ကျောင်းသားသမဂ္ဂ နဲ့ ဒီမိုကရေစီစနစ်

ဗကသ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးဥပဒေထဲမှာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးဟာ ပါကိုပါဝင်သင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှုး မဖြိုးဖြိုးအောင်က ပြောပါတယ်၊ နိုင်ငံတဝှမ်းက တက္ကသိုလ် တော်တော်များများမှာ ကျောင်းသားသမဂ္ဂတွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေအပေါ် စိတ်ဝင်တစား ရှိကြပေမဲ့ သမဂ္ဂထဲဝင်ဖို့အတွက် ကျောင်းသားတော်တော်များများမှာ ဘေးကြပ်နံကြပ်အနေအထား ဖြစ်နေကြတယ်လို့ ဆိုပါတယ်၊ ဒီမိုကရေစီ ပညာရေးစနစ်ကို မကျင့်သုံးနိုင်ရင် ဒီမိုကရေစီစနစ်က ရေရှည်တည်တန့်နိုင်မယ်လို့ မထင်တာကြောင့် ဒီနေရာမှာ ကျောင်းသားသမဂ္ဂတွေရဲ့ ဆောင်ရွက်မှုက အရေးကြီးတယ်လို့ မဖြိုးဖြိုးအောင်က ပြောပါတယ်။ တနိုင်ငံလုံးက ကျောင်းသားသမဂ္ဂတွေအားလုံး စုစည်းနိုင်ဖို့ လှုပ်ရှားဆောင်ရွက်နေတဲ့ မဖြိုးဖြိုးအောင် အမေရိကန်ပြည်ထောင်စုကို ရောက်နေချိန် ဗကသရဲ့ ဆောင်ရွက်မှုတွေကို ကိုကျော်ကျော်သိန်းက တွေ့ဆုံမေးမြန်း တင်ပြထားပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ မဖြိုးဖြိုးအောင် ကျနော်တို့ကို တွေ့ဆုံမေးမြန်းခွင့်ပြုတာကို အများကြီး ကျေးဇူးတင်ပါတယ်။ ဆိုတော့ မဖြိုးဖြိုးအောင် က ကျောင်းသားတက်ကြွလှုပ်ရှားသူတဦး။ ဘယ်အရွယ်မှာ ကျောင်းသားတက်ကြွလှုပ်ရှားသူတဦး ဖြစ်ခဲ့တာလဲ။ အတန်းပညာ ဘယ်လောက်မှာ စဖြစ်တာလဲ။

မဖြိုးဖြိုးအောင် ။ ။ ကျမ နိုင်ငံရေးလို့ ပြောရမယ့် ကျောင်းသားလှုပ်ရှားမှုထဲ ပါလာတာ ၂၀၀၆-၂၀၀၇ အဲဒီကာလမှာ ကျမ စပြီးတော့ ကျောင်းသားလှုပ်ရှားမှုကို ပိုပြီးစိတ်ဝင်စားရကောင်းမှန်း၊ လေ့လာရကောင်းမှန်း နားလည်းလာတယ်။ အဲဒီအချိန်က တက္ကသိုလ်ကျောင်းသူ ဖြစ်လာခဲ့တယ်ဆိုတော့။ ကျမ အဲဒီအချိန်က တတိယနှစ်။ အတိအကျ ပြောရရင်တော့ တတိယနှစ် နည်းပညာတက္ကသိုလ်။ မြို့ပြအင်ဂျီနီယာဘာသာရပ် သင်ကြားနေတဲ့အချိန်မှာပဲ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဖြစ်လာတယ်။ အဲဒီမတိုင်ခင်မှာ ကျမတို့ စုစည်းထားတဲ့ ကျောင်းသားတွေက ကျောင်းသားသမဂ္ဂဖွဲ့ဖို့ စပြီးတော့ ကြိုးစားလာကြတဲ့အခါကြတော့ ကျမလည်း ပူးပေါင်းပါဝင်ဖို့ ဖြစ်လာခဲ့တယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ကျောင်းသားသမဂ္ဂ ပြန်လုပ်ကြတယ်။ ကျောင်းသားသမဂ္ဂ ဖွဲ့ကြတယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ)။ အဲဒါ စလုပ်ကြတယ်။ အဲဒီလို လုပ်ရင်နဲ့ မဖြိုးဖြိုးအောင် အဖမ်းခံရတယ်။ ထောင်ကျတယ်လို့ သိထားတယ်။ ဘယ်တုန်းက အဖမ်းခံရပြီး ထောင်ကျသလဲ။ ဘယ်နှစ်နှစ်ကျလဲ။ ဘယ်တုန်းက ပြန်လွတ်လဲ။

မဖြိုးဖြိုးအောင် ။ ။ ကျမ ၂၀၀၇ ကတည်းက အဖမ်းခံရဖို့ ဖြစ်လာတယ်။ ဒါပေမဲ့ ရှစ်လလောက် ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်။ တိမ်ရှောင်လွတ်မြောက်ခဲ့တယ်။ ၂၀၀၈ ဇွန်မှ အဖမ်းခံရတယ်။ အဖမ်းခံရတဲ့ အကြောင်းရင်းက ကျမတို့ စပြီးတော့ ဗကသ လှုပ်ရှားမှုထဲမှာ ပါဝင်လာတယ်။ ရွှေဝါရောင်တော်လှန်ရေး လှုပ်ရှားမှုထဲမှာလည်း ပါဝင်တဲ့အခါကြတော့ အဲဒီအထဲက ဖမ်းတယ်။ ကျမ ရှစ်လလုံးလုံး ရှောင်နိုင်တိမ်နိုင်ခဲ့ပြီးတော့ ၂၀၀၈ မေမှာ နာဂစ်ဆိုင်ကလုံ ကယ်ဆယ်ရေးသွားတဲ့အခါကြတော့ အဲဒီမှာ ကျမရဲ့ biography ပေါ်သွားခဲ့တယ်။ အဲဒီမှာ အဖမ်းခံရတယ်။ အရင်အမှုဟောင်းနဲ့ အဖမ်းခံရတယ်။

ကိုကျော်ကျော်သိန်း ။ ။ ထောင် ဘယ်နှစ်နှစ် ကျခံရလဲ။

မဖြိုးဖြိုးအောင် ။ ။ အားလုံပေါင်း တကယ် သူတို့ စီရင်ချက်အရဆိုရင်တော့ ရှစ်နှစ်။ ရှစ်နှစ်ကို တပေါင်းတည်း ပြန်ပေးတဲ့အခါကြတော့ လေးနှစ်။ ထောင်ကျတဲ့ နှစ်ကတော့ လေးနှစ်။ သုံးနှစ်နဲ့လေးလ မော်လမြိုင်ထောင်မှာ နေခဲ့ရတယ်။ နောက်ဆုံးပြန်လွတ်လာတာကလည်း မော်လမြိုင်ထောင်က။ ၂၀၀၁ အောက်တိုဘာလလောက်မှာ ပြန်လွတ်တယ်။ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် အချိန်တုန်းက ပြန်လွတ်တယ်။

ကိုကျော်ကျော်သိန်း ။ ။ ဒါတောင်မှ သုံးနှစ်လေးလ နေပြီးတော့ ဒုတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်နဲ့မှ လွတ်တာ။ လေးနှစ်နီးပါး ဖြစ်သွားတယ်။ ဆိုတော့ ပြန်လွတ်လာတယ်။ ဗကသ မှာ ဆက်လုပ်တယ်။ လက်ရှိက မဖြိုးဖြိုးအောင် က ဗကသများ အဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူးတာဝန်ကို ယူထားတယ့်လူလို့ သိရတယ်။

မဖြိုးဖြိုးအောင် ။ ။ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူးပါ။

ကိုကျော်ကျော်သိန်း ။ ။ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူး။ ဒီကနေ့ ဗဟိုလုပ်ငန်းကော်မတီ အထွေထွေအတွင်းရေးမှူးအနေနဲ့ ဒီကနေ့ ဗကသ ဘာတွေလုပ်နေလဲ။ ကျနော်တို့ကို ပြောနိုင်သလောက် ပြောပြပါ။

မဖြိုးဖြိုးအောင် ။ ။ ကျမတို့ ဗကသ က ဘာတွေလုပ်နေသလဲဆိုတော့ အခုလက်ရှိ ကျမတို့အတွက် အရေးအကြီးဆုံး ဖြစ်နေတာက ဗကသ ရပ်တည်ရေး။ ကျမတို့ ကျောင်းနေထဲမှာ ဗကသများ အဖွဲ့ချုပ် လုပ်ငန်းကော်မတီ စပြီးတော့ ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ကျမတို့က သမဂ္ဂတွေ ကျောင်းတွေ၊ ခရိုင်တွေ၊ ဒေသအသီးသီးမှာ သမဂ္ဂ ဖော်ဆောင်ရေး ကျမတို့ လက်ပြီးတော့ ဖွဲ့စည်းခဲ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ သမဂ္ဂအများစုက ကျောင်းထဲဝင်ဖို့ ခက်ခဲတယ်။ ရုံးခန်းတွေကအစ ကျောင်းသားတွေ စုံတာတွေ့တာအစ ကျောင်းအပြင်မှာပဲ လုပ်နိုင်တယ်။ ကျောင်းထဲမှာ လုပ်တဲ့အခါ သူတို့မှာ အခက်အခဲတွေ အများကြီး ရင်ဆိုင်ရတယ်။ ခြိမ်းခြောက်မှုတွေ ကျောင်းအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုတွေ၊ နောက်ပြီးတော့ ဆရာ၊ ဆရာမတွေရဲ့ ကြောက်ရွံခြိမ်းခြောက်မှုတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ ခြိမ်းခြောက်မှုတွေ အမျိုးစုံ ကြုံရတယ်။ ဆိုတဲ့အခါကြတော့ တော်တော်လေး အခက်အခဲတွေကြားထဲမှာ ရုန်းကန်ကြိုးစားရတယ်။ တချို့သမဂ္ဂတွေဆိုရင် ပြိုကွဲသွားသလောက်နီးပါး ဖြစ်သွားတယ်။ အခု ကျောင်းသားတွေက စပြီးတော့ ဘယ်လိုမျိုး ကျောင်းထဲမှာ အသေးစားလှုပ်ရှားမှုတွေနဲ့ ကျောင်းသားသမဂ္ဂရဲ့ တရားဝင်မှုကို ပြတာပေါ့။ အနှိမ့်ဆုံးဆိုရင် စာပေဟောပြောပွဲလိုမျိုး၊ ကျောင်းသားတွေ Student Farewell ပုံစံမျိုးတွေနဲ့ ကျောင်းသားသမဂ္ဂရဲ့ အရေးပါမှုကို ပြသကြတယ်။ တချို့ကျောင်းတွေမှာ အောင်မြင်ပေမဲ့လည်း တချို့ကျောင်းတွေမှာ အခက်အခဲတွေ အများကြီးရှိတယ်။ ဆိုတော့ အဲဒါက တဖက်ကအားဖြင့် ကျောင်းသားသမဂ္ဂရဲ့ အရေးပါမှုကို ပြသတာလည်းဖြစ်တယ်။ ကျောင်းသားသမဂ္ဂရဲ့ စည်းရုံးရေးကို ကျောင်းသားတွေကြားထဲမှာ ကျောင်းသားသမဂ္ဂ ဘယ်လောက်အရေးပါလဲ။ ဘာကြောင့် အရေးပါသလဲဆိုတဲ့ စည်းရုံးရေးကို စတာဖြစ်တယ်။

ကိုကျော်ကျော်သိန်း ။ ။ အခုန တရားဝင်မှု့ဆိုလို့ အသင်းအဖွဲ့ စည်းမျဉ်း။ အသင်းအဖွဲ့ ဖွဲ့စည်းရေးနဲ့ဆိုင်တဲ့ ဥပဒေက ထွက်သွားပြီ။ ဥပဒေသစ် ပြဌာန်းပြီးသွားပြီ။ ဆိုတော့ ဗကသ နဲ့ ကျောင်းသားသမဂ္ဂတွေ အဲဒီဥပဒေအရ မှတ်ပုံတင်ထားလား။

မဖြိုးဖြိုးအောင် ။ ။ ကျောင်းသားသမဂ္ဂတွေက မှတ်ပုံမတင်ကြဘူးဆိုတော့ အခုနောက်ပိုင်း ဥပဒေအရဆိုရင် ကျမတို့က မှတ်ပုံမတင်လို့ရတယ်ဆိုတဲ့ အနေအထားလည်း ဖြစ်တယ်။ နောက်တခုက ကျမတို့ရဲ့ အရင်ဦးဆုံး စပြီးတော့ အသင်းအဖွဲ့ (၆) နဲ့ ကျမတို့ ထောင်ကျခဲ့တာလဲ သမဂ္ဂ ဖွဲ့စည်းလို့ အသင်းအဖွဲ့ (၆) နဲ့။ ဆိုတော့ အဲဒီနောက်ပိုင်းမှာ ဘာဖြစ်လာလဲဆိုတော့ ကျောင်းသားသမဂ္ဂတွေ အားလုံးရဲ့ သဘောဆန္ဒအရ။ သမိုင်းအစဉ်အဆက်အရ ကျောင်းသားသမဂ္ဂဆိုတာ မှတ်ပုံတင်စရာ မလိုဘူးဆိုတဲ့ ယူဆချက်ပေါ်တယ်။ နောက်တခုက ဘာလဲဆိုတော့ ကျောင်းသားသမဂ္ဂတွေက အဓိက ကျမတို့နဲ့ သက်ဆိုင်တာက ပညာရေးဥပဒေ။ ပညာရေးဥပဒေမှာက ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရေးက ပါကိုပါရမယ်။ ကျောင်းသားသမဂ္ဂဆိုတာက ပြည်ထဲရေးနဲ့ မဆိုင်ဘူး။ ပြည်ထဲရေးနဲ့ တူညီမှုမရှိဘူး။ ဘယ်လိုမှလဲ ဆက်စပ်လို့ မရဘူး။ ပညာရေးဥပဒေက အဓိကအရေးကြီးဆုံး။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ မဖြိုးဖြိုးအောင်အနေနဲ့ ကျနော်တို့ တွေ့ဆုံမေးမြန်းခန်းကို ကြည့်နေတဲ့ ပရိသတ်တွေရှိတယ်။ အဲဒီ ပရိသတ်တွေကို မဖြိုးဖြိုးအောင် သေသေချာချာ အခိုင်အမာ ပြောရဲသလား။ ဗကသ သည် တရားဝင် အဖွဲ့အစည်းဖြစ်တယ်။ တရားမဝင် မြေအောက်အဖွဲ့အစည်း မဟုတ်ဘူးဆိုတာ။

မဖြိုးဖြိုးအောင် ။ ။ ဟုတ်တယ် ကျမတို့ ဗကသ က တရားဝင်အဖွဲ့အစည်းပါ။ ကျမတို့ ပွင့်ပွင့်လင်းလင်းလည်း ထုတ်ဖော်ပြီး ကြေညာပြီး ဖွဲ့စည်းတယ်။ ဒါကို သတင်းစာရှင်းလင်းပွဲတွေ အပြန်ပြန်အလှန်လှန် လုပ်ပြီးတော့။ အင်တာဗျူးတွေလည်း လုပ်တယ်။ ကျောင်းတွေထဲမှာလည်း တရားဝင်ကို ရပ်တည်လှုပ်ရှားနေပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ အဲဒီလို ရပ်တည်လှုပ်ရှားတဲ့အခါမှာ ဒီကနေ့ ကျောင်းသားထုရဲ့ ဗကသအပေါ် စိတ်ဝင်စားမှုက ဘယ်လောက်အထိ ရှိလဲ။

မဖြိုးဖြိုးအောင် ။ ။ ကျောင်းတွေထဲမှာ ကျောင်းသားထုရဲ့ စိတ်ဝင်စားမှုကို ကျမတို့ ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ကျောင်းသားတွေက မျိုးစုံ မျက်စိပိတ်၊ နားပိတ် နှစ်ပေါင်းများစွာ ခံခဲ့ရတဲ့အခါကြတော့ ကျောင်းသားတွေရဲ့ ဖျော်ဖြေမှုက အခုနပြောတဲ့ ကျောင်းတွေထဲမှာဆိုရင် အရက်ဝိုင်း၊ ဖဲဝိုင်း။ ဒါမျိုး ကျောင်းသားတွေက လွတ်လပ်မှုကို တဖက်တလမ်းရှာကြတယ်ဆိုတော့ ဒီလိုမျိုး လူမှုရေး၊ နိုင်ငံရေး လှုပ်ရှားမှု။ နိုင်ငံရေးပဲ ပြောကြပါစို့။ ပညာရေးပဲဖြစ်ဖြစ် အကြောင်းအရာပေါင်းစုံ လှုပ်ရှားမှုတွေက အရမ်းအားနည်းခဲ့တယ်။ ဆိုတဲ့အခါကြတော့ အခု ကျောင်းသားသမဂ္ဂဆိုတဲ့ အရာကို သူတို့ အရမ်းစိတ်ဝင်စားတယ်။ ဒါပေမဲ့ သူတို့မှာက အကြောက်တရားက အရင်ကလိုပဲ မပျောက်ပျက်နိုင်သေးပါဘူး။ နှစ်ပေါင်းများစွာလည်း ဖြစ်ခဲ့တယ်။ လက်ရှိအချိန်မှာလည်း အကြောက်တရားက ကြီးစိုးနေဆဲဆိုတော့ ပါဝင်လှုပ်ရှားမှုကြတော့ သူတို့မှာ အခက်အခဲတွေ အများကြီးရှိတယ်။ တချို့ကျောင်းသားတွေကြတော့ တော်တော်ကို ကြိုးစားပမ်းစားနဲ့ ဝင်ပြီးတော့ လှုပ်ရှားကြတယ်။ ဒါပေမဲ့ သူတို့မှာလည်း သူတို့မိသားစုနဲ့ နောက်ပြီးတော့ ဆရာဆရာမနဲ့ သူတို့ပညာရေးအတွက် အနှောက်အယှက်လေးတွေ ဖြစ်ခဲ့ကြတယ်။ အခက်အခဲတော့ ရှိနေတုန်းပါ။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ ဒီနေ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်။ ပြည်တွင်းမှာလည်း အသိအမှတ်ပြုတယ်။ ပြည်ပမှာလည်း အသိအမှတ်ပြုတယ်။ ဆိုတော့ ဗကသ လို ကျောင်းသားသမဂ္ဂတွေရဲ့ ဒီနေ့ မြန်မာနိုင်ငံသွားနေတဲ့ ပြုပြင်ပြောင်းလဲရေးအခန်းကဏ္ဍ။ အရေးပါမှု၊ အသုံးဝင်မှု ရှိရဲ့လား။ အသုံးတည့်ရဲ့လား။

မဖြိုးဖြိုးအောင် ။ ။ ကျမတို့ အခု ဗကသတွေက ဘာတွေလုပ်နေလဲဆိုတဲ့ နေရာမှာလဲ ထည့်ပြီးတော့ အခုန မေးခွန်းနဲ့ ဆက်စပ်လို့။ ကျမတို့ ပညာရေးဥပဒေ ကိစ္စကို အကြီးအကျယ် ကြိုးစားနေပါတယ်။ ဒီ ပညာရေးဥပဒေက တနိုင်လုံးအတွက် သိပ်ကို အရေးကြီးတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် အောက်ခြေမခိုင်လို့ မရဘူးလို့ ယူဆတယ်။ ဥပမာအားဖြင့် ပြောင်းလဲသွားပြီပေါ့။ ကျမတို့ နိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်သွားပါပြီဆိုရင်တောင်မှ အခုန ပညာရေးကို အောက်ခြေခိုင်အောင်။ ပညာရေးမှာ ဒီမိုကရေစီ Democratic Education ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ပညာရေးစနစ် မဖြစ်လို့ရှိရင် ဘယ်နည်းနဲ့မှ ဒီမိုကရေစီက ရေရှည်တည်တန့်နိုင်ဖို့ မရှိဘူးလို့ ကျမတို့အနေနဲ့ ယူဆတယ်။ ပညာရေးက အရေးကြီးဆုံးလို့ ကျမအနေနဲ့ ယူဆတယ်။ ဆိုတော့ ပညာရေးဆိုတဲ့ ကိစ္စမျိုးကို အဓိက ပညာရေးမှာ အဓိက သားကောင်က ကျောင်းသားတွေပါ။ ဆိုတော့ တကယ် ကျောင်းသားသမဂ္ဂတွေရဲ့ အရေးပါမှုက အရမ်းကို ကြီးမားတယ်လို့ ကျမအနေနဲ့ ယူဆတယ်။ ဒါကတော့ ပညာရေးကိစ္စပေါ့။ နောက်ပြီးတော့ တနိုင်ငံလုံးနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေမှာလည်း ကျောင်းသားသမဂ္ဂတွေက သူတို့ တတ်နိုင်တဲ့ဒေသ၊ သူတို့နဲ့ နီးစပ်တဲ့ဒေသ။ သူတို့ တတ်နိုင်တဲ့ အကြောင်းအရာတွေမှာ ဝင်ကူပြီးတော့ သူတို့ ကူညီဖြေရှင်းပေးတာထက် ပူးပေါင်းအားဖြည့်ပေးတာမျိုးတွေ လုပ်နေတာတွေ အများကြီးရှိတယ်။ သူတို့ တတ်နိုင်သလောက်ပေါ့။

ကိုကျော်ကျော်သိန်း ။ ။ ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်တွေရဲ့ ပါဝင်မှုနဲ့ ပတ်သက်ပြီး ဒီနေရာမှာ တဆက်တည်း မေးချင်တာက လူတချို့က မြင်ကြတာရှိတယ်။ ကျောင်းသားသမဂ္ဂ လုပ်တဲ့လူတွေ၊ ကျောင်းသားတွေဟာ သဘောထား ပြင်းထန်တယ်။ အစွန်းရောက်တယ်ဆိုတဲ့ စကားကို ကျနော် မသုံးချင်ဘူး။ အစွန်းရောက်တယ်လို့လည်း ကျနော်ကိုယ်တိုင် မယူဆဘူး။ ဒါပေမဲ့ သဘောထား ပြင်းထန်တယ်။ သာမန်ပင်မရေစီး နိုင်ငံရေးမှာ သွားနေကြသူတွေထက် သဘောထားပြင်းထန်တယ်လို့ ပြောကြတယ်။ ဟုတ်လား မဖြိုးဖြိုးအောင်တို့ သဘောထား ပြင်းထန်သူတွေလား။

မဖြိုးဖြိုးအောင် ။ ။ ကျမ အမြင်ကို ပြောရလို့ရှိရင် ကျောင်းသားဆိုတာ နိုင်ငံရေးသမားမဟုတ်ဘူး။ နိုင်ငံရေးသမား မဟုတ်တဲ့အတွက် ကျမတို့ ကျောင်းသားတွေဟာ များသောအားဖြင့် အဖြူကို အဖြူ။ အမဲကို အမဲ။ အမှားကို အမှား၊ အမှန်ကို အမှန် ရှင်းရှင်းလင်းလင်း မြင်တဲ့အခါကြတော့ သာမန်နိုင်ငံရေးသမားတွေကြားထဲမှာ သဘောထား ပြင်းထန်တယ်လို့ မြင်ကောင်းမြင်လိမ့်မယ်။ ဒါပေမဲ့ ကျမတို့ကတော့ မြင်တဲ့အတိုင်းပြောတာပါ။ ကျောင်းသားတွေက သူတို့မြင်တဲ့အတိုင်း ပြောကြတယ်။ နိုင်ငံရေးသမား မဟုတ်တဲ့အတွက် တချို့နေရာတွေမှာ အများအမြင်မှာ သဘောထား ပြင်းထန်တယ်လို့ မြင်ကောင်းမြင်လိမ့်မယ်။ ဒါပေမဲ့ ကျမတို့ သမိုင်းတလျှောက်လုံးမှာလည်း ဒီအတိုင်းပဲ ကျောင်းသားတွေက ရပ်တည်ခဲ့ကြတယ်။ အဲဒီအခါကြတော့ ဘာဖြစ်လဲဆိုတော့ ကျောင်းသားနဲ့ ပြည်သူဟာ အမြဲတမ်း တထပ်တည်းကျလာကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသားတွေရဲ့ အသံက ပြည်သူ့အသံ ဖြစ်လာတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ မဖြိုးဖြိုးအောင်တို့သည် သဘောထား တင်းမာပြင်းထန်သူတွေ မဟုတ်ဘူး။ အခြေအနေ အချိန်အခါနဲ့ လိုက်လျောညီထွေစွာ သွားနေကြတယ်။ ပြောင်းလဲနိုင်တယ်။

မဖြိုးဖြိုးအောင် ။ ။ ကျမတို့က ပြည်သူအပေါ်မှာ မူတည်ပြီးတော့ ကျမတို့ သဘောထားတွေက အမြဲတမ်း ပြည်သူဖက်က ရပ်တည်သဘောထားတွေ ဖြစ်လာတယ်။ သဘောထား ပြင်းထန်တယ်။ တခုတည်းကိုပဲ တရားသေ ဆုပ်ကိုင်ထားသူတွေ မဟုတ်ပါဘူး။

ကိုကျော်ကျော်သိန်း ။ ။ ဗကသရဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူး ဗဟိုလုပ်ငန်းကော်မတီရဲ့ လက်ရှိ အထွေထွေအတွင်းရေးမှူးအနေနဲ့ ဒီလို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်လို ကျောင်းသားသမဂ္ဂတွေအပေါ် အနာဂတ် မဖြိုးဖြိုးအောင်ရဲ့ အမြင် ဘယ်လိုရှိလဲ။

မဖြိုးဖြိုးအောင် ။ ။ ကျမတို့ အခုဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ကျောင်းသားသမဂ္ဂတွေ ကျမတို့ နိုင်ငံထဲမှာဆိုရင်တော့ ဗကသ က အင်အားအကြီးဆုံး ရှိတာပေါ့။ ခရိုင်တွေ အများကြီးရှိတယ်။ နောက် တချို့ တိုင်းရင်းသားသမဂ္ဂ - ဥပမာ ကယားပြည်နယ် ကျောင်းသားသမဂ္ဂ၊ ချင်းပြည်နယ် ကျောင်းသားသမဂ္ဂ၊ ကချင်ပြည်နယ် ကျောင်းသားသမဂ္ဂ စသဖြင့် ကျမတို့ တနိုင်ငံလုံး အတိုင်းအတာ ချိတ်ဆက်ထားမှုတွေ အများကြီးရှိတယ်။ ဒါပေမဲ့ ရန်ကုန်လို နေရာမျိုးမှာ ကျောင်းသားသမဂ္ဂက တခြား သီးခြားရပ်တည်နေတဲ့ ကျောင်းသားသမဂ္ဂတွေလည်း ရှိတယ်။ ကျမရဲ့ အနာဂတ် သိပ်ပြီးတော မဝေးတော့ပါဘူး။ မြန်မြန်နဲ့ မှန်မှန် ကျမတို့ ချီတက်နေတာက ညီလာခံပါ။ တနိုင်ငံလုံးဆိုင်ရာ ညီလာခံ မဖြစ်မနေ ကျင်းပဖို့လိုတယ်။ ဘာကြောင့် ကျင်းပချင်လဲဆိုတော့ ကျမတို့က ကျောင်းသားသမဂ္ဂတွေအားလုံးက ခေါင်းစဉ်တခုတည်းအောက်မှာ ခေါင်းဆောင်တယောက်အောက်မှာ ရှိချင်တယ်။ ပိုပြီးတော့စည်းစည်းလုံးလုံး ဖြစ်ချင်တယ်။ အဲဒီအခါကြတော့ ပိုပြီး စည်းစည်းလုံးလုံး ဖြစ်လာလို့ရှိရင် ကျမတို့ သွားချင်တဲ့ ဦးတည်ချက်တွေ၊ ရည်မှန်းချက်တွေက ပိုပြီးတော့ မြန်လာမယ်။ ပိုပြီးတော့လည်း မှန်မှန်ကန်ကန် ရောက်လာလိမ့်မယ်လို့ ယုံကြည်တယ်။ ဒီမိုကရေစီရဲ့ ပြယုဂ်က ကျောင်းသားသမဂ္ဂလို့ ကျမက ယူဆတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဘယ်တော့လောက် ဖြစ်မယ် ဖြစ်ဖို့ မှန်းထားသလဲ။

မဖြိုးဖြိုးအောင် ။ ။ ၂၀၁၅ အတော်အတွင်းမှာပဲ ကျမတို့ ကြိုးစားနေပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ရွေးကောက်ပွဲကြီးနဲ့ တိုက်နေပါလား။

မဖြိုးဖြိုးအောင် ။ ။ မတိုက်တော့ မတိုက်လောက်ဘူး။ ကျမတို့က အစောပိုင်းလုပ်ဖို့ ကြိုးပမ်းနေတယ်။

ကိုကျော်ကျော်သိန်း ။ ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ သမိုင်းကို ပြန်ကြည့်ရင် လွတ်လပ်ရေး မတိုင်ခင်ကာလ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလ၊ လွတ်လပ်ရေး နောက်ပိုင်းကာလ။ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေသည် မြန်မာနိုင်ငံရေးမှာ ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝကနေ ထူးခြားထင်ရှားတဲ့ တိုင်းပြည်ကို ခေါင်းဆောင်မှုပေးတဲ့ ခေါင်းဆောင်တွေအဖြစ် ပြောင်းလဲခဲ့ကြတယ်။ ပြောရရင် ဒေါင်ဒေါင်မြည်း နိုင်ငံရေးသမားတွေအဖြစ် သူတို့ဘဝကို ပြောင်းလဲပြီး နိုင်ငံရေးထဲမှာ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ မဖြိုးဖြိုးအောင် ကိုယ်တိုင် အဲဒီလို ရည်ရွယ်ချက်ရှိလား။

မဖြိုးဖြိုးအောင် ။ ။ ကျမကတော့ ကျမ ဘာဖြစ်လာလိမ့်မယ်လို့ ကိုယ့်ကိုယ်ကို မယူဆသေးဘူး။ မမှန်းလည်း မမှန်းသေးပါဘူး။ ကျမ အဓိက ဖြစ်ချင်တာက ကျမ ဘယ်နေရာမှာ နေမလဲ။ ကျမနေတဲ့နေရာအပေါ် မူတည်ပြီးတော့ တာဝန်ကျေတဲ့လူ ဖြစ်ချင်တယ်။ အဓိကတော့ ကျမတို့ အမြဲတမ်း ပြောနေတဲ့ နိုင်ငံသားကောင်း။ နိုင်ငံအတွက် တာဝန်ကျေပြွန်တဲ့ လူဖြစ်ချင်ပါတယ်။ ဆိုတော့ ကျမက ပိုပြီးတော့ လူမှုရေးဖက်မှာ ပိုပြီးတော့ အားသန်တယ်။ နောက်ပြီး ပညာရေးဖက်မှာ ပိုပြီးအားသန်တယ်။ ပညာရေး၊ လူမှုရေးဖက် ရောက်သွားနိုင်သလို။ ဒါမှမဟုတ် တချိန်ချိန်မှာ တွန်းအားတခုကြောင့်လည်း နိုင်ငံရေးလောကထဲကို ရောက်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဘယ်ကို သွားချင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့်မယ်။

ကိုကျော်ကျော်သိန်း ။ ။ နိုင်ငံရေးခေါင်းဆောင် လုပ်မယ်ဆိုတဲ့ ခိုင်ခိုင်မာမာ ရည်မှန်းချက်မျိုး မရှိသေးဘူး။

မဖြိုးဖြိုးအောင် ။ ။ မရှိသေးပါဘူး။

ကိုကျော်ကျော်သိန်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။ မဖြိုးဖြိုးအောင် ဖြစ်ချင်တာတွေလည်း ဖြစ်နိုင်ပါစေလို့ ကျနော် ဆုတောင်းပေးပါတယ်။

မဖြိုးဖြိုးအောင် ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။