တိုးတက်သင့်တဲ့ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေး

  • ဇော်ဝင်းလှိုင်

တကောင်းနိုင်ငံရေး လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်း

Your browser doesn’t support HTML5

တိုးတက်သင့်တဲ့ စစ်ဘက် - အရပ်ဘက် ဆက်ဆံရေး


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီအသွင် ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ကို ပြည်သူက အားကိုနိုင်တဲ့တပ် ဖြစ်လာအောင် တည်ဆောက်ဖို့လိုသလို၊ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်ဘက်နိုင်ငံရေးသမားတွေဘက်ကလည်း စစ်တပ်ကို ဒီမိုကရေစီနည်းလမ်းအရ ထိန်းချုပ်သွားနိုင်တဲ့ အနေအထားဖြစ်အောင် လုပ်ဖို့လိုတယ်လို့ အရပ်ဘက်နဲ့ စစ်ဘက်ဆက်ဆံရေးကို လေ့လာနေတဲ့ တကောင်းနိုင်ငံရေး လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲမျိုးဟိန်း က ပြောဆိုလိုက်ပါတယ်။ ကိုရဲမျိုးဟိန်း ကို ကိုဇော်ဝင်းလှိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကိုရဲမျိုးဟိန်း အခုလို VOA ကို လာရောက်ပြီး တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ စစ်ဘက်-အရပ်ဘက် လုပ်နေကြတယ်ဆိုတော့ အခု NLD အစိုးရ နဲ့ စစ်တပ်ရဲ့ လက်ရှိ ဆက်ဆံနေတဲ့ အနေအထားက ဘယ်လိုရှိလဲ။ ဘယ်လို သုံးသပ်လို့ရလဲ။

ကိုရဲမျိုးဟိန်း ။ ။ လက်ရှိ ဆက်ဆံရေးအနေအထားအရဆိုရင် ပူးပေါင်းဆက်ဆံတဲ့၊ ပူးပေါင်းဆောင်ရွက်တဲ့ အနေအထားတွေကို အများကြီးတွေ့ရပါတယ်။ သို့သော်လဲ သူ့မှာ စိန်ခေါ်မှုနဲ့ ပြဿနာ (၃) ခုက အဓိက ရှိနေတဲ့အခါကြတော့ တချို့နေရာတွေမှာ ပူးပေါင်းဆောင်ရွက်ပေမယ့်လဲ ပူးပေါင်းဆောင်ရွက်သလောက်၊ နိုင်သလောက်၊ ပူးပေါင်းဆောင်ရွက်ချင်သလောက်၊ ပူးပေါင်းနိုင်တဲ့ အနေအထားမျိုး မတွေ့မြင်ရသေးဘူး။ အဲဒဲမျိုးလဲရှိတယ်။ ပြီးတော့ အဖွဲ့အစည်းအတွင်းမှာ သူက Institution တခုလုံးနဲ့ တည်ဆောက်ထားတာမျိုး ဖြစ်တဲ့အတွက် လူတဦးတယောက်တည်းက ရွှေ့ဖို့မလွယ်တဲ့အခါကြတော့ တဖြည်းဖြည်း အချိန်ယူပြီးတော့ ဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း ကျနော်တို့ တွေ့ရပါတယ်။ အဓိကတော့ လက်ရှိအချိန်မှာ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေလည်း အများကြီး တွေ့ရတယ်။ စိန်ခေါ်မှုတွေလည်း အများကြီး ရှိနေသေးတယ်။ နောက်တချက်ကြတော့ လက်ရှိအချိန်ကိုက ဒီမိုကရေစီ အသွင်ကူးပြောင်းမှုရဲ့ နောက်ဆုံးအချိန်လို့ ယူဆပြီးတော့ နောက်ထပ်အသွင် မကူးပြောင်းဘဲနဲ့ လက်ရှိအချိန်မှာပဲ ရပ်တည်သွားမှာ၊ လက်ရှိအခြေအနေအတိုင်းပဲ ဆက်ပြီးတော့ ဒါကို ခိုင်မာအောင် လုပ်သွားမှာလို့ ကျနော်တို့ စိုးရိမ်နေတာပါ။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီက Institution အရကော၊ ဒီမိုကရေစီ မူဘောင်တွေအရလည်း ဒီမိုကရေစီ မဖြစ်သေးဘူးဆိုတဲ့အချက်ကို အားလုံးလက်ခံပြီးတော့ တကယ်ပြောင်းလဲဖို့ကို ကြိုးစားရမယ်။ ဆက်ပြီး တွန်းဖို့လိုသေးတယ်လို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ စစ်တပ်ထဲမှာ အခက်အခဲ ရှိတယ်။ ပြောင်းလဲဖို့အတွက် အဖွဲ့အစည်းကြီးတခုလုံးအတွက် အခက်အခဲတွေ ရှိတယ်ဆိုတာကို ကျနော်တို့ မကြာခဏ ကြားရတယ်။ အဲဒီလိုရှိတဲ့ အခက်အခဲတွေကို ကိုရဲတို့လို့ အရပ်ဘက်အဖွဲ့အစည်းက ကျော်လွှာနိုင်ဖို့အတွက် ဘယ်လို စဉ်းစားကြလဲ။ ဘာတွေများ လုပ်ဆောင်ဖို့ လိုအပ်နေပါလဲ။

ကိုရဲမျိုးဟိန်း ။ ။ အဓိက ကျနော်တို့အမြင်ကတော့ အနာဂတ်မှာ ဒီမိုကရေစီနိုင်ငံရဲ့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးဆိုင်ရာ လက္ခဏာအရ အရပ်ဘက် နိုင်ငံရေးသမားတွေကနေ စစ်တပ်ကို ထိန်းချုပ်နိုင်ရမယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်ဘက် နိုင်ငံရေးအဖွဲ့အစည်းတွေက စစ်တပ်ကို ထိန်းချုပ်ထားနိုင်ရမယ်ဆိုတဲ့ အမြင်ရှိသလို။ ထိန်းချုပ်မှုတခုတည်းက ပြဿနာရဲ့ အဖြေမဟုတ်ပါဘူး။ နောက်တခု ဘာရှိလဲဆိုတော့ စစ်တပ်ကိုယ်တိုင်ကလည်း တိုင်းပြည်ကို တကယ်တမ်း ကာကွယ်ပေးနိုင်တဲ့၊ ထိရောက်ပြီးတော့ စွမ်းရည်ထက်မြတ်တဲ့၊ ပြည်သူကို တာဝန်ခံနိုင်တဲ့ တပ်စုတပ်ဖွဲ့မျိုး ဖြစ်ဖို့လိုတယ်ခ အမြင် ကျနော်တို့မှာ ရှိပါတယ်။ တဘက်ကလဲ အရပ်ဘက် နိုင်ငံရေးသမားတွေ ကိုယ်တိုင်ကလည်း သူတို့ကိုသူတို့ စွမ်းရည်မြှင့်ပြီးတော့ တကယ် အရည်အချင်းရှိရှိနဲ့ စစ်တပ်ကို ထိန်းချုပ်သွားနိုင်တဲ့ အနေအထားမျိုး ဒီမိုကရေစီ နည်းလမ်းအတိုင်း - Institution တွေ တည်ဆောက်ဖို့ လိုတယ်လို့ ကျနော်တို့ မြင်ပါတယ်။ နောက်ဆုံး အဓိကကျဆုံး အတားအဆီးတခုကတော့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ နိုင်ငံရေးကို ပြုပြင်ပြောင်းလဲလိုတဲ့ နိုင်ငံရေး အာသီသလို့ Political Will က အရေးကြီးဆုံးလို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံညီလာခံမှာလည်း အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို ဦးစားပေးသင့်တယ်။ သူတို့အနေနဲ့ ပါဝင်သင့်တယ်ဆိုပြီးတော့ ပြောခဲ့ကြတာရှိတယ်။ NLD အစိုးရက အစောပိုင်းမှာ ဒီအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို (၂၁) ရာစု ပင်လုံညီလာခံအတွက် အရေးမပေးတဲ့ ပုံစံမျိုးတွေ ပေါက်ခဲ့တော့ အရပ်ဘက် အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြတာလေးတွေ ရှိတယ်။ ဒီလိုမျိုးနေရာတွေမှာ ကိုရဲမျိုးဟိန်းတို့ရဲ့ အခန်းကဏ္ဍက ဘယ်နေရာလောက်မှာ ရှိသလဲ။

ကိုရဲမျိုးဟိန်း ။ ။ ကျနော်ဆိုရင် ပြီးခဲ့တဲ့ (၂၁) ရာစု ပင်လုံမှာဆိုရင် ကျနော်တို့ ပါဝင်သင့်ပါဝင်ထိုက်သူတွေအနေနဲ့ ကျနော်တို့ တက်ပါတယ်။ အစိုးရဘက်က ပါဝင်သင့် ပါဝင်ထိုက်သူ ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေဘက်က ပါဝင်သင့်ပါဝင်ထိုက်သူတွေ ရှိတယ်။ ပြီးတော့ ပါတီတွေဘက်က ပါဝင်သင့်ပါဝင်ထိုက်သူတွေ ရှိတယ်။ အဲဒီတော့ တဖွဲ့ကို ပါဝင်သင့်ပါဝင်ထိုက်သူ (၃) ဖွဲ့မှာ တဖွဲ့ကို ကျနော်တို့ စာတမ်း (၂) စောင်စီ တင်ခွင့်ရပါတယ်။ ကျနော်တို့က ပါတီတွေဘက်က ပါဝင်သင့်ပါဝင်ထိုက်သူ အဆိုတင်ပါတယ်။ ဒါမျိုးလေးတွေတော့ အပြင်ကရှိနေတဲ့ အစိုးရရဲ့ ပေါ်လစီ၊ မူဝါဒရေးရာ အပြင်မှာရှိနေတဲ့ မူဝါဒရေးရာ လေ့လာရေးအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေတော့ လမ်းကြောင်းလေးတွေ ပိုပြီးပွင့်လင်းလာပါတယ်။ အရင်တုန်းကဆိုရင် စစ်တပ်အောက်မှာ နစ်ပေါင်းများးစွာ နေခဲ့တဲ့အခါကြတော့ မူဝါဒရေးရာ ချမှတ်ထားတဲ့အခါဖြစ်ဖြစ်၊ မူဝါဒရေးရာ စဉ်းစားတဲ့အခါဖြစ်ဖြစ် အဲဒါတွေကို ကျနော်တို့ ထည့်မစဉ်းစားကြဘူး။ လူတယောက်ရဲ့ ဆုံးဖြတ်ချက်ကပဲ လူတယောက်ရဲ့ စဉ်းစားချက်ကပဲ မူဝါဒတွေ ဖြစ်လာတဲ့အခါကြတော့ အခုအခါကြတော့ ကျနော်တို့က လမ်းကြောင်းလေးတွေ ပိုပြီပွင့်လာတယ်လို့ မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျနော်တို့လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ သတင်းသွားယူဖူးတယ်။ လေ့လာမှုတွေ ရှိတော့ အရင်တုန်းကဆိုရင် အစိုးရအပြောင်းအလဲ မဖြစ်ခင်မှာဆိုရင် စစ်တပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်လာတဲ့ ဗိုလ်ချုပ်တွေက တခါတလေကြရင် မောက်မောက်မားမား ဆက်ဆံတာတွေကို ကျနော်တို့ တွေ့ခဲ့ဖူးတယ်။ အဲဒီလို အနေအထားတွေက သူတို့ရဲ့ ပုဂ္ဂိုလ်တဦးချင်း၊ အစည်းအဝေးကို တက်လာတဲ့လူတွေရဲ့ ကိုယ်နေကိုယ်ဟန် အနေအထား၊ အပြုအမှု၊ အပြောအဆိုတွေ အဲဒါတွေ ပြောင်းလဲလာတာ တွေ့ရပါလား။ ဘယ်လိုမျိုး ရှိလဲ။

ကိုရဲမျိုးဟိန်း ။ ။ စိန်ခေါ်မှု (၃) ခု ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ တခုကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု။ နှစ်ပေါင်းများစွာ စစ်ကြောင်းတွေမှာ စစ်အာဏာရှင်တွေက အတွေးအခေါ်တွေ သွတ်သွင်းခဲ့တဲ့အတွက် အတွေးအခေါ်ပိုင်းဆိုင်ရာ စိန်ခေါ်မှု။ သူတို့မှာ ပြဿနာတခု ရှိနေတယ်။ နောက်တခုကတော့ Institution အဖွဲ့အစည်းဆိုင်ရာ ပြဿနာ။ အဲဒီ စိန်ခေါ်မှု တခုရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာကိုမြင်သလဲဆိုတော့ နှစ်ပေါင်းများစွာ Human Abuses လို့ခေါ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေကို အဖွဲ့အစည်းအတွင်းမှာ အဖွဲ့အစည်းပုံစံမကျတဲ့ဟာမျိုးတွေ Professional မကျတဲ့ အမူအကျင့်တွေ အများကြီး တွေ့ခဲ့ရတယ်။ အဲဒီစိန်ခေါ်မှုက အခုအချိန်အထိ ဆွဲနေတယ်။ နောက်တခုကတော့ နိုင်ငံရေးဆိုင်ရာ ပြဿနာ။ နိုင်ငံရေးဆိုင်ရာ ပြဿနာ ရှိတယ်။ အဲဒါကတော့ အခုလက်ရှိ လွှတ်တော်ထဲမှာ (၂၅) ရာခိုင်နှုန်း တပ်မတော်က ဝင်နေတယ်။ နိုင်ငံရေး ဗီတိုအာဏာကိုလည်း တော်တော်များများ ကိုင်ထားတာကို တွေ့ရတယ်။ အဲဒီ (၃) ခုကတော့ အဓိက စိန်ခေါ်မှုတွေလို့ ကျနော်တို့ မြင်တယ်။ အဲဒီ (၃) ခုကို ကျနော်တို့က တဖြည်းဖြည်းချင်း ညှိနှိုင်းဆွေးနွေးတဲ့ နည်းလမ်းနဲ့ တဖြည်းဖြည်းပြောင်းလဲ၊ ယုံကြည်မှုတည်ဆောက်တဲ့နည်းလမ်းနဲ့ ကျနော်တို့တိုင်းပြည်ကို ပိုကောင်းစေချင်တဲ့ အမြင်တွေနဲ့ ဖြေရှင်းသွားရမယ်လို့ ကျနော်က မြင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုပြောနေကြတဲ့ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအပြင် ကိုရဲတို့အနေနဲ့ လုံခြုံရေးကဏ္ဍကိုလည်း လုပ်တယ်။ လုံခြုံရေးကြတော့ ဘယ်လိုမျိုးတွေမှာ လုပ်လဲ။

ကိုရဲမျိုးဟိန်း ။ ။ အဓိကတော့ အခုနစကားနဲ့ ပြန်ဆက်ရမယ့်ဆိုရင် ကျနော်တို့နိုင်ငံမှာ စစ်တပ်က ၁၉၆၂ ခုနှစ်ကတည်းက အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းပြီးတဲ့အခါကြတော့ လုံခြုံရေးလို့ ပြောလိုက်ရင် စစ်တပ်ရဲ့ လုပ်ငန်းလို့ပဲ မြင်ကြတယ်။ ဒါက Traditional Security လို့ ပြောကြတာပေါ့။ လက်နက်ကိုင်ပြီးတော့ စစ်တိုက်မှ စစ်တပ်ရဲ့ လုံခြုံရေးလို့ မြင်ကြတယ်။ သို့သော်ငြားလဲ ၁၉၆၂ ခုနှစ်ကတည်းက နှစ်ပေါင်းများစွာ အုပ်ချုပ်ပြီး နောက်ပိုင်းမှာ ဘာပြဿနာတွေ ဖြစ်လာလဲဆိုတော့ တခြားလုံခြုံရေးဆိုင်ရာ ပြဿနာတွေ ကြုံလာတယ်။ ရွာဘေးအန္တရာယ်ဆိုင်ရာ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ လုံခြုံရေး၊ လူသားလုံခြုံရေးစတဲ့ လုံခြုံရေးဆိုင်ရာ ပြဿနာတွေ အများကြီး တွေ့လာတယ်။ အဲဒီတော့ ဒါက စစ်တပ်တခုတည်း ဖြေရှင်းလို့ မရတဲ့ ပြဿနာလုံခြံရေးဆိုတဲ့ဟာ လူ့အဖွဲ့အစည်းတခုလုံးရဲ့ လုံခြုံရေး ဒီဘက်ခေတ်မှာ လူသားလုံခြုံရေးလို့ ပြောလာကြတယ်။ သို့သော်လဲ အဲဒီလို လုံခြုံရေးကို တခြားနိုင်ငံရေးသမားတွေ၊ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက ပြောဖို့ကြတော့ သူတို့မှာ Capacity က Limit ဖြစ်နေတယ်။ ပြောနိုင်ဆိုနိုင်စွမ်းက အကန့်အသတ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ စစ်တပ်ကတလျှောက်လုံး လုံခြုံရေးဆိုတာ သူတို့ကိစ္စလို့ပဲ ထင်ပြီးတော့ အုပ်ချုပ်လာတာ။ အဲဒီတော့ ကျနော်တို့က ဒီဘက်ခေတ်မှာ နိုင်ငံရေးအသွင် ကူးပြောင်းပြီဆိုရင် ဒီလုံခြုံရေးကဏ္ဍဆိုတာ လူ့အဖွဲ့အစည်းတခုလုံးက ဝိုင်းစဉ်းစားရမယ်ကဏ္ဍဆိုတဲ့ အတွေးအခေါ်မျိုးပြောင်းဖို့ လိုတယ်။ ပြီးတော့ လုံခြုံရေးကဏ္ဍကို တကယ်စဉ်းစားတဲ့အခါကြရင် တိုင်းပြည်ကို ဦးဆောင်ဖို့ ပြည်သူတွေက ရွေးချယ်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး စဉ်းစားသင့်တယ်ဆိုတဲ့ အတွေးအခေါ်ကို ပြောင်းဖို့လိုတယ်။ အဲဒီလိုမျိုးပြောင်းတာက ဒီမိုကရေစီအသွင် ကူးပြောင်းမှုရဲ့ လုံခြုံရေးဆိုင်ရာ အယူအဆ ပြောင်းလဲရေး Paradigm ပြောင်းလိုက်တဲ့ကိစ္စ။ ကျနော်တို့က အဲဒါကို အဓိကထားပြီးတော့၊ တည်ပြီးတော့ ဦးစားပေးပြီးတော့ Advocacy လုပ် တယ်။ ဒါကို တည်ပြီးတော့ ဦးစားပေးပြီးတော့ လူထုကြားထဲမှာ ပြန့်ပြန့်နံှ့နှံ့ဖြစ်အောင် ကျနော်တို့ လုပ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ လုံခြုံရေးဆိုတာ လက်နက်ကိုင်ပြီးတော့ စောင့်ကြပ်နေတဲ့ လုံခြုံရေးသည်သာမက တခြားကဏ္ဍတွေ အများကြီး ရှိတယ်ဆိုတာကို လူထုသိအောင် ..

ကိုရဲမျိုးဟိန်း ။ ။ ပြီးတော့ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ကိုယ်တိုင်ကိုယ်ကလဲ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် နိုင်ငံရေးသမားတွေ ကိုယ်တိုင်ကလည်း လုံခြုံရေးဆိုတာ သူတို့ကိစ္စပါ။ သူတို့ ဦးဆောင်ပြီး လုပ်ရမယ့်ကိစ္စပါဆိုတဲ့ အသိကို ကျနော်တို့ ဖြစ်လာအောင် Advocacy လုပ်တယ်။ တဆက်ထဲမှာပဲ အဲဒီလို လုံခြုံရေးကို စနစ်တကျ စဉ်းစားဖို့ဆိုရင် ကျနော်တို့အနေနဲ့ အခုနပြောတဲ့ Capacity လို့ခေါ်တဲ့ အရည်အချင်းတွေ အများကြီးလိုလာတယ်။ အသိပညာတွေ အများကြီးလိုလာတယ်။ အဲဒီ အရည်အချင်းတွေ၊ အသိပညာတွေက တလျှောက်လုံး သင်းသပ်သလို ခံထားရတဲ့အတွက် အဲဒီအသိပညာတွေ ပြန့်ဖြည့်ဖို့လိုတယ်။ အဲဒီတော့ ကျနောတို့ Advocacy တခုက နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း လုံခြုံရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ၊ အရပ်ဘက် နိုင်ငံရေးသမားတွေရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ ဒါကို ကျနော်တို့ Advocacy လုပ်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ အခုဆိုရင်ပဲ စစ်တပ်က တာဝန်ရှိတဲ့သူတွေ၊ NLD အစိုးရပိုင်းက တာဝန်ရှိသူတွေ တောင်အာဖရိကကို သွားပြီးတော့ လေ့လာရေးခရီး သွားကြပါတယ်။ ဒါမျိုးတွေဆိုရင် ကောင်းတဲ့လက္ခဏာပေါ့။ ရှေ့တိုးလာတဲ့ လက္ခဏာတွေပေါ့။ နောက် နိုင်ငံခြားအဖွဲ့အစည်းတွေ ဖိတ်ခေါ်ပြီးတော့ လုပ်ဆောင်တဲ့ ဟောပြောပွဲတွေလုပ်တယ်။ တတ်သိပညာရှင်တွေ ဖိတ်ခေါ်တယ်ဆိုတော့ ဘယ်လို အဖွဲ့အစည်းတွေ၊ ဘယ်လို ပုဂ္ဂိုလ်တွေများ ပါဝင်ပါလဲ။

ကိုရဲမျိုးဟိန်း ။ ။ အဓိကတော့ ကျနော်တို့က အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးနယ်ပယ်နဲ့ လုံခြုံရေးကဏ္ဍမှာ တကယ်တမ်း ကျွမ်းကျင်တဲ့ လူတွေ။ ဥပမာတခုပြောရရင် Texas University က Professor ဇိုဒန် ဘရန်နီ ဆိုရင် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို လေ့လာနေတာကြာပြီ။ သူဆိုရင် ကျနော်တို့ ရန်ကုန်ကို ခေါ်တယ်။ ခေါ်ပြီတော့ သူကို ကျနော်တို့ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခိုင်းတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ အသိပညာ ဖြန့်ဖြူးဖို့ ကြိုးစားတယ်။ အဲဒီလိုပဲ တခြားတခြားသော - သိပ်မကြာခင်မှာ အင်ဒိုနီးရှား အသွင်ကူးပြောင်မှုမှာ ဦးဆောင်ပြီး ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး သြဂတ်စ် စပီဂျိုဂျို ကို ခေါ်ဖို့အတွက် စဉ်းစားနေတယ်။ သူဆိုရင် ဗိုလ်ချုပ်ကြီးဆိုပေမယ့် စစ်သားဆိုပေမယ့် အသွင်ကူးပြောင်းမှုကို သူက ဦးဆောင်ပြီးတော့ တပ်မတော်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ အများကြီး လုပ်ခဲ့တဲ့လူဆိုတော့ သူ့ဆီက လေ့လာစရာတွေ အများကြီးရှိတယ်။ ကျနော်တို့ဆီက နိုင်ငံရေးသမားတွေ၊ တပ်မတော်ဘက်ကလူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ - အကုန်လုံးက ဒါမျိုးတွေကို အတွေ့အကြုံ မျှဝေရင်နဲ့ တဆင့်ချင်းသွားရမယ်လို့ ကျနော်တို့ ထင်ပါတယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ဆိုတော့ မြန်မာနိုင်ငံအတွင်း လုပ်နေတဲ့ လုပ်ငန်းစဉ်တွေအကြောင်း သိရပြီပေါ့။ ဆိုတော့ အမေရိကကိုလာတဲ့ အကြောင်းလေးကိုလဲ ပြောပြပေးပါအုံး။ ဘာကိစ္စနဲ့ ရောက်နေတယ်ဆိုတာလေး။

ကိုရဲမျိုးဟိန်း ။ ။ အဓိက ဒီကိုလာရတဲ့ အကြောင်းက ကျနော်တို့နိုင်ငံမှာ တော်တော်လေး ရှားပါးတဲ့ လက်ရှိအချိန်မှာ တော်တော်လေး ရှားပါတဲ့ Think Tank ဆိုတာ မူဝါဒရေးရာ လေ့လာပြီးတော့ အကြံပေး ဉာဏ်ပေးတဲ့ အဖွဲ့ကြီး၊ အတွေးအခေါ်အဖွဲ့ အသင်းကြီးတွေ ကျနော်တို့ဆီမှာ မရှိဘူး။ အဲဒါမျိုး များများပေါ်လာဖို့ အရေးကြီးတယ်။ ဆိုတဲ့ဟာအတွက် ဒီမှာလာပြီးတော့ အမေရိကန်နိုင်ငံရဲ့ Think Tank အဖွဲ့တွေ အမေရိကန်နိုင်ငံမှာ မူဝါဒတွေ ဘယ်လို ချမှတ်လဲ။ Think Tank ကနေ မူဝါဒ ချမှတ်တဲ့ လူတွေနဲ့ ဆက်သွယ်လဲဆိုတဲ့ ကိစ္စကို ကျနော်တို့ အဓိကထားပြီးတော့ ဆွေးနွေးတာပါ။

ကိုဇော်ဝင်းလှိုင် ။ ။ မြန်မာနိုင်ငံမှာ စောစောက ကိုရဲမျိုးဟိန်း ပြောတဲ့အထဲမျှာ ပါပါတယ်။ ကျနော်တို့ နောက်ကျကျန်နေခဲ့တာ ဒီစွမ်းအား၊ အတွေးအခေါ် ပညာရှင်တွေ လူစွမ်းအားတို့ အများကြီး နောက်ကျကျန်ခဲ့တယ်ဆိုတာကို မြန်မြန်လုပ်နိုင်လေး၊ မြန်မြန်ဖြစ်လေ ကောင်းလေပေါ့။ ကိုရဲဟိန်း အများကြီး ကျေးဇူးတင်ပါတယ်။