ဒုက္ခသည် ပြန်လည်လက်ခံရေး ဘယ်အခြေအနေ ရောက်နေပြီလဲ

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်

Your browser doesn’t support HTML5

ဒုက္ခသည် ပြန်လည်လက်ခံရေး ဘယ်အခြေအနေ ရောက်နေပြီလဲ

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေထဲက အမှန်တကယ် ရခိုင်ပြည်နယ်မှာ နေထိုင်သွားခဲ့တယ်ဆိုတာ စိစစ်တွေ့ရှိရသူအားလုံးကို မြန်မာနိုင်ငံက ပြန်လည်လက်ခံဖို့အတွက် အမြဲကြိုဆိုနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် က ထပ်ပြီးအာမခံပြောဆိုပါတယ်။ မြန်မာနိုင်ငံကလည်း ကြိုဆိုနေတယ်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပြန်ပို့ချင်တယ်လို့ အကြိမ်ကြိမ်ပြောထားကြပါလျက် ဒုက္ခသည်တွေ ပြန်ပို့ရေးအစီအစဉ် ဘာ့ကြောင့် အခုချိန်ထိ မအောင်မြင်သေးတာပါလဲ။ ဒါနဲ့ပတ်သက်ပြီး နောက်ဆုံး ဖြစ်ထွန်းတိုးတက်မှုတွေကရော ဘာတွေရှိထားပါသလဲစတဲ့ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ကို ကိုကျော်ကျော်သိန်းက နယူးယောက်မြို့မှာ သီးခြား တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆိုတော့ … အဲဒီအခြေအနေပေါ့လေ … အခုနပြောသလို ပြီးပြည့်စုံတဲ့ အခြေအနေရယ်၊ နောက်ပြီးတော့ ဝန်ကြီး အခုနပြောသွားသလို မဖြစ်နိုင်တဲ့၊ သိပ်မြင့်လွန်းတဲ့ တောင်းဆိုချက်တွေ .. အဲဒါတွေရှိနေတယ်၊ အဲဒီဟာတွေကြောင့်လည်း အတားအဆီးဖြစ်နေတယ်ဆိုတာကို ကုလသမဂ္ဂလို၊ တခြားနိုင်ငံတကာ အမေရိကန်လို၊ အာဆီယံလို အဖွဲ့အစည်းတွေကရော သူတို့ အသိအမှတ်ပြုပါသလား။

ဖြေ ။ ။ သူတို့ကတော့ များသောအားဖြင့်တော့ သူတို့ရဲ့ lobby group တွေ တောင်းဆိုတဲ့ဘက်ကို လိုက်ကြတာများတယ်ပေါ့နော် … အဓိကကတော့ ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရမယ်ပေ့ါ … ဒီအတွက်လည်း ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်၊ UN နဲ့ကော၊ အာဆီယံနဲ့ကော … ပတ်ဝန်းကျင်ကောင်းဆိုတဲ့နေရာမှာ သူတို့ကတော့ နိုင်ငံသားဖြစ်ရေးပေါ့ … အဲဒီတော့ နိုင်ငံသားဖြစ်ရေးဆိုတာက ဒီလူတွေကို မစစ်ဆေးဘဲနဲ့ ရောက်ရောက်ချင်း upon arrival မှာ နိုင်ငံသားပေးဖို့ဆိုတာကတော့ ဒါဘယ်လိုမှ လုပ်လို့မရတဲ့ ကိစ္စမျိုးပါ။ ဒါမျိုးကတော့ ဒီမိုကရေစီဖွံ့ဖြိုးတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာ၊ ဦးကျော်ကျော်သိန်းတို့လည်း ဒီမှာသိပါတယ်၊ အမေရိကန်နိုင်ငံသား လျှောက်မယ်ဆိုလို့ရှိရင် ဘာတွေလုပ်ရတယ် … သူတို့သမိုင်းတွေ လေ့လာရတယ်၊ သူတို့ ဘာသာစကား စာမေးပွဲတွေဖြေရတယ်၊ အဲဒီတော့ ကျနော်တို့က အဲဒီလောက်ထိ အမြင့်ကြီးမတောင်းပါဘူး။
အဲဒီတော့ နိုင်ငံသားဖြစ်ရေးနဲ့ပတ်သက်ပြီးတော့ ရောက်ရောက်ချင်း ဒီလူတွေကို မစစ်ဆေးဘဲနဲ့ ပေးဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကတော့ ပြည်သူလူထုကလည်း လက်မခံပါဘူး၊ ဥပဒေကလည်း လက်မခံပါဘူး။

အဲဒီတော့ ကျနော်တို့က ဘာလုပ်မလဲဆိုတော့ ပြန်လာတဲ့လူတွေကို ရောက်ရောက်ချင်းတော့ data တွေကောက်မယ်၊ ပြန်လာတဲ့လူတွေကလည်း ကျနော်တို့ လဝကစာရင်းထဲမှာ ရှိတဲ့လူတွေပေါ့ … အဲဒီလူတွေကို National Verification Card ထုတ်ပေးမယ်။ ဒီ National Verification Card ထုတ်ပေးပြီးတော့ သူတို့ ဒီမှာ တရားဝင်နေခွင့် ရသွားပြီပေ့ါ။ အဲဒါကနေပြီးတော့ သူတို့က နိုင်ငံသားဖြစ်မှုကို လျှောက်နိုင်ပါတယ်။ လျှောက်လို့ရှိရင် 1982 Citizenship Law နဲ့ ညီတယ်ဆိုရင် သူတို့တွေ နိုင်ငံသားဖြစ်သွားမှာပါပဲ။ အဲဒီ process ကိုလည်း ကျနော်တို့ clear pathway ကို ကျနော်တို့ ပြောထားပါတယ်။ အဲဒီတော့ သူတို့ NVC ကဒ် လျှောက်ရမယ်၊ လျှောက်ပြီးတော့ အတိုင်းအတာတခုမှာ၊ (၆) လတန်သည် (၁) နှစ်တန်သည်မှာ ကျနော်တို့ကနေပြီးတော့ Yes or No ပြောမယ်၊ 1982 Citizenship Law နဲ့ ကိုက်ညီတယ်ဆိုရင် သူတို့ နိုင်ငံသားရမယ်၊ မကိုက်ညီတဲ့လူတွေကိုလည်း နှင်မထုတ်ဘူး၊ သူတို့အနေနဲ့လည်း ဒီ NVC ကဒ်နဲ့ သူတို့ကို ဆက်လက်ပြီးတော့ နေထိုင်ခွင့်ပေးမယ်၊ လုပ်ကိုင်စားသောက်ခွင့်ပေးသွားမယ်၊ ဒီလိုနည်းနဲ့ ဖြေရှင်းပါမယ်။ 1992 တုန်းက repatriate လုပ်တုန်းကလည်း ဒီ criteria နဲ့ပဲ လုပ်ခဲ့တာပဲ၊ အဲဒီတုန်းကလည်း အောင်မြင်ပါတယ်။

ဒီတကြိမ်မှာတော့ သူတို့က နိုင်ငံတကာရဲ့ attention က ပိုရနေတယ်၊ ဆိုရှယ်မီဒီယာခေတ် ဖြစ်တဲ့အခါကျတော့ ဒီ နိုင်ငံသားပေးရေးကိစ္စကိုပဲ သူတို့အနေနဲ့ အဓိက ပြောလာတာပေါ့။ ကျန်တဲ့ဟာတွေကတော့ လွတ်လပ်စွာ သွားလာခွင့်တို့၊ လုံခြုံမှုပေးခွင့်ဆိုတာ … ဒါကတော့ အဲဒီနေရာရဲ့ လုံခြုံရေးနဲ့လည်းဆိုင်ပါတယ်။ တချို့လွတ်လွတ်လပ်လပ် မသွားနိုင်ကြတာလည်း အဓိကကတော့ တယောက်နဲ့တယောက် ကြောက်ရွံ့ပြီးတော့ လုံခြုံရေးအခြေအနေအရ မထွက်ရဲကြတာလည်း ဖြစ်ပါတယ်။ ဗဟိုအဆင့်ကနေပြီးတော့ ကျနော်တို့အနေနဲ့ ပိတ်ပင်တားမြစ် ကန့်သတ်ထားတာတွေ မရှိပါဘူး။ ဒါပေမဲ့ အောက်ခြေမှာကတော့ လုံခြုံရေးအရ တနေရာက တနေရာ သွားမယ်ဆိုရင် သက်ဆိုင်ရာအကြီးအကဲကို သတင်းပို့ရတာတို့၊ ရန်ကုန်သွားမယ် ဆိုလို့ရှိရင် သူတို့သတ်မှတ်ထားတဲ့ ပုံစံလေးတွေနဲ့ဖြည့်ပြီးတော့ သွားရတာတို့ အဲဒါမျိုးတွေ သတ်မှတ်ထားတာရှိပါတယ်။

မေး ။ ။ ဟုတ်ကဲ့၊ ဆိုတော့ အခုန ဝန်ကြီးပြောသလိုပေါ့လေ … အခုကလဲ ဆိုရှယ်မီဒီယာခေတ်၊ သတင်းမီဒီယာလည်း ပွင့်လင်းတဲ့ခေတ်ဆိုတော့ သတင်းတွေက ပိုပြီးတော့ ပြန့်တာပေါ့။ ပြီးခဲ့တဲ့ လုံခြုံရေးကောင်စီမှာလည်း အစည်းအဝေး လုပ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးက ဒုတိယအကြိမ် ပြန်ပို့ဖို့အစီအစဉ်၊ သူပြောချင်တာ နောက်ဆုံးအကြိမ်ကို ပြောချင်တာ ဖြစ်ပါလိမ့်မယ်၊ ပျက်သွားတယ်ပေါ့၊ ပျက်သွားတော့ ဒါ ဒုက္ခသည်တွေက ပိုပြီးတော့ စိုးရိမ်ကြတယ်၊ ကြောက်လန့်ကြတယ်လို့ ပြောတယ်၊ ဝန်ကြီးသိတဲ့အတိုင်း မလေးရှားဝန်ကြီးချုပ်ကလည်း နိုင်ငံတကာမှာ ရွှေ့ပြောင်းဝင်သူပြဿနာကို ရိုဟင်ဂျာကိစ္စကို နမူနာတခုအနေနဲ့ ပြောတယ်၊ ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ USAID အကြီးအကဲ Mark Green ကလည်း အမေရိကန် ရုပ်သံတခုနဲ့ အင်တာဗျူးမှာ တိုင်းရင်းသားလူမျိုးစုပြဿနာတွေ၊ ရိုဟင်ဂျာ ပြဿနာတွေကို မဖြေရှင်းနိုင်တာကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ လမ်းကြောင်းလွဲနေပြီ ဆိုပြီးတော့ ပြောတယ်။ ကျနော်ဆိုလိုချင်တာက နိုင်ငံတကာရဲ့ဖိအားက ပြီးခဲ့တဲ့နှစ်နဲ့ ဒီနှစ်နဲ့ဆိုရင် လျော့သွားတာ မရှိဘူး၊ ဝေဖန်တာတွေကလည်း လျော့သွားတာ မရှိဘူး၊ ပိုတိုးမလာဘူးဆိုရင်တောင်မှ ဒီတိုင်းပဲ ဆက်ပြီးတော့ ဖိအားနဲ့ ဝေဖန်တာတွေနဲ့က ဆက်ရှိနေတယ်၊ ဆိုတော့ ကျနော့်အတွေးထဲမှာ မနှစ်ကနဲ့ ဒီနှစ်နဲ့နှိုင်းယှဉ်ပြီး ဒီတနှစ်အတွင်းမှာ မြန်မာနိုင်ငံဘက်ကနေပြီးတော့ ဒီအခြေ အနေနဲ့ပတ်သက်လို့ ဘာမှများ တိုးတက်မှု မရှိခဲ့ဘူးလား၊ ဘာ့ကြောင့် ဒီလောက်ထိ ဆက်ပြီးတော့ အပြင်းအထန်ပြောဆိုနေကြတာလဲ … ကျနော် အဲဒီလိုတွေးမိတယ်။

ဖြေ ။ ။ အဓိကကတော့ သူတို့ ဖိအားတိုးမြှင့်လာတာကတော့ ကျနော်တို့လက်မခံတဲ့ Darusman ဦးဆောင်တဲ့ Fact Finding Mission Report ၊ အဲဒီ report တွေရဲ့ ထုတ်ပြန်ချက်ကြောင့်မို့ ဒီအချက်အလက်တွေကို ဖတ်ပြီးတော့ ဖိအားပေးမှုတွေ ပိုမိုတိုးမြင့်လာတာလို့ ထင်ပါတယ်။ ကျနော်တို့ဘက်မှာကတော့ ဒီပြဿနာပြေလည်ဖို့အတွက် ကျနော်တို့က ပြန်လည်လက်ခံဖို့လုပ်တယ်၊ နောက်ပြီးတော့ ပြည်တွင်းမှာလည်း ပိုမိုတိုးတက်ကောင်းမွန်တဲ့ condition ဖြစ်အောင်လည်း ကျနော်တို့အနေနဲ့ UNDP ၊ UNHCR ၊ ASEAN တို့နဲ့ ပူးပေါင်းဆောင်ရွက်နေ တယ်၊ ကျနော်တို့ဆိုရင် အခုပြည်တွင်းမှာရှိနေတဲ့ တချို့စခန်းတွေဘာတွေကို ပိတ်သိမ်းဖို့လည်း Nationwide မဟာဗျူဟာတခု ချမှတ်ဖို့လုပ်နေတာ နောက်ဆုံးအဆင့်ရောက်နေပြီ၊ မကြာခင်မှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မွတ်ဆလင် community ဘက်ကတော့ သူတို့ ဟိုဘက်မှာ lobby group အရမ်းကောင်းပါတယ်။ အဲဒီတော့ Fact Finding Mission ရဲ့ report တွေမှာ အချက်အလက်တွေကြောင့်မို့ ဖိအားပေးမှုတွေ ပိုမိုများပြားလာတယ်လို့ ထင်ပါတယ်။
မြန်မာအစိုးရဘက်ကတော့ တာဝန်ခံမှု၊ တာဝန်ယူမှုအပိုင်းမှာလည်း ကျနော်တို့ လုပ်နေတာရှိတယ်။ ပြည်တွင်းအခြေအနေတွေ တိုးတက်ကောင်းမွန်အောင်လည်း ဆောင်ရွက်နေတာတွေရှိတယ်။ အဓိကကတော့ repatriation မစနိုင်တဲ့ဟာကို ဒါ နှစ်ပေါင်းကြာလာပြီ၊ ပြဿနာ မဖြေ ရှင်းနိုင်ဘူးဆိုပြီးတော့ သူတို့အနေနဲ့ ဖိအားပေးလာကြတာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ တဘက်မှာလည်း မှားယွင်းတဲ့သတင်းတွေက ရောက်နေတယ်၊ မြန်မာနိုင်ငံက ဒါတွေလက်ခံဖို့ ဘာမှမလုပ်ဘူး၊ မြန်မာနိုင်ငံက လက်ခံလိုတဲ့ဆန္ဒ မရှိဘူးဆိုပြီးတော့ မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ကမ္ဘာပတ်ပြီး အဲဒီလိုပြောနေတယ်ပေါ့ … တကယ့်တကယ်ကတော့ ကျနော်တို့နှစ်နိုင်ငံ လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်အတိုင်း တိုင်တိုင်ပင်ပင် လုပ်ကြမယ်ဆိုရင် ဒီပြဿနာက ပြေလည်နိုင်တာ ရှိပါတယ်။ ထိုင်းနဲ့ ကျနော်တို့ နှစ်နိုင်ငံကြားမှာလည်း ထိုင်းဘက်မှာ ရောက်နေတဲ့ displaced person တွေ ပြန်လည်ပို့ဆောင်ရေးကို ကျနော်တို့ နှစ်နိုင်ငံချင်း ဖြေရှင်းပြီးတော့ ဆောင်ရွက်လာတာ တိုးတက်အောင်မြင်မှုတွေ ရနေပါတယ်။

မေး ။ ။ ဟုတ်ကဲ့၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ကျနော်တို့ ဘင်္ဂလားဌာနနဲ့ အင်တာဗျူးမှာလည်း ပြောထားပါတယ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလိုတယ်၊ ဒါပေမယ့် ဒီပြဿနာက မြန်မာနိုင်ငံကစတာ၊ မြန်မာနိုင်ငံဘက် စပြီးတော့ ဖြေရှင်းရမယ် စသည်အားဖြင့် အဲဒီလို ထပ်ပြောပါတယ်။

ဖြေ ။ ။ အဲဒါတော့ ကျနော်ပြောမယ်၊ မြန်မာနိုင်ငံက စတာလို့တော့မပြောနဲ့၊ စတာဆိုရင်တော့ သမိုင်းကြောင်း အများကြီး ပြန်ကောက်ရမယ်။ ဒါပေမဲ့ ဒုက္ခသည်တွေပြေးဖို့ စတာကတော့ တကယ့်တကယ်၊ ဦးကျော်ကျော်သိန်းတို့လည်း ပြန်ကြည့်ပါ၊ ဘယ်သူက စတာလဲဆိုရင်၊ အဓိကကတော့ ၂၀၁၆ အောက်တိုဘာ (၉) ရက်နေ့ကနေ စတင်ပြီးတော့၊ အဲဒီအချိန်တုန်းက ARSA မခေါ်သေးဘူးပေါ့၊ အဲဒီအုပ်စုကနေပြီးတော့ စတင်ပြီးတော့ တိုက်ခိုက်မှု၊ နောက်ပြီးတော့ ဒေါက်တာ Kofi Annan ရဲ့အစီရင်ခံစာထွက်ပြီး အဲဒီနေ့ညမှာပဲ ARSA အကြမ်းဖက်မှုကနေပြီးတော့ ရဲစခန်း (၃၀) ကို တိုက်ခိုက်မှုတွေကနေပြီးတော့ စတင်ခဲ့တဲ့အဖြစ်ပါ၊ ကျနော်တို့ဘက်က စတာတော့ မဟုတ်ပါဘူး။

မေး ။ ။ အခုန ဝန်ကြီးပြောသွားတဲ့ထဲမှာလည်း ပါပါတယ်၊ ဟိုဘက်က lobby လုပ်တာ၊ ဟိုဘက်က ပြောဆို စည်းရုံးတိုက်တွန်းတာ ပိုအားကောင်းနေတယ်ပေါ့။ ဝေဖန်တာတချို့ ကျနော်တို့ ကြားရပါတယ်၊ မြန်မာနိုင်ငံအနေနဲ့က ဒီကိစ္စနဲ့ပတ်သက်ရင်ပြောတာ သိပ်အားမကောင်းဘူး၊ သံတမန်ရေးအရ ဖြေရှင်းတာမှာ လိုအပ်ချက်တွေရှိတယ်၊ အားနည်းချက်တွေရှိတယ်ဆိုပြီးတော့ … အဓိကအားဖြင့်တော့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက သံတမန်ရေးပိုင်းမှာ အားနည်းနေသလား၊ နိမ့်နေသလား။

ဖြေ ။ ။ မဟုတ်ဘူးခင်ဗျ၊ အခုဟာက အဓိကက ကျနော်တို့ဘက်က မပြောတာမဟုတ်ဘူး၊ ကျနော်တို့ဘက်က ထိတွေ့ပြောဆို စည်းရုံးတာတွေက အများကြီးပါ။ ဒါပေမဲ့ သူတို့က ကျနော်တို့ မြန်မာအစိုးရပြောတာကို နားမထောင်ချင်တာ။ နောက်ပြီးတော့ ကျနော်တို့အစိုးရ မပြောတာလည်း မဟုတ်ဘူး။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်း ဒီကိစ္စမပြောဘူးလို့ သူတို့က ဝေဖန်ကြတာတွေရှိတယ်။ အမှန်ကတော့ ပြောတာတွေ အများကြီးရှိတယ်။ ဒီ အနောက်ကမ္ဘာက သူတို့ကြိုက်တဲ့ပုံစံအတိုင်း မပြောတာ အဓိက အဲဒါပဲ။

အဲဒီတော့ ကျနော်တို့ ဘယ်လောက်ပြောပြော ပြောပေမယ့် ဒါတွေက သတင်းမီဒီယာတွေကတော့ သူတို့လိုချင်တဲ့ဟာကို ဆွဲထည့်ပြီးတော့ အစိုးရပြောကြားချက်တွေကို မထည့်ကြဘူး။ ကျနော်တို့ဆိုရင် တရက်တရက် နေပြည်တော်မှာလည်း လာသမျှ ဧည့်သည်တွေ ဒါတွေနဲ့ ပတ်သက်လို့ ရှင်းပြတယ်၊ Human Rights Council ၊ ကုလသမဂ္ဂ အထွေထွေညီလာခံ နောက်ပြီးတော့ အာဆီယံ၊ EU ၊ Foreign Ministers အစည်းအဝေးတွေ၊ နိုင်ငံတကာ အစည်းအဝေးတွေ အများကြီးရှိတယ်၊ ကျနော်တို့ အမြဲတမ်း sideline တွေမှာတွေ့တယ်၊ ပြောကြားမှုတွေ လည်း ပြုလုပ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်က သတင်းမီဒီယာတွေကနေပြီးတော့ ကျနော်တို့ မြန်မာနိုင်ငံ ပြောကြားချက်ဆိုရင် အလေးပေး ထည့်သွင်းတာမျိုးတွေ အားနည်းတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။

ကျော်ကျော်သိန်း ။။ ကျနော်တို့ကတော့ ထည့်တယ်နော် ဝန်ကြီး … အချိန်ပေးပြီးတော့ ပြည့်ပြည့်စုံစုံ ဖြေကြားပြောဆိုပေးတာ အထူးပဲကျေးဇူးတင်ပါတယ်။

ဝန်ကြီးဦးကျော်တင်။။ ကျနော်လည်း ကျနော်တို့ view လေးတွေ ပြောကြားခွင့်ရတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ် ကိုကျော်ကျော်သိန်း။