Your browser doesn’t support HTML5
တိုင်းပြည်ရဲ့ ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်တွေအနေနဲ့ အခုချိန်ထိ ဘယ်လောက် ထိထိရောက်ရောက် လုပ်ဆောင်ထားနိုင်ပါပြီလဲ။ ကိုကျော်ကျော်သိန်း က လွှတ်တော်တွေကို စောင့်ကြည့်လေ့လာပြီး သုတေသနပြုနေတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ (OMI) ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော် ကို တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ကို ကျနော် အဓိကနားလည်ထားတာက လွှတ်တော်တွေကို စောင့်ကြည့်လေ့လာတဲ့လုပ်ငန်းကို လုပ်ပါတယ်။ ဦးအေးကျော်တို့အနေနဲ့ လုပ်ခဲ့တဲ့ သက်တမ်းကာလတလျှောက် လွှတ်တော်တွေကို စောင့်ကြည့်လေ့လာတဲ့လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ ပြောနိုင်ပါသလား။
ဖြေ ။ ။ ကျနော်တို့ လုပ်နေတဲ့သက်တမ်းက (၅) နှစ်လည်း ပြည့်လာခဲ့ပါပြီ။ အဲဒီသက်တမ်းကာလအတွင်းမှာ ကျနော်တို့ လွှတ်တော်တွေကို တကယ်စောင့်ကြည့်လေ့လာတဲ့နေရာမှာ၊ လုပ်တဲ့လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ ထိရောက်သလားလို့ ပြောရင်တော့ ကျနော်တို့လိုချင်တဲ့ 100% တော့ မထိရောက်သေးဘူး။ ဘာကြောင့်လဲလို့ပြောရင် ကျနော်တို့ လွှတ်တော်တွေကနေ သတင်းအချက်အလက် ရနိုင်ဖို့ အားနည်းတာတွေ ရှိတယ်။ သူတို့ဘက်က ပေးနိုင်တာလည်း အားနည်းတာလည်းရှိတယ်။ အဲဒါကြောင့် ကျနော်တို့ လုပ်ငန်းတွေ၊ သုတေသနလုပ်ငန်းတွေ လုပ်တဲ့နေရာတွေမှာတော့ သိပ်မထိရောက်တာတွေ ရှိတယ်။
မေး ။ ။ လုပ်ချင်သလောက်၊ ကိုယ်ဖြစ်ချင်သလောက် လုပ်ဖို့အခြေအနေ မကြုံရဘူးပေါ့။ အဓိက ဘယ်မှာအားနည်းနေတာလဲ။ ထိထိရောက်ရောက် မလုပ်နိုင်တာက။
ဖြေ ။ ။ ကျနော်တို့က ကနဦးက ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပါတယ်။ လွှတ်တော်နဲ့ ပတ်သက်တဲ့ ဥပဒေတွေမှာ ဒီလွှတ်တော်က လွှတ်တော်အစည်းအဝေးအတွင်းမှာ ဆောင်ရွက်တဲ့ ဆောင်ရွက်ချက်တွေကို အများပြည်သူကို အသိပေးရမယ်ဆိုတာပါတယ်။ တချို့အချက်အလက်တွေကို အသိမပေးဘဲနဲ့ …. လည်းပါတယ်။ အဲဒီတော့ တချို့အချက်အလက်တွေကို ကျနော်တို့လွှတ်တော်က မရနိုင်တာမျိုးတွေရှိတယ်။
မေး ။ ။ လွှတ်တော်နှစ်ရပ်မှာ အမျိုးသားလွှတ်တော်က ဒီလိုမျိုး မေးခွန်းမျိုးတွေကို ထုတ်ပြန်ပေးတယ်။ ပြည်သူ့လွှတ်တော်ကြတော့ မထုတ်ပြန်ဘူး။ ဘာကြောင့်လဲ။
ဖြေ ။ ။ အဲဒါက လွှတ်တော်တခုနဲ့တခု - ပြည်ထောင်စုအဆင့်မှာ လွှတ်တော်သုံးခုကို သွားလေ့လာရသလိုမျိုး - ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော် - အဲဒီလွှတ်တော် (၃) ခုရဲ့ ရုံးအဖွဲ့လေးတွေ - အမျိုးသားလွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး - ရုံးတရုံးနဲ့တရုံး လုပ်ထုံးလုပ်နည်းလေးတွေ အဲဒါမျိုးလေးတွေတော့ မတူကြတာကြောင့်ပါ။
မေး ။ ။ အဲဒီတော့ ဒီလိုလေ့လာစောင့်ကြည့်တယ်၊ သုတေသနပြုတဲ့ အဖွဲ့တွေအနေနဲ့ အချက်အလက်တွေကို တိတိကျကျပဲ ဖြစ်ရမယ်။ ခိုင်ခိုင်မာမာပဲ ဖြစ်ရမယ်။ ဒါမှသာလျှင် စောင့်ကြည့်တဲ့လုပ်ငန်းက ထိရောက်မှာပေ့ါ။ အဲဒီလို ဖြစ်ဖို့ဆိုရင် ဦးအေးကျော်တို့အနေနဲ့ ဘယ်လိုမျိုး အခြေအနေမျိုးသာ ရှိမယ်ဆိုရင် ပိုပြီးတော့ ကိုယ့်ရဲ့ လေ့လာစောင့်ကြည့်ရေးလုပ်ငန်း ထိရောက်မယ်လို့ ယူဆသလဲ။
ဖြေ ။ ။ စောစောက ပြောခဲ့သလို လွှတ်တော်ကနေပြီးတော့ သတင်းအချက်အလက်တွေကို ပြည့်ပြည့်စုံစုံ အားလုံးနီးပါး၊ အားလုံးလောက် ထုတ်ပေးနိုင်တာမျိုးဆိုရင်တော့ ပိုပြီးတော့ လုပ်နိုင်တာမျိုးတွေ ရှိပါတယ်။ ဥပမာ ကျနော်တို့လွှတ်တောမှာ ကော်မတီတွေ ရှိတယ်။ ကော်မတီတွေနဲ့ ပတ်သက်လို့ရှိရင် သတင်းအချက်အလက်တွေ ကြားနိုင်ဖို့ အားနည်းတယ်။ ကော်မတီတွေက တခါတရံမှာ သူတို့လွှတ်တော်မှာ အစီရင်ခံစာတင်ပြတာမျိုးရှိတယ်။ ဒီအစီရင်ခံစာ တင်ပြတဲ့အချက်အလက်လောက်ပဲ ကျနော်တို့ ရနိုင်တယ်။ တကယ့်တကယ်ကို ကော်မတီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရနိုင်ဖို့က နည်းနည်းအလှမ်းဝေးတယ်။
မေး ။ ။ လက်ရှိလွှတ်တော်သည် ဥပဒေပြုရေးမဏ္ဍိုင်တခုအနေနဲ့ ဦးအေးကျော်တို့ အခုလေ့လာထားသလောက် ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်နိုင်တယ်လို့ ပြောနိုင်သလဲ။
ဖြေ ။ ။ ဥပဒေပြုရေးမဏ္ဍိုင်က ဘာလုပ်ရသလဲဆိုတာကစတယ်။ သူက ဥပဒေပြုရေးရှိတယ်။ ကိုယ်စားပြုရေးရှိတယ်။ နောက် အစိုးရကို စီစစ်ထိန်းကျောင်းရေးဆိုပြီ ရှိတယ်။ သူက ဒီလုပ်ငန်း (၃) ခုကို မဖြစ်မနေလုပ်ရတဲ့သဘော ရှိတယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ကျနော်တို့က ဥပဒေပြုရေးအပိုင်းမှာတော့ လိုအပ်တဲ့ဥပဒေတွေ ပြုနိုင်တာမျိုး၊ အသစ်ရေးဆွဲပြီး ပြဌာန်းတာမျိုးတွေ ရှိတယ်။ နောက်တခါ ရုတ်သိမ်းသင့်တဲ့ ဥပဒေတွေ ရုတ်သိမ်းတာမျိုးလည်း တွေ့ရတယ်။ ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်တာတွေလည်း တွေ့ရတယ်။ သို့သော် ဥပဒေပြုရေးပိုင်းမှာလည်း လက်ရှိ ကျနော်တို့ တချို့အားမလိုအားမရ ဖြစ်တာလေးတွေတော့ ရှိတယ်။ ဥပမာတခု ပြောရမယ်ဆိုရင် ငြိမ်စုစည်း ဥပဒေ။ ဒီဥပဒေကို ပြင်ဆင်ဖို့ဆိုပြီး တင်ထားတာ ရှိတယ်။ အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးပြီးသွားပြီ၊ ပြည်သူ့လွှတ်တော်ကို ပို့ထားတယ်။ ဒါပေမဲ့ ငြိမ်စုစည်း ဥပဒေက ကျနော်ထင်တယ် ခြောက်လကျော်၊ ခုနှစ်လလောက် ရှိပြီ။ ပြည်သူ့လွှတ်တော်မှာဆက်ပြီးတော့ ဆွေးနွေးတာမျိုး မတွေ့ရဘူး။ ဒီ ငြိမ်စုစည်း ဥပဒေမျိုးဆိုရင် ကျနော်တို့တိုင်းပြည်မှာ တကယ့်ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ Rights တွေနဲ့ ပတ်သက်လာလို့ရှိရင် တကယ့်အရေးကြီးတဲ့အရာ ဖြစ်နေတယ်။ ပြင်မယ်ဆိုရင်ပြင်ဖို့ မြန်မြန်ဆန်ဆန်လည်း ပြင်ဖို့လည်းလိုအပ်နေတယ်။ ပြင်မယ်ဆိုပြီးတော့ ကြိုးစားနေတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိဘဲနဲ့ ရပ်ဆိုင်းထားတာ တွေ့ရတယ်။
မေး ။ ။ ဆိုတော့ အခုန ဥပဒေပြုရေး၊ ကိုယ်စားပြုရေး၊ အစိုးရကိုစောင့်ကြည့်ရေး ထိန်းကျောင်းရေး Check and Balance အစိုးရကို စောင့်ကြည်ထိန်းကျောင်းရေးနဲ့ ပတ်သက်လို့လည်း ဝေဖန်တာတွေ အများကြီးရှိတယ်။ လွှတ်တော်ကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အများစုရယူထားတယ်။ လွှတ်တော်၊ အစိုးရကလည်း NLD အစိုးရပေါ့။ ဆိုတော့ အစိုးရနဲ့ လွှတ်တော်ကြားမှာ အပြန်အလှန်ထိန်းကျောင်းနိုင်ဖို့ အားနည်းတယ်ဆိုပြီးတော့ တွေ့ရတယ်။ ဦးအေးကျော် အဲဒါကို သဘောတူပါလား။ ဘယ်လိုမျိုး အားနည်းနေသလဲ။
ဖြေ ။ ။ သူက စောစောကပြောသလိုပေါ့ ထိန်းကျောင်းတယ် - ယေဘုယျအားဖြင့် ပြောကြတာကတော့ အစိုးရနဲ့ လွှတ်တော်တို့က တပါတီထဲဖြစ်နေလို့ဆိုပြီးတော့ ယေဘုယျ ပြောတယ်။ အဲဒီအချက်ကို မကြည့်ပါဘူး။ ပြီးခဲ့တဲ့သက်တမ်း လွှတ်တော်မှာလည်း လွှတ်တော်နဲ့ အစိုးရက တပါတီတည်း ဖြစ်နေတယ်။ အခုသက်တမ်းမှာလည်း တပါတီလိုမျိုး ဖြစ်နေတာမျိုးဖြစ်တော့ - ဒါကိုတော့ ကျနော်တို့က သိပ်ထူးခြားပြီး မပြောတော့ဘူး။ ကျနော်တို့က စီစစ်ထိန်းကျောင်းတဲ့ဟာကို ဘာနဲ့ကြည့်သလဲလို့ပြောရင် လွှတ်တော်က စီစစ်ထိန်းကျောင်းတဲ့ ရည်ရွယ်ချက်နဲ့ ဘာတွေလုပ်သလဲ။ များသောအားဖြင့် လွှတ်တော်မှာ မေးခွန်းတွေမေးကြတယ်ပေါ့။ အဲဒီလို မေးခွန်းတွေ မေးတာက စီစစ်ထိန်းကျောင်းဖို့ ရည်ရွယ်ချက်နဲ့ မေးကြတာမျိုးများပါတယ်။ နောက် အဆိုတင်သွင်းတာကလဲ စီစစ်ထိန်းကျောင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ အဆိုတင်သွင်းတာတွေလည်း ရှိတယ်။ နောက်တခါ စီစစ်ထိန်းကျောင်းလိုတဲ့ ရည်ရွယ်ချက်နဲ့ ဥပဒေတွေလည်း ရှိတယ်။ ဥပမာ ကျနော်တို့ အစိုးရဆိုရင် ရေနက်ဆိပ်ကမ်းကြီးတွေ လုပ်နေကြတယ်။ အဲဒီမှာ ရေနက်ဆိပ်ကမ်းကြီးတွေကို အစိုးရက လုပ်ချင်တိုင်း လုပ်လို့မရအောင်အတွက် ရေနက်ဆိပ်ကမ်းများ ဥပဒေ ထွက်လာတာမျိုးရှိတယ်။ နောက်တခါ အဲဒီလိုပဲ အဆိုတွေလည်း တင်ကြတယ်။ မေးခွန်းတွေလည်း မေးကြတယ်။ အဲဒီလို မေးခွန်းတွေ မေးကြတဲ့နေရာမှာ သက်ဆိုင်ရာ တာဝန်ရှိတဲ့လူတွေက လွှတ်တော်မှာ ဖြေကြတယ်။ အဲဒီတော့ ဒါကို မေးကြတဲ့လူတွေက မေးတယ်။ ဖြေတဲ့လူက ဖြေကြတယ်။ ကတိဖျက်သွားတာတွေ ရှိတယ်။ လုပ်ပေးပါမယ်ဆိုတဲ့ ကတိမျိုး။ ဒါပေမဲ့ လုပ်ပေးပါမယ်ဆိုတဲ့ ကတိမျိုးက တကယ်လုပ်ပေးဖြစ်သလား။ မလုပ်ပေးဖြစ်ဘူးလား။ ဘယ်လောက်အတွင်းမှာ လုပ်ပေးမယ်လို့ ပြောပြီး၊ ဘယ်လောက်အထိ ကြာနေသလဲ။ အဲဒါတွေ ကျနော်တို့ မသိရဘူး။
မေး ။ ။ ဆိုတော့ လွှတ်တော်ဘက်က အစိုးရဘက်က လုပ်ပေးမယ်လို့ ကတိပေးသွားတယ်။ အဲဒါကို လွှတ်တော်ဘက်က နောက်ထပ်နောက်ဆက်တွဲတွေ မလုပ်ဘူးပေါ့။
ဖြေ ။ ။ မလုပ်ဘူးရယ်လို့တော့ မဟုတ်ဘူး။ လွှတ်တော်မှာ ကော်မတီမှာတခု ရှိတယ်။ အမြဲတမ်းကော်မတီထဲမှာလည်း ပါတယ်။ အာမကတိကော်မတီ ဖြစ်တယ်။ အဲဒီကော်မတီက အစိုးရရဲ့ ကတိကဝတ်တွေ အာမခံချက်တွေကို တင်မတင် လေ့လာစောင့်ကြည့်ရတဲ့သဘောမျိုး။ အဲဒီတော့ သူတို့ကော်မတီတွေက စောစောကပြောသလို အမျိုးသားလွှတ်တော်မှာ ကော်မတီရှိမယ်။ ပြည်သူ့လွှတ်တော်မှာ ကော်မတီ ရှိတယ်။ အဲဒီကော်မတီနှစ်ခုပေါင်းရင်တောင်မှ ကော်မတီဝင်က စုစုပေါင်းအယောက် (၁၀၀) မပြည့်ဘူး။ တနိုင်ငံလုံးမှာ စောစောက ကတိတွေ ဒလဟော အများကြီးပေးထားတာတွေအရာတွေ ရာနဲ့ချီပါလာတယ်။ အဲဒီကတိမျိုးတွေကို သူတို့လိုက်လံစစ်ဆေးရမယ်။ ဒီနေရာမှာ ဒါလုပ်ပေးမယ်လို့ ပြောတာကို လုပ်ပေးဖြစ်ပြီလား။ ပြီးပြီလား။ လိုက်ပြီးတော့ ကြည့်ရတာတွေ ရှိတယ်။ သူတို့လည်း အဲဒီမှာ မနိုင်ဝန်ထမ်းနေရသလိုမျိုးတော့ ရှိလိမ့်မယ်။
မေး ။ ။ ဒါကတော့ စောင့်ကြပ်ထိန်းကြည့် စောင့်ကြည့်တဲ့သဘောပေါ့။ နောက်တခုက ကိုယ်စားပြုမှုအပိုင်းမှာ လွှတ်တော်က တကယ်ကိုယ်စားပြုမှုအပိုင်းကို ထိထိရောက်ရောက် လုပ်နေနိုင်ရဲ့လား။
ဖြေ ။ ။ အဲဒါလဲ 100% ကိုယ်စားပြုတယ်လို့ မယူဆဘူး။ ဘာဖြစ်လို့လဲဆိုတော့
မေး ။ ။ ကိုယ်စားပြုမှုဆိုတဲ့နေရာမှာ ဘာကို အဓိက ဆိုလိုချင်တာလဲ။
ဖြေ ။ ။ ကိုယ်စားပြုတယ်ဆိုတဲ့ဟာက ကျနော်တို့ ကိုယ်စားလှယ်က သူ့ရဲ့မဲဆန္ဒနယ်မြေက ပြည်သူတွေကို ကိုယ်စားပြုရမယ်။ ကျနော်တို့ အခုသွားနေတဲ့ စနစ်က ဒီမိုကရေစီလို့ ပြောပေမယ့် တိုက်ရိုက်ဒီမိုကရေစီ မဟုတ်ဘူး။ ကျနော်တို့ ကိုယ်စားပြုတဲ့စနစ်နဲ့ သွားတာ။ အဲဒီတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်သည် သူကိုယ်စားပြုရမှာတွေ၊ သူ့မဲဆန္ဒနယ်မြေက ပြည်သူတွေကို ကိုယ်စားပြုရမယ်။ သူတို့ လွှတ်တော်မှာလည်း ကြွေးကြော်ထားတာလည်း ရှိပါတယ်။ ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒ။ ဒါပေမဲ့ မဲဆန္ဒနယ်မြေမှာရှိတဲ့ ပြည်သူတွေကို ကိုယ်စားလှယ်က တကယ်ကော ကိုယ်စားပြုနေရဲ့လားဆိုတဲ့ အပိုင်းက နည်းနည်းလေးတော့ ပြဿနာ ရှိတယ်။
မေး ။ ။ အဓိက သူကို ရွေးကောက်တင်မြှောက်လိုက်တဲ့ သူတို့ကိုယ်စား၊ သူတို့ရဲ့အကျိုးကို လုပ်ပါလို့ တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့မဲဆန္ဒရှင်တွေရဲ့ အကျိုးစီးပွားကို တကယ်တမ်း ကိုယ်စားပြု အကောင်အထည်ဖော်နေသလားဆိုတာကို မေးခွန်းထုတ်စရာ ရှိနေတာပေါ့။ ဒီအပိုင်းလည်း သိပ်ကျေနပ်အားရစရာ မရှိဘူး။ အဲဒီတော့ ဥပဒေပြုရေးအပိုင်း။ ဥပဒေပြုရေးအပိုင်းမှာရော တိုင်းပြည်က အခုနပြောခဲ့သလို ဥပဒေတွေအများကြီး ရှိတယ်။ နဂိုတုန်းက ပြဌာန်းခဲ့တာတွေ။ တကယ်ဖျက်သင့်တဲ့ ဥပဒေတွေကို ဖျက်နိုင်ခဲ့ပြီလား။ ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို ပြင်ဆင်သင့်တဲ့ အခြေအနေ ရောက်ပြီလား။ အသစ်ပြဌာန်းသင့်တာတွေကို အသစ်ပြဌာန်းနိုင်တဲ့ အခြေအနေကို ရောက်ပါပြီလား။
ဖြေ ။ ။ အဲဒါလဲ မရောက်သေးဘူး။ မရောက်သေးဘဲနဲ့ တချို့တွေဆိုရင် ကျနော်တို့တွေ့တဲ့ ဥပဒေ - တကယ်ကို ကျနော်တို့ လိုအပ်နေတဲ့ ဥပဒေတွေ ပြဌာန်းဖို့။ တကယ့်ကို ရုတ်သိမ်းသင့်တဲ့၊ ပြင်ဆင်သင့်တဲ့ ဥပဒေတွေ ပြင်ဆင်ဖို့ နှောင့်နှေးကြန့်ကြာနေတယ်။ ထပ်တလဲလဲ ဒီဥပဒေကိုပဲ ပြင်ဆင်နေရတာတွေလည်း တွေ့တယ်။ ဥပမာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ - စတုတ္ထအကြိမ်လောက် ရှိနေပြီ ပြင်ရတာ။ ဒါကိုပဲ ထပ်တလဲလဲ ပြင်နေတယ်။ တချို့ဥပဒေတွေဆိုရင်လဲ (၁) နှစ်အတွင်းမှာတင် နှစ်ကြိမ်လောက် ပြင်ရတယ်။ သတ္တမပုံမှန်အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ ဥပဒေက နဝမလောက်မှာ ပြင်ချင်ပြင်နေရတယ်။ ဒီဥပဒေကိုပဲ ထပ်ကြော့ထပ်ကြော့ ပြင်နေရတယ်။
မေး ။ ။ ဆိုတော့ နဂိုပြဌာန်းပြီသား ဥပဒေကိုပဲ ထပ်ကြော့ထပ်ကြော့ ပြင်နေရတယ်ဆိုတော့ ရှိထားပြီသား ပြဌာန်းထား၊ ပြဌာန်းဆဲ၊ ကျင့်သုံးနေဆဲ ဥပဒေတွေကို သုံးသပ်တာ၊ လေ့လာတာ၊ ဒါတွေကို ဖျက်ပစ်ဖို့ ဆိုတာတွေ သေသေချာချာ လုပ်နိုင်မှာ မဟုတ်ဘူးပေါ့။
ဖြေ ။ ။ အဲဒီလို အားနည်းနေတာတွေတော့ ရှိတယ်။
မေး ။ ။ အဓိက ဘာလိုနေလဲ။ ဦးအေးကျော်တို့ အမြင်အရ။
ဖြေ ။ ။ ကျနော်တို့ အမြင်ကတော့ စောစောကပြောသလို တကယ့်ကို ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်တဲ့သူတွေ လိုသွားတယ်လို့ ထင်တယ်။
မေး ။ ။ အဲဒီတော့ လွှတ်တော်ကြီးတခုလုံးမှာ ရှေ့နေတွေလည်း အများကြီး ရှိပါတယ်။ ဥပဒေပညာရှင်တွေလည်း အများကြီး ရှိပါတယ်။ ဒီလွှတ်တော်ကြီးတခုလုံးကို လည်ပတ်လုပ်ဆောင်နေရာမှာ အဲဒီလောက် ကျွမ်းကျင်တဲ့လူတွေ မရှိဘူးပေါ့။
ဖြေ ။ ။ စောစောကပြောသလို နောက်တခုက လွှတ်တော်မှာ ဥပဒေကြမ်းကော်မတီတွေ ရှိတယ်။ အမျိုးသားလွှတ်တော်မှာလည်း ရှိတယ်။ ပြည်သူ့လွှတ်တော်မှာလည်း ရှိတယ်။ နောက် ပြည်ထောင်စုမှာလည်း လွှတ်တော်နှစ်ရပ်ပေါင်းထားတဲ့ ပူးပေါင်းကော်မတီဆိုပြီ ရှိတယ်။ ဒီကော်မတီတွေက စောစောကပြောသလို ဥပဒေရေးရာနဲ့ ပတ်သက်လို့ရှိရင် လေ့လာသုံးသပ်တဲ့ အလုပ်တွေကို လုပ်ရမယ်။ လုပ်လည်းလုပ်နိုင်အောင် သူတို့ကြိုးစားရမယ်။ လုပ်ခွင့်လည်းရှိဖို့တော့ လိုတာပေါ့။ ကျနော်တို့ အဲဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ အဲဒီကော်မတီတွေ ရှိနေရဲ့သားနဲ့ တကယ့်လွှတ်တော်မှာ ဒီဥပဒေရေးရာနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်တဲ့ ကော်မရှင်ဆိုတဲ့ဟာကြီး သက်သက်ရှိနေပြန်တယ်။ ကော်မတီနဲ့ ကော်မရှင်ကတော့ သဘောထားချင်းတော့ ကော်မရှင်ကတော့ နည်းနည်းမြင့်တဲ့သဘော ရှိတယ်။ ဘာဖြစ်လို့လဲလို့ပြောရင် သူက ကော်မရှင်က ကိုယ်စားလှယ် မဟုတ်တဲ့လူတွေကို ထည့်သွင်းဖွဲ့စည်းလို့ရတယ်။ အဲဒီတော့ သူက လိုအပ်ရင်လိုအပ်သလို ဘယ်ပညာရှင်မဆိုခေါ်ပြီး ထည့်လို့ရတယ်။ သူကတော့ နည်းနည်းပိုပြီးတော့ အရည်အချင်းပိုင်းမှာ ပိုပြီးတော့မြင့်မယ့်သဘောတော့ ရှိတယ်။ ဒါပေမဲ့ အဲဒီကော်မရှင်က ဥပဒေတွေကို လေ့လာသုံးသပ်တယ်။ စောစောကပြောသလို ဘယ်ဟာတွေ ဖျက်မယ်။ ဘယ်ဟာတွေ ပြင်မယ်။ ဘယ်ဟာတွေက ရုတ်သိမ်းမယ်ဆိုတဲ့ဟာကို သူက အဓိကထိုင်လုပ်နေတာကို တွေ့ရတယ်။ တွေ့ရတော့ စောစောကပြောတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ထဲရောက်လာတဲ့ ဥပဒေကြမ်းတွေအပေါ် သုံးသပ်တဲ့အလုပ်လောက်ပဲ လုပ်နေတာကို တွေ့ရတယ်။
မေး ။ ။ ဆိုတော့ အခုနပြောတဲ့ ကော်မရှင်က သေေသေချာချာ တည့်တည့်ပြောရရင် လက်ရှိ သူရဦးရွှေမန်း ဦးဆောင်နေတဲ့ ကော်မရှင် - အဲဒီကော်မရှင်က ဥပဒေပြုရေးအပိုင်းမှာ တကယ်လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ ကော်မတီထက် ပိုပြီတော့ လုပ်ပိုင်ခွင့်နဲ့ သူဆီက ကျော်မှပဲ ဥပဒေတွေက ပြီးတယ်ဆိုတဲ့ပုံစံ ဖြစ်နေတာပေါ့။
ဖြေ ။ ။ အဲဒီလိုမျိုးတော့ ဖြစ်နေရတဲ့သဘောပေါ့။ သူက တိုင်းပြည်မှာ ဘယ်လိုဥပဒေမျိုးတွေကို ပြဌာန်းသင့်သလဲ။ ဘယ်ဟာတွေကို ပြင်သင့်သလဲ။ ဘယ်ဟာတွေကို ရုတ်သိမ်းသင့်သလဲ အလုပ်ကို သူ့ကော်မရှင်က လုပ်နေတဲ့သဘောရှိတယ်။ စောစောက လွှတ်တော်ကော်မတီတွေက လွှတ်တော်ထဲရောက်လာတဲ့ ဥပဒေမူကြမ်းတွေကိုပဲ လေ့လာသုံးသပ်နေတဲ့သဘော ဖြစ်နေတယ်။ အဲဒီသဘောလေးပေါ့။ သူကတော့ ပိုမြင့်နေတဲ့သဘော ဖြစ်နေတယ်။
မေး ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက်။