ကချင်ပြည်နယ်ထဲက စိန်ခေါ်မှုများ

  • ဇော်ဝင်းလှိုင်

ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် ဆမ်ဆန်း

ကချင်ပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးဒုက္ခသည်တွေ ငြိမ်းငြိမ်းချမ်းချမ်း နေရပ်ရင်းကို ပြန်နိုင်ရေးအတွက် NLD အစိုးရ ဦးဆောင်ကျင်းပမယ့် (၂၁) ရာစု ပင်လုံညီလာခံကနေ (၄၇) ခုနှစ် ပင်လုံ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်မယ်လို့ မျှော်လင့်ကြောင်း ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကချင်နှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် ဆမ်ဆန်းက ပြောဆိုလိုက်ပါတယ်။ (၄၇) ပင်လုံ ကတိတွေကို ပယ်ဖျက်လိုက်မယ်ဆိုရင် အခြေအနေတွေက ပိုရှုပ်သွားနိုင်တယ်လို့ VOA နဲ့ သီးသန့်မေးမြန်းခန်းမှာ သူက ပြောဆိုခဲ့ပါတယ်။ ဦးဆမ်ဆန်း က ကချင်ပြည်နယ်အတွင်းမှာ အသတ်ခံရတဲ့ စေတနာဝန်ထမ်း ကျောင်းဆရာမနှစ်ယောက်ရဲ့ အမှုမှန်ဖော်ထုတ်ရေးအတွက်ကိုလည်း ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ကချင်နှစ်ချင်းအဖွဲ့ချုပ် အတွင်းရေးမှူး ဆမ်ဆန်း ကို ကိုဇော်ဝင်းလှိုင် က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆရာဆမ်ဆန်း အခုလို VOA လာပြီးတော့ တွေ့ဆုံမေးမြန်းခွင့်ပြုတာကို ကျေးဇူးတင်ပါတယ်။ ဆရာဆမ်ဆန်း က ကချင်နှစ်ချင်းအသင်းတော်အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေတယ်လို့ ကြားပါတယ်။ ဆိုတော့ ကျနော်တို့ သိရတာက KBC အတိုကောက်ခေါ်ရင်တော့ - KBC အနေနဲ့ လူမှုရေးလုပ်ငန်းတွေလည်း တခြားအများကြီး လုပ်နေတယ်ဆိုတာ ကျနော်တို့ ကြားသိထားတာတွေ ရှိပါတယ်။ လောလောဆယ် နောက်ဆုံးဖြစ်နေတဲ့ ကိစ္စက မြန်မာနိုင်ငံအတွင်းမှာလည်း လူတိုင်းစိတ်ဝင်တစားနဲ့ စောင့်ကြည့်နေတဲ့ဟာက စေတနာဝန်ထမ်း ကျောင်းဆရာမလေးနှစ်ဦး မတရားသဖြင့် စော်ကားခံရပြီး သတ်ဖြတ်ခံလိုက်ရတဲ့ကိစ္စ။ အဲဒီကိစ္စကို ဆရာတို့ KBC အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် ကြိုးစားလုပ်ဆောင်နေတယ်ဆိုတာ ကျနော်တို့ သိပါတယ်။ ဆရာကိုယ်တိုင်လည်း အဲဒီမှာ အမှုဆောင်တဦးအနေနဲ့ တာဝန်ရှိသူတဦးအနေနဲ့ ထိပ်ကကြိုးစားလုပ်ဆောင်နေတယ်ဆိုတာကို ကျနော်တို့ ကြားသိရပါတယ်။ ဆရာမလေးနှစ်ဦး အမှုမှန်ပေါ်ရေးကိစ္စမှာ ဆရာတို့အနေနဲ့ နောက်ဆုံးအဆင့် ဘာတွေများ လုပ်ဆောင်ထားပါလဲ။

ဦးဆမ်ဆန်း ။ ။ တနှစ်ကျော်ကြာလာတဲ့ အချိန်အထိ အစိုးရကလည်း ပြောင်းသွားတဲ့အချိန်အထိ ဒီအဖြေနဲ့ ပတ်သက်ပြီးမှ ဘာမှထူးထူးခြားခြား ကျနော်တို့ မတွေ့ရဘူး။ မတွေ့ရတဲ့အတွက်ကြောင့်မို့ ဇွန်လ (၉) ရက်နေ့မှာ လက်ရှိ အစိုးရ NLD အစိုးရကို စာရေးခဲ့ပါတယ်။ စာရေးတဲ့နေရာမှာ အဓိကတော့ တပ်မတော်ဟာ လူထုရဲ့ အသက်အိုအိမ်စည်စိမ်ကို ကာကွယ်တဲ့ အဓိကကျတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ ဒါကြောင့်မို့ လူဦးရေ (၁၂၀) ပဲ ရှိတဲ့ ကွန်ဟိုက်ကျေးရွာမှာ ဖြစ်ပျက်ခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ အရပ်သားကပဲ ကျူးလွန်သည်ဖြစ်စေ၊ စစ်သားက ဖြစ်စေ၊ အဓိက တာဝန်အရှိဆုံးကတော့ ခမရ (၅၀၃) စစ်ကြောင်းမှူးမှာ တာဝန်ရှိတယ်ဆိုတာကို အဓိက ဖော်ပြပြီးမှ သမ္မတဆီ စာရေးတယ်။ နောက် သမ္မတအတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး သက်ဆိုင်ရာဌာနပေါင်းစုံကို ကျနော်တို့ စာရေးအကြောင်းကြားခဲ့ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ သူတို့ဘက်က စာရေးပို့သူတွေဘက်က အကြောင်းပြန်လာတာမျိုး ရှိပါလား။

ဦးဆမ်ဆန်း ။ ။ ဒီနေ့အထိတော့ ဘာမှ အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဟိုတလောလေးကလဲ သတင်းတွေ ကြားလိုက်ပါတယ်။ ဒီအမှုကို တရားရုံးက စစ်ဆေးတော့မယ်။ စစ်ဆေးဖို့ စီမံနေတယ်ဆိုပြီး အသံတွေ ထက်နေတယ်။ တကယ် စစ်ဆေးဖြစ်သလား။ ဒါမှမဟုတ် စစ်ဆေးတဲ့နေရာမှာ အခက်အခဲတွေ ရှိနိုင်လဲ။

ဦးဆမ်ဆန်း ။ ။ မေလ (၁၈) ရက်နေ့က ကျနော်တို့ လားရှိုးမြို့ ဒုတိယပြည်နယ် ရဲမှူးရုံးမှာ တွေ့ဆုံပွဲအဖြစ်ဘဲ ကျနော်တို့ လုပ်ခဲ့လို့ရပါတယ်။ အဲဒီ နေရာမှာ စစ်ကြောင်းမှူး နဲ့ တာဝန်ရှိသူ စစ်သားအချို့ကို ကျနော်တို့ဘက်က မေးမြန်းလိုကြောင်း ပြောတဲ့အခါမှာ မှန်သလိုပဲ။ မေးမြန်းလိုကြောင်း ပြောတဲ့အချိန်မှာ မေးမြန်းခွင့် direct talk - တဆက်မေးခွန်းတွေ မေးပြီးမှ မေးမယ်ဆိုတဲ့ အဖြေကိုရတဲ့အချိန်မှာ ကျနော်တို့ရဲ့ ရှေ့နေ။ ကျနော်တို့က ရှမ်းပြည်၊ ကချင် ရှေ့နေများ ကွန်ရက်ကို ကျနော်တို့က တာဝန်ပေးထားတော့ ဒီလို တဆင့် မေးတဲ့မေးခွန်းများကို မလုပ်ချင်တော့ နောက်ဆုံးတော့ မေလ (၁၈) ရက်နေ့မှာ လားရှိုမှာ တွေ့ဆုံတဲ့ စစ်ဆေးမေးမြန်းမှုမှာ တွေ့ဆုံပွဲလေး ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ ဘာမှ အဖြေမရှိခဲ့ပါဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ တာဝန်ရှိတယ်လို့ ယူဆထားကြတဲ့ ယူဆထားခံရတဲ့ သူတွေကို တရားရုံးထုတ်ပြီးတော့ စစ်ဆေးတယ် ဘာညာဆိုတာတွေ မရောက်သေးဘူး။

ဦးဆမ်ဆန်း ။ ။ မရောက်သေးဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ အဲဒီလို ဖြစ်ဖို့က ဘာတွေ အခက်အခဲတွေ ရှိနေလဲ။

ဦးဆမ်ဆန်း ။ ။ ကျနော်တို့ကတော့ တရားစွဲဖို့အတွက် သက်သေတွေ လိုပါတယ်။ သက်သေတွေ ကျနော်တို့ မပြနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆရာမနှစ်ဦးကလည်း သေဆုံးသွားပြီဆိုတော့ ကျနော်တို့ဆီမှာ မည်သူမည်ဝါ ဖြစ်တယ်ဆိုတာကို ပြဖို့ကတော့ သက်သေ ကျနော်တို့ဆီမှာ မရှိပါဘူး။ ဒါကြောင့်မို့ ကျနော်တို့က ဒီအခင်းဖြစ်တဲ့နေ့က ရဲတွေ ယူသွားတဲ့ သက်သေခံပစ္စည်းတွေကို ပြန်ပြီးတော့ ဒါကို စစ်ဆေးဖို့ လုပ်ပါအုံးမယ်။ ဒါတွေလဲ ကျနော်တို့အတွက် အင်မတန်မှပဲ အကျုံးဝင်ပါတယ်။ နောက်ပြီးမှ ဒီမနက်အစောကြီးမှာ ပို့လိုက်တဲ့ စစ်သားတွေနဲ့ ကားဆရာတွေကိုလည်း မေးမြန်းဖို့ လိုပါတယ်။ နောက်ပြီးတော့ အထူးသဖြင့်တော့ စစ်ကြောင်းမှူးကို Direct မေးနိုင်ဖို့ကတော့ အဓိက ဖြစ်ပါတယ်။ အဲဒါတွေ ဖြစ်ပြီမှပဲ ကျနော်တို့က တရားရုံးကို တရားစွဲဖို့တော့ အဲဒီအချိန်မှာ ဆုံးဖြတ်ရမှာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါဆိုရင်တော့ အခုအတိုင်းကတော့ သံသယ ရှိခံထားရသူတွေ ရှိတယ်။ တရားစွဲလို့ ဖြစ်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ပြောလို့ရမလား။

ဦးဆမ်ဆန်း ။ ။ ဟုတ်တယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဒါကလဲ အပြင်မှာကော ပြောကြသလား။ အပြင်မှာ အလွတ်သဘော ပြောတဲ့လူတွေ ရှိလား။

ဦးဆမ်ဆန်း ။ ။ အပြင်မှာတော့ အများကြီးတော့ ပြောကြပါတယ်။ အထူးသဖြင့် အဲဒီရွာမှာရှိတဲ့ ရွာသားတွေကိုယ်တိုင်ကလည်း အဲဒီမှာ ဖြစ်ပျက်တဲ့နေ့မှာ ညမှာ စစ်သားကားတစီးက လွဲပြီးမှ တခြားဘာမှ မရှိဘူး။ နောက် မနက်ပိုင်းမှာ သူတို့ ခြိမ်းခြောက်ခံရတာတွေ ပြောပါတယ်။ သူတို့ကလည်း အမျိုးမျိုး ခြိမ်းခြောက်ထားတယ်ဆိုတော့ အဖြစ်မှန်ကို သူတို့ မပြောရဲကြပါဘူး။ အပြင်မှာတော့ အဖြစ်မှန်တွေ ပြောကြပါတယ်။ ဒါပေမဲ့ တရားဝင် စစ်ဆေးမေးမြန်းတဲ့အခါမှာ သူတို့က အဖြစ်မှန်ကိုပြောဖို့ အင်မတန်မှပဲ ဝန်လေးနေကြပါတယ်။ ဒါကြောင့်မို့ အပြင်မှာရှိတဲ့ လူအများ၊ ပြည်သူလူထုရဲ့ စိတ်ထဲမှာတော့ ဘယ်သူမည်သူမည်ဝါ ပြုတယ်ဆိုတာကိုတော့ သိနေကြတယ်။ ဒါပေမဲ့ သက်သေကတော့ ပြလို့မရသေးဘူး။

ကိုဇော်ဝင်းလှိုင် ။ ။ တရားဝင် မပြောရဲဘူး ဖြစ်နေတယ်။

ဦးဆမ်ဆန်း ။ ။ ဒါကြောင့်မို့ ကျနော်တို့က အစိုးရအနေနဲ့ တရားမျှတဖို့အတွက် ဥပဒေမှာ ရပ်တည်တယ်ဆိုရင်ပေါ့ ကျနော်ထင်တယ် အဖြေမှန် ထွက်လာမယ်လို့ ကျနော်တို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ စေတနာဝန်ထမ်း ဆရာမလေးတွေ ကိစ္စကတော့ အများကလဲ စိတ်ဝင်စားတဲ့ကိစ္စ။ ကချင်ပြည်နယ်တခုလုံးနဲ့ ကချင်လူထုကြားထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေ အများကြီးထဲက တစ်ခု ဆိုကြပါစို့။ ဆိုတော့ ကချင်ပြည်နယ်အကြောင်း ပြောတယ်ဆိုရင် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြောင်း၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေအကြောင်းကလည်း မပြောလို့၊ မပါလို့ မဖြစ်ဘူးလို့ ဖြစ်နေတယ်။ အဲဒီတော့ ဒုက္ခသည်တွေ အခြေအနေကရော အခု ဘယ်လို ရှိသလဲ။ တဘက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအဖွဲ့ကနေ (၂၁) ရာစု ပင်လုံညီလာခံ ပေါ်ပေါက်ရေး ဖြစ်မြောက်ရေးဆိုပြီး ကြိုးစားနေတာ တဘက်မှာ ရှိသလို၊ အဲဒီလို ကြိုးစားဖြေရှင်းနေတဲ့ အချိန်မှာ ရှမ်းပြည်၊ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ လူတွေ ထွက်ပြေးနေရတုန်း။ ဒုက္ခသည်တွေလည်း အများကြီးရှိတယ်။ ထပ်ဖြည့်ရတဲ့ လူတွေလည်း ရှိတယ်။ ဒုက္ခသည်တွေရဲ့ အနေအထားကို ပြောမယ်ဆို၊ ဘယ်လိုအနေအထားရှိလဲ။

ဦးဆမ်ဆန်း ။ ။ (၉) ရက်နေ့မှာ ပုဂ္ဂိုလ်(၅) နှစ်မြောက် အခမ်းအနား လုပ်ပါတယ်။ လုပ်တဲ့အချိန်မှာ ဒုက္ခသည်အပါအဝင် ပေါင် နှစ်သောင်းကျော် တက်ရောက်ပါတယ်။ အဲဒီအခမ်းအနားမှာ ဒုက္ခသည် IDP များရဲ့ အသံတွေ၊ ရင်တွင်းဖြစ်အသံကိုလည်း ကြားရပါတယ်။ အဓိကတော့ ဒုက္ခသည်အားလုံးက မိမိရဲ့ နေရပ်ဌာနေကို ပြန်ချင်တယ်။ ဒါပေမဲ့ ပြဿနာကတော့ အဲဒီ စွန့်ခွါခဲ့တဲ့ ရွာတွေမှာ စစ်တပ်က ယခင်ကထက် ပိုများပြီးမှ ချထားတယ်ဆိုတော့ ပြန်ဖို့က ခက်နေတယ်။ နောက်တကြောင်းတခုကတော့ International ထောက်ပံ့မှုတွေကလည်း လျော့လာတယ်။ အထူးသဖြင့်တော့ IDP တွေက တရုတ်ပြည်နယ်စပ်ဘက်မှာ ပိုများတယ်။ နောက်ပြီးတော့ Government Control Area မှာဆိုရင် အသင်းတော် Compound ထဲမှာ နေကြတယ်။ နေကြတယ်ဆိုတော့ အထူးသဖြင့် International WFP ရဲ့ အထောက်အပံ့က အဲဒီ Non-government Control Area မှာ အထောက်အပံ့ပေးဖို့ အစိုးရက အကန့်အသတ် ချုပ်ချယ်မှုတွေ လုပ်လာတော့ ကျနော်တို့ IDP တွေအတွက် အများကြီး စိုးရိမ်ပါတယ်။ အဲဒီနေရာတွေကို အထောက်အပံ့ မရောက်ခဲ့ရင် ဒုက္ခပိုပြီးတော့ ရောက်ပါလိမ့်မယ်။ ပြီးရင် ကမ္ဘာ့အကူအညီများအဖွဲ့အစည်းများရဲ့ ကူညီမှုမှာလည်း ကျနော်ထင်တယ် တော်တော်ကို ဒီအတိုင်းသွားမယ်ဆိုရင် စိုးရိမ်စရာတော့ ရှိပါတယ်။ တခါတလေ ကျနော်တို့ Government Control Area မှာ အထောက်အပံ့ပစ္စည်းတွေ ယူသွားတဲ့အချိန်မှာ ဂိတ်တွေမှာ ဟန့်တားမှုတွေ ကျနော်တို့ ခံရတယ်။ အဆင့်ဆင့်ပြန်ပြီးမှ စာတွေဘာတွေနဲ့ ပြန်ပြီးမှ အပေါ်အထက် ဌာနဆိုင်ရာတွေကို ပြန်လျှောက်မှ ခွင့်ပြုတာတွေလည်းရှိတယ်။ ဒီလိုမျိုး အဟန့်အတားတွေ ရှိပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျနော်လည်း ရောက်ခဲ့ဖူးပါတယ်။ ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေကို သွားခဲ့ဖူးပါတယ်။ သူတို့တွေက ကလေးတွေကအစ ပညာရေးကိစ္စတွေကအဆုံး သူတို့တွေ အများကြီး အခက်အခဲတွေ ရှိတယ်။ ဆိုတော့ ဒီလူတွေရဲ့ ဆန္ဒထဲမှာ သူတို့ရွာကို ပြန်ချင်ကြတယ် ပြောတယ်။ ကိုယ့်နေရာကိုယ် ပြန်ချင်ကြတာပေါ့။ ဒါက ထုံးစံ။ ဒါပေမဲ့ တဘက်မှာ ကျနော်တို့ ကြားရတာက သူတို့ကျေးရွာတွေမှာ စစ်တပ်တွေ ရှိနေတယ် တပြိုင်တည်းမှာ တချို့ မိုင်းတွေ ရှိနေတယ်။ သူတို့ မပြန်ရဲကြဘူးပြောတယ်။ မိုင်းတွေ နင်းမိမှာကြောက်လို့။ အဲဒီကိစ္စတွေ ရေရှည်စီမံကိန်းနဲ့ ပတ်သက်လို့ … ဆိုကြပါစို့ (၂၁) ရာစု ပင်လုံညီလာခံကြီး ကျင်းပပြီးတော့ အောင်မြင်စွာ ပြီးဆုံးသွားပြီ ငြိမ်းချမ်းရေးရတယ် ဆိုကြပါစို့ ကျနော် ထင်တာကတော့ NLD အစိုးရကတော့ အရင် အစိုးရထက်စာရင်တော့ ငြိမ်းချမ်းရေးကို ပိုပြီးတော့ ဖိဖိစီးစီးလုပ်မယ်။ သူ့အနေနဲ့ ဦးစားပေးအဆင့် ထားမယ်လို့ ပြောထားတာ ရှိတော့ အနှေးနဲ့အမြန် တစုံတရာတော့ ရလဒ်တော့ ထွက်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ ဖြစ်လာခဲ့လို့ရှိရင် ဒီလူတွေ ပြန်ကြတော့မယ်။ သိန်းနဲ့ချီတဲ့လူတွေ ကိုယ့်အရပ်ကို ကိုယ်ပြန်ကြဖို့ကိစ္စဟာ ဘယ်လို အခက်အခဲတွေ ရှိနိုင်လဲ။ ဘာတွေများ ကြိုတင်ပြင်ဆင်ဖို့ လိုအပ်မလဲ။

ဦးဆမ်ဆန်း ။ ။ ကျနော်တို့ အဲဒါတွေကို Local NGO တွေ ပြင်ဆင်နေပါတယ်။ Resettlement Program အတွက် ပထမဦးဆုံး ဘာတွေ ဦးစားပေး လုပ်ရမယ်။ ဘာတွေကို အရင်လုပ်ရမယ်ဆိုတာကို Local NGOs များ စုပေါင်းပြီးမှ Workshop တွေ ခဏခဏ လုပ်ပြီး ပြင်ဆင်နေပါတယ်။ ဒါကို တခြား INGOs တွေနဲ့လည်း ဆက်လက်ပြီး ဆွေးနွေးဖို့ ရှိပါတယ်။ ကျနော်တို့အားလုံးရဲ့ မျှော်လင့်ချက်မှာတော့ (၂၁) ရာစု ပင်လုံညီလာခံကြီးဟာ ၁၉၄၇ ကို အခြေခံတဲ့ ကတိတွေနဲ့ သွားမယ်ဆိုရင်တော့ ငြိမ်းချမ်းစွာနဲ့ မိမိတို့ ဒီရွာတွေကို ပျော်ရွှင်စွာနဲ့ ပြန်ရမယ်လို့၊ ကျနော်တို့ (၂၁) ရာစု ပင်လုံညီလာခံကိုလည်း (၄၇) ရဲ့ ကတိကဝတ်အတိုင်း သွားဖို့တော့ ကျနော်တို့အားလုံး ဒါကိုပဲ ယုံကြည်နေကြပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ တခြားတိုင်းရင်းသားတွေနဲ့ စကားပြောကြည့်တဲ့အခါမှာလည်း ကျနော်တို့ အဲဒီလိုပဲ ကြားရပါတယ်။ (၂၁) ရာစု ပင်လုံညီလာခံတော့ ဟုတ်တယ် ဒါပေမဲ့ (၄၇) ခုနှစ်တုန်းက ရခဲ့တဲ့ သဘောတူညီချက်အပေါ် အခြေခံတယ်ဆိုရင်တော့ ကောင်းတယ်။ ဒါမဟုတ် (၂၁) ရာစု ပင်လုံညီလာခံလို့ လုပ်ပြီးတော့ (၄၇) ကို ဖျောက်ဖျက်မယ်ဆိုရင်တော့ တိုင်းရင်းသားတွေဘက်က ကျေနပ်မှာ မဟုတ်ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောကြတယ်။ ဆရာတို့ ကချင်လူထုဘက်က ဒီလိုပဲ မျှော်လင့်ချက်ရှိလား။

ဦးဆမ်ဆန်း ။ ။ အဲဒီလိုသဘောထားပဲ ရှိပါတယ်။