Your browser doesn’t support HTML5
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံဒေသမှာ ကော်ဖီကို မိရိုးဖလာ စိုက်ပျိုးကြပေမဲ့ စီးပွားဖြစ်ကတော့ အခုနှစ်ပိုင်းမှာစိုက်လာကြပြီး နိုင်ငံခြားကိုတောင်တင်ပို့ရောင်းချနေပါပြီ။ ဒီလိုပြောင်းလဲမှုက တောင်သူတွေရဲ့ လူမှုဘဝတွေကို ဘယ်လိုရိုက်ခတ်မှု ဖြစ်စေပါလဲ။ မခင်ဖြူထွေးက တင်ဆက်ပေးထားပါတယ်။
မေး ။ ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့် ရွာငံမှာ ကော်ဖီလုပ်ငန်းဟာ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်လာနေတာပါ။ ဒီမှာရှိတဲ့ ရွာတိုင်းမှာ ကော်ဖီ စိုက်ပျိုးထုတ်လုပ်နေတာ နှစ်အတော်ကြာလာပြီ ဆိုပေမယ့်လဲ တကယ်တမ်း နိုင်ငံတကာအဆင့်မီ ကော်ဖီတွေကို စိုက်ပျိုးထုတ်လုပ်လာတာကတော့ နှစ်ပိုင်းသာ ရှိပါသေးတယ်။ ဒီလိုမျိုး အထူးတန်းဝင် ကော်ဖီတွေကို ထုတ်လုပ်တဲ့ လုပ်ငန်းတွေထဲမှ ဒေသခံတောင်သူတွေ အများစုပါဝင်ပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်နေတဲ့ ရွှေတောင်သူဆိုတဲ့ လုပ်ငန်းအကြောင်းကို ဒီနေ့လေ့လာကြည့်ရအောင်ပါ။
ရွာငံဒေသက အိမ်တိုင်းနီးပါးမှာ သဘာဝအတိုင်း စိုက်ပျိုးထားတဲ့ ကော်ဖီပင်တွေကို တွေ့နိုင်ပါတယ်။ တောင်သူတွေက ကော်ဖီပင်တွေကို မီးရိုးဖလာ စိုက်ပျိုးလာကြပေမယ့် ကော်ဖီ သောက်သုံးကြသူတွေ မဟုတ်သလို၊ ကော်ဖီကို စီးပွားဖြစ် ရောင်းချလာကြသူတွေလည်း မဟုတ်ပါဘူး။ ဒီလိုဆို ကော်ဖီပင်တွေကို ဘာကြောင့် စိုက်ပျိုးခဲ့ကြပါလဲ။ ကော်ဖီပင်တွေရဲ့ အပွင့်ဟာ ဒီဒေသက ပျားတွေ ဝတ်ရည်သယ်ဆောင် စုဆောင်းရာမှာ အရေးပါသလို၊ ဒီနည်းနဲ့ ပျားရည်ထုတ်လုပ်ကြတာမို့ အိမ်တိုင်းနီးပါး ကော်ဖီပင်ကို စိုက်ကြသလို၊ ကော်ဖီစေ့ကိုတော့ ချော်ကလက်အချိုတခုလို မုန့်သရေစာအဖြစ် စားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဒီလိုနဲ့ နှစ်ရာနဲ့ချီ ကော်ဖီပင် စိုက်ခဲ့ရာကနေ ရွာငံဒေသထွက် ကော်ဖီဟာ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိတဲ့ ကော်ဖီ ဖြစ်နေတယ်ဆိုတာကိုတော့ နိုင်ငံတကာမှ ကော်ဖီပညာရှင်တချို့ရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကမှ စတင်သိရှိလာခဲ့တာပါ။ ဒီလိုသိလာပြီးနောက်မှာတော့ နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်တဲ့ အထူးတန်းဝင် ကော်ဖီတွေ စိုက်ပျိုးထုတ်လုပ်လာကြသလို၊ ဒီအထဲမှာ ကျေးရွာ (၁၈) ရွာက တောင်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ အများစုပါဝင်တဲ့ ရွှေတောင်သူကော်ဖီလုပ်ငန်းလည်း ပါဝင်ပါတယ်။ ဒီအဖွဲ့ ပေါ်ပေါက်လာပုံကိုတော့ လက်ရှိရွှေတောင်သူဥက္ကဋ္ဌ ကိုဇော်ဝင်းကို က အခုလို ရှင်းပြပါတယ်။
ဖြေ ။ ။ ရွှေတောင်သူဆိုပြီ ဖြစ်လာတာကို ပြောမယ်ဆိုရင်တော့ ၂၀၁၅-၁၆ လောက်က စဖြစ်လာခဲ့ပါတယ်။ ၂၀၁၅-၁၆ မှာ Winrock International က ရွာငံမြို့မှာ ပရော်ဂျက်တခု စလုပ်တယ်။ Winrock International က USAID ကူညီထောက်ပံ့မှုနဲ့ တောင်သူတွေကို နည်းပညာပေးတယ်။ 2-1 ကော်ဖီထုတ်လုပ်မှုနဲ့ပြည်ပကို စပြီးတော့ တင်ပို့တာကို လုပ်ပေးတယ်။ အဲဒီအချိန်မှာ ရွှေတောင်သူ ဖြစ်လာမယ့် ကျေးရွာလေးရွာက အထူးတန်းကော်ဖီ ခြောက်တန်ကို စထုတ်ခဲ့တယ်။ ဒုတိယ ၂၀၁၆-၁၇ ရာသီမှာ အထူးတန်ကော်ဖီ (၃၇) တန်ကို ကျေးရွာပေါင်း (၁၆) ရွာကနေ ထုတ်နိုင်ခဲ့တယ်။ ဒုတိယ ၂၀၁၆-၁၇ ရာသီကုန်မှာ တောင်သူတွေ စဉ်းစားမိတာက အစောပိုင်းက ကော်ဖီ စိုက်ရတာ ရိုးရာပုံစံနဲ့ စိုက်လာခဲ့တာ။ ဒါပေမဲ့ ဈေးကောင်းလာတဲ့အခါမှာ လက်ရှိပေါက်ဈေးထက် ငါးဆပိုပြီး ပြည်ပကို တင်ပို့နိုင်တဲ့အချိန်မှာ ကျေးရွာ (၁၆) ရွာက တောင်သူတွေ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ကြတယ်။
စိုက်လာခဲ့တာ။ ဒါပေမဲ့ ဈေးကောင်းလာတဲ့အခါမှာ လက်ရှိပေါက်ဈေးထက် ငါးဆပိုပြီး ပြည်ပကို တင်ပို့နိုင်တဲ့အချိန်မှာ ကျေးရွာ (၁၆) ရွာက တောင်သူတွေ ခေါင်းဆောင်တွေ အစည်းအဝေးလုပ်ကြတယ်။ .. အရင်တုန်းက ဈေးမရှိတဲ့ကော်ဖီကို ဈေးကောင်းကောင်းနဲ့ ရောင်းရလာပြီ။ အခုဆိုရင် ခံစားခွင့်ရှိလာပြီ။ … အထူးတန်ကော်ဖီထုတ်လုပ်မှုကို ရောင်းဝယ်မလား။ ငါတို့ဘာသာ စိုက်စားမလား။ .. အဲဒီလို ကျေးရွာ (၁၆) ရွာက ခေါင်းဆောင်တွေ အစည်းအဝေး လုပ်ကြတယ်။ အစည်းအဝေးကနေ အထူးတန်းကော်ဖီ ထုတ်လုပ်ရေးအဖွဲ့လေး ဆုံးဖြတ်ဖွဲ့စည်းခဲ့တယ်။။
မေး ။ ။ ရွှေတောင်သူအဖွဲ့ကို တောင်သူလေးငါးယောက်နဲ့ အစပြုခဲ့ပေမယ့် ထုတ်လုပ်မှုသက်တမ်း (၃) နှစ်ကြာပြီးနောက် အခုအချိန်မှာ အထူးတန်းဝင်ကော်ဖီ ထုတ်လုပ်မှုကို စိတ်ဝင်စားတဲ့ တောင်သူတွေ (၄၀၀) ကျော်အထိ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ အချိန်တိုအတွင်းမှာ အဖွဲ့ဝင် ရာနဲ့ချီတိုးလာတဲ့ ရွှေတောင်သူတွေ ဘယ်လိုပုံစံမျိုးနဲ့ စုဖွဲ့ခဲ့ကြပါလဲ။ ရွှေတောင်သူရဲ့ ထုတ်လုပ်ရေးမန်နေဂျာလည်းဖြစ်၊ ကျောက်ဂူပြင်ကျေးရွာအဖွဲ့ ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးထွန်းထွန်းက အခုလိုရှင်းပြပါတယ်။
ဖြေ ။ ။ ကျေးရွာတွေမှာ ကော်မတီဖွဲ့ပြီး ကျေးရွာတရွာမှာ ရွှေတောင်သူ စည်းမျဉ်းစည်းကမ်းအရ ကျေးရွာအစုအဖွဲ့တဖွဲ့မှာ ဆယ်ဦးအထက် လုပ်ငန်းအဖွဲ့အစည်း ဖွဲ့စည်းပြီးတော့ အချို့ရွာတွေမှာ နှစ်ဆယ်ကျော် ရှိတာရှိတယ်။ ငါးဆယ်ကျော်ရှိတာ ရှိတယ်။ အဲဒီလို ဖွဲ့စည်းပြီးတော့ တရွာနဲ့တရွာ ပုံစံချင်းတော့ သိပ်မတူဘူး။ တချို့ရွာတွေက ကိုယ့်မှာရှိတဲ့ ကော်ဖီတွေကို စုစည်းပြီးတော့ တစ်လကို အချိန်ဘယ်လောက် သတ်မှတ်ပြီးတော့မှ စုပြီးတော့ဖွဲ့ကြတယ်။ တချို့ရွာတွေကြတော့ ကော်ဖီရှိတာမရှိတာ စုပေါင်းပြီးတော့ လုပ်ကြတာရှိတယ်။ အဲဒီလို ဖြစ်လာခဲ့တယ်။ ကျနော်တို့ ကျောက်ဂူရွာဆိုရင် အဖွဲ့ဝင်က (၁၆) ဦးရှိတယ်။ အဲဒီ (၁၆) ဦးမှာ တစ်ဦးကို ကော်ဖီချိန် ပိသာ (၅၀၀) စုပြီးတော့မှ လုပ်ကြတယ်။ ကျနော်တို့ target က ဒီနှစ်မှာ (၅) တန်တိုး ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။ (၁၆) ဦးကနေ အချိန် (၅၀၀) စီ စုပြီးတော့ နောက်ထပ်လိုအပ်တဲ့ ငါးထောင်ကို ရွာထဲက အသင်းသားတွေ လာရောင်းတာကို ဝယ်ပြီးတော့ ထုတ်လုပ်ကြတယ်။
မေး ။ ။ တောင်သူတွေကိုယ်တိုင်ပါဝင်ပြီး အထူးတန်းဝင်ကော်ဖီတွေကို ရေရှည်ထုတ်လုပ်သွားနိုင်ဖို့အတွက် ရွှေတောင်သူအဖွဲ့က ကြိုးပမ်းနေတာပါ။ အရင်က သမာရိုးကျအတိုင်း တောင်ယာစိုက် လုပ်ကိုင်စားသောက်ခဲ့ကြတဲ့ တောင်သူတွေ၊ အထူးတန်းဝင် ကော်ဖီ စတင်ထုတ်လုပ်လာပြီးနောက်ပိုင်းမှာတော့ အကျိုးအမြတ်တွေလည်း သိသိသာသာ ပြောင်းလဲလာခဲ့ပါတယ်။
ကျမ အခုရောက်နေတဲ့ နေရာကတော့ ရွှေတောင်သူကော်ဖီလုပ်ငန်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ရွာပေါင်း (၁၈) ရွာထဲက တစ်ရွာ ဖြစ်ပါတယ်။ ကျောက်ဂူပြင်ရွာ ဖြစ်ပါတယ်။ ဒီကျောက်ဂူပြင်ရွာကတော့ ရွှေတောင်သူကော်ဖီလုပ်ငန်းအတွက် (၁) နှစ်ကို ကော်ဖီတန်ချိန် (၄) တန်လောက် ထုတ်ပေးနေတဲ့ရွာ ဖြစ်ပါတယ်။ ဒီရွာက ဒေသခံတောင်သူတွေနဲ့လည်း ကျမတို့ တွေ့ဆုံမေးမြန်းထားပါတယ်။
ဖြေ ။ ။ အဓိကတော့ ဝင်ငွေတအားကွာသွားတယ်ရှင့်။ ဒီရွှေတောင်သူ မဖွဲ့ခင် ဒီရွာကို အထူးတန်ကော်ဖီအဖွဲ့ မစတင်ခင်က ဒေသပေါက်ဈေးက တစ်ပိသာ (၄၀၀) လောက်ပဲ ရှိပါတယ်။ ဆွတ်ခူးတဲ့ လုပ်အားခသာသာလေးပေါ့။ အခု အထူးတန်းကော်ဖီ စတင်ဝင်ရောက်လာတဲ့အချိန်မှာ ကော်ဖီပေါက်ဈေးက (၈၀၀) လောက် ဖြစ်သွားတယ်။ အခုဒီနှစ်ပိုင်းကြတော့ အပြင်ဒေသပေါက်ဈေးက (၈၀၀-၉၀၀) ရှိတယ်။ အထူးတန်းကော်ဖီ တစ်ပိသာတန်းဖိုးက (၁၂၀၀) အဲဒီလောက် ကွာသွားတယ်။
မေး ။ ။ အဖွဲ့ဝင် လေးရာကျော်ရှိတဲ့ ရွှေတောင်သူအဖွဲ့ရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းက အမျိုးသမီးတွေပါ။ အထူးတန်းဝင်ကော်ဖီ ထုတ်လုပ်နိုင်တဲ့အတွက် အကျိုးအမြတ်ဝင်ငွေ သိသိသာသာ ပြောင်းလဲလာတာက အမျိုးသမီးတွေရဲ့ဘဝတွေ တိုးတက်လာဖို့အတွက် အခွင့်အလမ်း ဖြစ်စေတယ်လို့ ရွှေတောင်သူအဖွဲ့ဝင်တွေက ပြောပါတယ်။
အခုလို နိုင်ငံတကာအဆင့်မီ အထူးတန်းဝင်ကော်ဖီတွေ ထုတ်လုပ်နိုင်ဖို့ အဆင့်ကို ရောက်လာဖို့အတွက်ကိုတော့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) အဖွဲ့က အဓိကကူညီပံ့ပိုးပေးခဲ့တာပါ။ USAID ရဲ့ အကူအညီနဲ့ အမေရိကန်အခြေစိုက် Winrock International အဖွဲ့ကနေတဆင့် လုပ်ငန်းတွေကို အကောင်အထည် ဖော်ခဲ့တာပါ။ ရွာငံတလျှောက်မှာရှိတဲ့ တောင်သူတွေကို စိုက်ပျိုးမှုနည်းနာတွေ၊ နည်းပညာအထောက်အပံ့တွေနဲ့ ဈေးကွက်ရှာဖွေနေရာမှာပါ Winrock အဖွဲ့က အကူအညီပေးခဲ့တာဖြစ်လို့ ဒီလိုနိုင်ငံတကာအဖွဲ့တွေရဲ့ အကူအညီတွေက ရွှေတောင်သူတွေအတွက်တော့ အထူးအရေးပါခဲ့တယ်လို့ ရွှေတောင်သူအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
ဖြေ ။ ။ Winrock, USA အဖွဲ့ အကူအညီနဲ့ လုပ်ခဲ့တယ်။ Winrock နည်းပညာတွေ မဝင်ခင်က ဒီဒေသမှာ ကော်ဖီပေါက်ဈေးက ဘာမှမရှိဘူး။ တောင်သူတွေဆိုရင် ကော်ဖီပင်တွေ ခုတ်ထွင်ပြီးတော့ တခြားသီးနံှစိုက်ပျိုးတဲ့အထိ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ၂၀၁၅-၁၆ ရာသီမှာ Winrock Project စဝင်တယ်။ အဲဒီနှစ်မှာပဲ တောင်သူတွေ ပထမဦးဆုံး လေ့လာနိုင်ပြီး အထူးတန်းကော်ဖီ စထုတ်ခဲ့တယ်။ အဲဒီနှစ်မှာ ကော်ဖီဈေးနှုန်းက နဂိုလက်ရှိကနေ ပေါက်ဈေးထက် ငါးဆကျော်ပြီး ရောင်းချနိုင်ခဲ့တယ်။ အဲဒီအတွက် တောင်သူတွေစိတ်ထဲမှာ၊ ရင်ထဲမှာ အပြောင်းအလဲတခု ဖြစ်သွားခဲ့တယ်။ နောက်နှစ်တော့ ကျေးရွာ (၁၆) ရွာအထိ တိုးလာတယ်။ အထူးတန်းကော်ဖီ ထုတ်ဖြစ်တယ်။ ဈေးကလည်း ကောင်းကောင်းရောင်းချနိုင်တယ်။ အဲဒီလို ရောင်းချနိုင်တဲ့အတွက် ဒီတောင်သူတွေက ငါတို့ကိုယ်တိုင် အစုအဖွဲ့ ဖွဲ့မယ်ဆိုတဲ့စိတ်ဓါတ် ဝင်ခဲ့တယ်။ နောက်ပြီးတော့ တောင်သူတွေ အစုအဖွဲ့ ဖွဲ့ချင်ခဲ့ပေမယ့် သူတို့ မဖွဲ့စည်းနိုင်တဲ့ အဖွဲ့အစည်းပုံစံကို Winrock က စနစ်တကျ သင်တန်းပေးတာ။ တောင်သူတွေကိုယ်တိုင် တွေးတောချင့်ချိန်းပြီးတော့ ဘယ်လိုအဖွဲ့အစည်းမျိုး ဖွဲ့စည်းမယ်ဆိုတဲ့အထိ သူတို့ သင်တန်းတွေပေးခဲ့တယ်။
နောက် အဖွဲ့အစည်းလုပ်ဆောင်နေတဲ့ အချိန်မှာလဲ လမ်းကြောင်းမမှားအောင် ဘေးကနေ ထိန်းကျောင်းပေးနေတယ်။ ဒါက ရွှေတောင်သူ ဖြစ်လာဖို့ Winrock ရဲ့ အကူအညီတွေက ဘယ်လောက်အရေးကြီးသလဲဆိုတာ ဖြစ်ပါတယ်။
မေး ။ ။ အခုလို နိုင်ငံတကာရဲ့ ပံ့ပိုးကူညီမှုအပြင် ဒေသဆိုင်ရာအစိုးရနဲ့ နိုင်ငံတော်အစိုးရတွေကပါ ပါဝင်ကူညီပံ့ပိုးကြမယ်ဆိုရင်တော့ ရွှေတောင်သူအဖွဲ့နဲ့ ရွာငံဒေသကထွက်တဲ့ ကော်ဖီတွေကို ကမ္ဘာက သိလာတဲ့အထိ နိုင်ငံတကာဈေးကွက်မှာ တွင်တွင်ကျယ်ကျယ် ရောင်းချသွားနိုင်ဖို့ ရွှေတောင်သူအဖွဲ့ ဖွဲ့စည်းရာမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ မြစေတီကျေးရွာက ကိုဇော်မင်းထက်က ယုံကြည်ထားပါတယ်။
ဖြေ ။ ။ ကျနော်တို့ကတော့ နည်းပညာပိုင်းဆိုင်ရာတော့ တော်တော်များများ တောင်သူတွေအတွက် လောလောဆယ်မှာ အသုံးချနေတာ ရပါတယ်။ Winrock က ပေးတဲ့နည်းပညာတွေနဲ့။ နောက် ဒီထက်ခြေလှမ်းများများနဲ့ သွားနိုင်အောင်ဆိုရင် နည်းပညာတင်မကဘဲ၊ စက်ယန္တရား၊ စက်ကရိယာ အကူအညီတွေ လိုအပ်ပါတယ်။ ပြီးတော့ ဈေးကွက်ကလည်း တဘက်မှာ သွားနေပြီဆိုတော့ အဓိက နံပတ် (၁) က စက်ယန္တရား ကိုင်တွယ်တဲ့ နည်းပညာတွေ၊ စက်ယန္တရားတွေကနေ စက်ကရိယာတွေ ပံ့ပိုးကူညီမှုတွေ ပေးမယ်ဆိုရင် ရွှေတောင်သူလုပ်ငန်းက ဒီထက်ဖွံ့ဖြိုးလာလိမ့်မယ်။ ရွှေတောင်သူလုပ်ငန်း ဖွဲ့ဖြိုးလာမှ တောင်သူတွေကို ကူညီနိုင်မယ်။ တောင်သူတွေကို ကူညီနိုင်မှလည်း ရွှေတောင်သူကို ပြန်ပြီးတော့ တောင်သူတွေက ယုံကြည်မှု ရှိလာမယ်။ အဲဒီလိုဆိုရင် ရွှေတောင်သူကလည်း ဒီထက်ပိုမိုပြီး ခိုင်မာတဲ့ အဖွဲ့အစည်းမျိုး ဖြစ်လာပြီးတော့ ရွာငံမြို့နယ်မှာ ရွှေတောင်သူရဲ့ ကော်ဖီအဖွဲ့ကလည်း အထူးတန်းကော်ဖီအနေနဲ့ ကမ္ဘာမှာ ဘယ်လိုဈေးကွက်တွေ သွားနေတယ်ဆိုတဲ့ နာမည်တစ်ခုနဲ့ တောင်သူတွေကို နိုင်ငံတကာရဲ့ ယုံကြည်မှုနဲ့ တောင်သူတွေရဲ့ ယုံကြည်မှု ပေါင်းစပ်ပြီးတော့ တည်မြဲလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
မေး ။ ။ ဘယ်လိုပဲဖြစ်ဖြစ် စုပေါင်းအင်အားနဲ့ တောင်သူတွေရဲ့ ဘဝတွေ တိုးတက်လာအောင် အားထုတ်ကြိုးပမ်းသွားဖို့ ရွှေတောင်သူအဖွဲ့ဝင်တွေက မျှော်မှန်းထားကြတာပါ။ ရွာငံဒေသထွက် ကော်ဖီရဲ့ အရည်အသွေးကို ထိန်းထားနိုင်ပြီးတော့ အထူးတန်းဝင် ကော်ဖီတွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့အတွက်ကိုလည်း ရွာငံကော်ဖီအသင်းကို ဖွဲ့စည်းခဲ့ကြပါတယ်။ ဒီအသင်းနဲ့ ပတ်သက်လို့တော့ ဥက္ကဋ္ဌဦးမောင်နု က အခုလို ပြောပြပါတယ်။
ဖြေ ။ ။ ကော်ဖီကတော့ လောလောဆယ် အနေအထားမှာတော့ မြန်မာနိုင်ငံရဲ့ ကော်ဖီလို့ ပြောလို့ရတယ်။ ဒါကြောင့် ရွာငံကော်ဖီသည် နည်းနည်းအရေးကြီးပါတယ်။ အရေးကြီးတာက ဈေးကွက်လည်း အရေးကြီးသလို၊ အရည်အသွေးလည်း အရေးကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့က အရည်အသွေး ထိန်းသိမ်းနိုင်ဖို့အတွက် ကျနော်တို့ တောင်သူရယ်၊ ထုတ်လုပ်သူရယ်၊ ညီညွှတ်မှရမယ်ဆိုပြီးတော့ ကျနော်တို့ ဒီအသင်းကို ခိုင်ခိုင်မာမာ ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါတယ်။
မေး ။ ။ လက်ရှိမှာတော့ ရွှေတောင်သူတွေအနေနဲ့ အထူးတန်းဝင် ကော်ဖီတွေကို တိုးမြှင့်ထုတ်လုပ်နိုင်ဖို့၊ နိုင်ငံတကာဈေးကွက်ထဲကို အခုထက်ပို ထိုးဖောက်နိုင်ဖို့အတွက် အခက်အခဲတွေကတော့ ရှိနေဆဲပါ။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနဲ့ ဈေးကွက်ထိုးဖောက်နိုင်စွမ်းအား နည်းပါးမှုတွေက အဓိက စိန်ခေါ်မှုတွေ ဖြစ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ ပြည်တွင်းပြည်ပ ကော်ဖီဈေးကွက်ထဲ အောင်အောင်မြင်မြင် ထိုးဖောက်နိုင်ဖို့ ကြိုးစားနေတဲ့ ရွှေတောင်သူအဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ငန်းတွေ ခိုင်မာအားကောင်းလာအောင် ဘယ်လိုရည်ရွယ်ချက်တွေနဲ့ လုပ်ဆောင်နေပါလဲ။
ဖြေ ။ ။ ရွှေတောင်သူတွေက ရည်ရွယ်ချက် (၃) ခုနဲ့ လုပ်ကိုင်နေကြတယ်။ အဓိကတော့ ပမာဏ ဘယ်လောက်ရရမယ်ဆိုတာထက် အထူးတန်းဝင် စစ်ဆေးဘက် ပိုမိုခိုင်မာလာဖို့။ နောက် အထူးတန်းဝင် ကော်ဖီစေ့တောင်သူတွေ ပိုမိုထုတ်လုပ်နိုင်ဖို့၊ နောက် ကျေးရွာတွေမှာရှိတဲ့ ကော်ဖီနဲ့ ပတ်သက်တဲံ အခက်အခဲတွေကို ရွှေတောင်သူအဖွဲ့ကနေ ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက် (၃) ချက်နဲ့ လုပ်ကိုင်နေတယ်။ ဘယ်လောက်အထိ ကြီးပွားလာမလဲဆိုတာတော့ ကျနော်တို့ တောင်သူအဖွဲ့ ဖြစ်တယ်။ အလုပ်က အခုမှ စလုပ်တဲ့အဖွဲ့ ဖြစ်တဲ့အတွက် ဖြေးဖြေးနဲ့ ရှေ့ကိုတိုးသွားနိုင်မှာပါ။
မေး ။ ။ ရွှေတောင်သူ အစုအဖွဲ့အနေနဲ့ နိုင်ငံတကာအဆင့်မီ အရည်အသွေးရှိတဲ့ အထူးတန်းဝင် ကော်ဖီစေ့တွေကို စိုက်ပျိုးထုတ်လုပ်တဲ့အဆင့်ကို ရောက်နေပြီဆိုပေမယ့်လဲ ကိုယ်တိုင်ကြိတ်ခွဲပြီးတော့ ထုတ်ပိုးတဲ့အခြေအနေကိုရောက်ဖို့အတွက်တော့ ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ နည်းပညာအကူအညီတွေ၊ စက်ယန္တရား အကူအညီတွေသာ ရခဲ့မယ်ဆိုရင်တော့ ဒီထက်မက လုပ်ငန်းတွေ ဆောင်ရွက်နိုင်ကြဖို့လည်း မျှော်လင့်ထားကြတာပါ။ အခုလက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါ နိုင်ငံကြီးတွေအပါအဝင် နိုင်ငံပေါင်း (၁၄) နိုင်ငံကို ရွှေတောင်သူရဲ့ ကော်ဖီတွေကို တင်ပို့ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။