကို မရောက်ဘူး။ ဒါပေမဲ့ ရခိုင် ရိုဟင်ဂျာကိစ္စကတော့ ပိုပြီးတော့ သိကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက Stateless ဖြစ်နေတာ နိုင်ငံခိုလှုံမှုမရှိ။ နောက်တခုက လက်ရှိအခြေအနေမှာ လူအများကြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ထွက်သွားခဲ့ကြတယ်။ အဲဒီလို အခြေအနေကြောင့် ဒါက Humanitarian လူသားချင်းစာနာထောက်ထားမှု ပဋိပက္ခ ဖြစ်နေတာကြောင့် ပိုပြီးတော့ အာရုံပိုစိုက်တာလို့ မြင်တယ်။

မေး ။ ။ ပဋိပက္ခတွေ နေရာအနံှမှာ ဖြစ်နေတယ်။ ရခိုင်ကို ပိုပြီးအာရုံစိုက်တယ်ဆိုတာ လူအများကြီး ထွက်သွားလို့ပေါ့။ ဒီလူအများကြီး ထွက်တဲ့အကြောင်းကလဲ ရခိုင်မြောက်ပိုင်းမှာ လက်နက်ကိုင်အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ အခြေအနေတွေ ရှိပါတယ်။ တခြားနေရာတွေမှာလည်း ဥပမာ ရှမ်းမြောက်၊ ကချင်ပြည်နယ်တို့မှာလည်း လက်နက်ကိုင် အကြမ်းဖက်မှုတွေ ရှိပါတယ်။ အဲဒီတော့ အဲဒီနှစ်ခုက ဘယ်လိုကွာခြားလဲ မသိဘူး။

ဖြေ ။ ။ ၂၀၁၇ တိုက်ခိုက်မှု မဖြစ်ခင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်။ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ပဋိပက္ခတွေမှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်။ များသောအားဖြင့် တိုက်ပွဲတွေ ဖြစ်နေတဲ့အခါကြတော့ မြန်မာနိုင်ငံ မြောက်ပိုင်းကို အရင်ပြောမယ် -

အဲဒီမှာ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံက စစ်ပွဲကာလအတွင်းမှာဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပုံစံတွေ၊ တိုက်ဖွဲ့ဝင်တွေအချင်းချင်းမှာ တိုက်ခိုက်ကြတဲ့အခါမှာ မြန်မာအစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်စစ်တပ်တွေက အဲဒီအချိန်မှာ အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေ ဒေသခံတွေက ခံရတယ်။ ပြည်သူတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက စစ်ပွဲနဲ့ သက်ဆိုင်တဲ့ဟာမျိုးတွေဖြစ်တဲ့ ပေါ်တာဆွဲခံရတာ၊ မြေမြုပ်ပုံကိစ္စမျိုးတွေ။ ဒါမှမဟုတ် အဓမ္မပြုကျင့်ခံရတဲ့ လုပ်ရပ်တွေက ပိုများတယ်။ နေ့စဉ်နေ့တိုင်း သူတို့တွေ ကြုံရတယ်။ ဒါပေမဲ့ ရခိုင်မှာကြတော့ ၂၀၁၇ အရေးကိစ္စ မဖြစ်ခင်၊ ၂၀၁၂ မဖြစ်ခင် အရင်ကတည်းက မူစလင်တွေ ကြုံတွေ့နေရတာတွေက သူတို့တွေ တနေရာကနေ တနေရာကို သွားလို့မရဘူး။ ပညာရေး၊ စီးပွားရေးနဲ့ ပတ်သက်လို့ အခွင့်အရေး တန်တူမရကြဘူး။ ဒါပေမဲ့ အဲဒီလိုပြောလို့ ရခိုင်လူမျိုးတွေမှာလည်း ပိုပြီးတော့ ကောင်းမွန်ဟာမျိုး ရနေတာမျိုးတော့ မဟုတ်ဘူးပေါ့။ ပြည်နယ်တခုလုံးက ဆင်ရဲမွဲတေတဲ့ အခါကြတော့ သူတို့မှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အကုန်လုံးကတော့ နိမ့်ကျတယ်။ ဒါပေမဲ့ မူစလင်တွေကြတော့ ဘာပိုပြီး အခက်အခဲ ရှိသလဲဆိုတော့ သူတို့က ခွင့်ပြုချက်တွေအဆင့်ဆင့်နဲ့ဆိုတော့ အတော်လေး ခက်ခဲတာပေါ့။

အခုကိစ္စမှာကြတော့ ၂၀၁၇ မှာဆိုရင် တစုတဖွဲ့သောသူတွေ၊ ARSA လက်နက်ကိုင်အဖွဲ့ကနေ အစိုးရစစ်တပ်နဲ့ ရဲဌာနတွေကို တိုက်ခိုက်တယ်။ အဲဒီလိုဖြစ်ပြီး နှိမ်နင်းတဲ့အခါမှာ စစ်တပ်က အလုံးအရင်းနဲ့ လုပ်တယ်။ မတူတာတခုကတော့ တခြားနေရာတွေမှာလည်း လုပ်ပေမယ့်။ ကချင်နဲ့ တိုက်နေပေမယ့်လဲ ကချင် KIA က တိုက်လို့ဆိုပြီး ကချင်လူမျိုးစု တစုလုံးကို နှင်ထုတ်လိုက်တာမျိုး၊ တိုက်ထုတ်လိုက်တာမျိုး မရှိဘူးပေါ့။ ဒီမှာကြတော့ ARSA အဖွဲ့က တိုက်တာနဲ့ လူမျိုးစုတစုလုံးကို အတင်းအကြပ် တွန်းထုတ်လိုက်သလို ဖြစ်တဲ့ဟာ အဲဒီနှစ်ခုက ကွာမယ်လို့ထင်တယ်။ အဲဒါကြောင့်မို့လဲ နိုင်ငံတကာက မြင်တဲ့အမြင်က ကွာတယ်လို့ မြင်ပါတယ်။

မေး ။ ။ ဒီပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက် ဘယ်လို လက်တွေ့ကျတဲ့ ချဉ်းကပ်လုပ်ဆောင်မှုမျိုးကို အကြံပေးချင်ပါလဲ။

ဖြေ ။ ။ အခုကကြတော့ နိုင်ငံတကာက တခါတလေကြတော့ သတင်းအချက်အလက် မရဘူး၊ အပြည့်အစုံမရဘူး။ မြေပြင်အခြေအနေကို မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာအစိုးရကလည်း ဒီဘက်ကို သွားခွင့်မပေးထားတာတွေရှိတယ်။ အခုက အချင်းချင်း တဘက်နဲ့တဘက် ကြားအနေနဲ့ မြင်တွေ့ရတာက နိုင်ငံတကာဘက်က ဒါတွေဖြစ်နေတယ်ဆိုတဲ့ဟာမျိုး အတင်းပြောနေတယ်။ တဘက် ပြည်တွင်းက မဖြစ်ပါဘူး၊ လုံးဝမဖြစ်ပါဘူးဆိုတဲ့ဟာမျိုး ပြောနေတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ မြေပြင်အခြေအနေကို မသွားဘဲနဲ့ ဒါတွေဖြစ်နေတယ်ဆိုတာ ပြောတဲ့ဟာ ခက်တယ်။ မဖြစ်ဘူးလို့ ငြင်းဖို့လည်း ခက်တယ်။ အဓိက ဒီနေရာတွေကို ဖွင့်ပေးပြီးတော့ ဘက်လိုက်မှုကင်း၊ လွတ်လွတ်လပ်လပ် စုံစမ်းစစ်ဆေးမှုတွေ သွားခွင့်ပေးရမယ်လို့ ထင်တယ်။ မဟုတ်လို့ရှိရင် အခုလိုပဲ တဘက်နဲ့တဘက် တဘက်ကဖြစ်တယ်လို့ ပြောတယ်။ တဘက်က မဖြစ်ဘူးလို့ ပြောတဲ့ဟာမျိုးက ပိုပြီးတော့ ပြဿနာကို ပိုပြီးတော့ ကြီးထွားစေတယ်။ အမှန်တော့ ဖြစ်နိုင်လို့ရှိရင် သတင်းအချက်အလက်ကတော့ အရေးကြီးတာပေါ့။ ဘယ်သူမဆို မူဝါဒချမှတ်မယ်ဆိုရင်တော့ ဘယ်ခေါင်းဆောင်မဆို သတင်းအချက်အလက်တွေကို ရရှိဖို့ အရေးကြီးတာမို့ အခုအချိန်က ဘာဖြစ်သင့်တယ်ဆိုတာထက် ဒီနေရာတွေကို သွားခွင့်ပြုလိုက်ရင်တော့ ပိုပြီးတော့ သိလာနိုင်မယ်။ အဲဒီလိုမျိုးတော့ ထင်ပါတယ်။

မေး ။ ။ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Zeid Ra'ad Al Hussein က မြန်မာနိုင်ငံအစိုးရကို ICC မှာ တရားစွဲနိုင်အောင်လုပ်ဖို့ တိုက်တွန်းပါတယ်။

ဖြေ ။ ။ တိုက်တွန်းတယ်ဆိုပေမယ့် ICC ကို ခုံရုံးဖွဲ့မယ်ဆိုရင် အချက် နှစ်ချက်ပေါ်မူတည်တယ်။ အဲဒီနိုင်ငံက အရေးယူခံရမယ့်နိုင်ငံက Rome Statute ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရမယ်။ အဲဒီလိုမှသာ ICC က ဖွဲ့လို့ရမယ်။ မြန်မာနိုင်ငံက လက်မှတ်မထိုးထားဘူး။ ICC Rome Statute ကို လက်မှတ်မထိုးတာတော့ ICC က တိုက်ရိုက်အရေးယူလို့ မရဘူး။ ဒါပေမဲ့ နောက်တချက်ရှိတယ် အဲဒါက UN Security Council ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ သွားလို့ရတယ်။ ဒါပေမဲ့လဲ ကုလသမဂ္ဂမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ အနေအထား ဗီတိုအာဏာကြောင့် မြန်မာနိုင်ငံထဲကို ICC ဝင်ဖို့အခြေအနေက လတ်တလောမှာတော့ ခက်အုံးမယ်လို့ ထင်တယ်။ အဲဒီလိုမျိုး ဝင်ဖို့မလွယ်ဘူး။ နောက်ဆုံးမှာ Genocide တို့ဘာတို့ ဆုံးဖြတ်တာကတော့ ICC က ဆုံးဖြတ်တာ၊ ခုံရုံးတွေက ဆုံးဖြတ်တာဆိုတော့ ခုံရုံးဖွဲ့လို့မရဘူးဆိုရင် အရေးယူဖို့က နည်းနည်းတော့ခက်မယ်။ ဒါပေမဲ့ တခုတော့ရှိတယ် ဘာလဲဆိုရင်တော့ အဲဒီလိုမျိုး နိုင်ငံတကာခုံရုံးတွေက အရမ်းအချိန်ကြာပြီးမှလဲ ဖြစ်တာမျိုးရှိတယ်။ ဥပမာ Bosnia ဆိုရင်လည်း သိပ်မကြာခင်ကမှ လုပ်နိုင်တယ်။ အဲဒါမျိုး အချိန်ကြာပြီး တချိန်ချိန်ကြာပြီးမှ တရုတ်နဲ့ရုရှား ကိုယ့်ဘက်မှာ မရှိတော့ဘူးဆိုရင်တော့ ခုရုံးတွေ ဖြစ်လာနိုင်တယ်။

မေး ။ ။ အခု Genocide တို့ Ethnic Cleansing တို့ စွပ်စွဲနေတာနဲ့ ပတ်သက်ပြီး ဘာပြောချင်လဲ။

ဖြေ ။ ။ အခုက တော်တော်များများ နိုင်ငံတကာမှာ အစိုးရတွေနဲ့ ကုလသမဂ္ဂတို့ သုံးတာကြတော့ Ethnic Cleansing လို့ သုံးတယ်။ အမေရိကန်တောင်မှ Ethnic Cleansing လို့ သုံးတယ်။ Ethnic Cleansing က ကျင့်ဝတ်သိက္ခာပိုင်းအရ သုံးတဲ့စကားလုံး ဖြစ်တယ်။ သူမှာ ဥပဒေအရ နိုင်ငံတကာဥပဒေ မဟုတ်ဘူး။ နိုင်ငံတကာဥပဒေနဲ့ ဒီနိုင်ငံတခုသည် Ethnic Cleansing ဖြစ်လို့ နိုင်ငံတကာခုံရုံးမှာ တရားစွဲတဲ့ဟာမျိုး လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေ မဟုတ်ဘူး။ သူက Morality သိက္ခာပိုင်းဆိုင်ရာအရ အကျင့်သိက္ခာပိုင်းဆိုင်ရာအရ ပြောတာမျိုး ဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတကာကလည်း Genocide ဆိုတဲ့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတာကို သုံးတဲ့ဟာက အရမ်းကို သတိထားပြီးတော့သုံးတယ်။ တော်တော်များများကလည်း သတိထားပြီးတော့ သုံးမှရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပဒေပိုင်းဆိုင်ရာတွေ ဖြစ်နေတဲ့အတွက် ကျမတို့က Genocide လို့ ပြောမယ်ဆိုရင် သက်သေပြဖို့ အများကြီးလိုတယ်။ ဥပမာ တရားဝင် UN မှာ လုပ်ထားတဲ့၊ အသိအမှတ်ပြုထားတဲ့ Genocide ဆိုရင်လဲ သူက သတ်ဖြတ်မှုတင် မဟုတ်ဘူး၊ ကျမတို့နိုင်ငံကလူတွေ တော်တော်များများ လူမျိုးတုန်းသတ်ဖြတ်မှုဆိုရင် လူတွေအကုန်လုံးကို သတ်လိုက်တာ၊ အကုန်လုံးကိုသတ် အဲဒီလိုမျိုး အကုန်လုံးကို သတ်စရာမလိုဘူး၊ တစိတ်တပိုင်းသတ်သည်ဖြစ်စေ၊ အကုန်လုံးသတ်သည်ဖြစ်စေ။ နောက်တခုက ဒီလူမျိုးတမျိုးရဲ့ ဖြစ်တည်မှုတွေကို ဖျောက်ဖျက်တာလည်း ပါတယ်။ သတ်တာတင် မဟုတ်ဘူး။ ပြီးတော့ အဓိက နိုင်ငံတကာခုံရုံးမှာ အပြစ်ချမှတ်တဲ့အခါမှာ၊ ဖော်ထုတ်တဲ့အခါမှာ အဓိက အခက်အခဲ၊ စိန်ခေါ်မှုက ဒါသည် စိတ်အလိုအရ လုပ်တာမျိုး၊ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာဆိုတဲ့ သက်သေပြဖို့ဆိုတာ ခက်တယ်။ အဲဒါကြောင့်မို့ တော်တော်များများက Genocide ကို သုံးဖို့က အရမ်းကို သတိထားကြတယ်။ ဒါပေမဲ့ Ethnic Cleansing ကြတော့ Moral Value အရ ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာအရ ဂရုစိုက်တယ်ဆိုတယ် အဲဒီလိုမျိုး အဓိပ္ပါယ်မျိုး ပြောတာ။ ခြုံပြီးတော့ ပြောမယ်ဆိုရင်တော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ကိစ္စတွေ၊ တခြားမြန်မာပြည်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ကိစ္စတွေအားလုံးက Crimes against humanity လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အဲဒီလိုမျိုးတော့ ပြောလို့ရတယ်။

မေး ။ ။ အခုလို လာရောက်ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

Your browser doesn’t support HTML5

မြန်မာ့လူ့အခွင့်အရေး နိုင်ငံတကာရှုထောင့်