Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ ဒီမိုကရေစီစနစ်ဆီ ဦးတည်လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့အခန်းကဏ္ဍတခုဖြစ်တဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အပိုင်းလိုက် တင်ဆက်ပေးနေပါတယ်။ ဒီတပတ်မှာ နယ်စပ်ကုန်သွယ်ရေးနဲ့ မြန်မာနိုင်ငံတခုလုံးရဲ့ စီးပွားရေးနဲ့ လူမှု့ဘဝတွေကိုပါ ထိခိုက်စေတဲ့ တရားမဝင် နယ်စပ်ကုန်သွယ်ရေးကို ဘယ်လိုအရေးယူ ကိုင်တွယ်သွားသင့်သလဲဆိုတာကို ဆွေးနွေးထားပြီး၊ တချိန်တည်းမှာ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအားကောင်းလာဖို့အတွက် တရားဝင်လုပ်ငန်းတွေကို လွယ်လွယ်ကူကူဖြစ်အောင် သက်ဆိုင်ရာဌာန အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေအနေနဲ့ အလေးပေးဆောင်ရွက်သွားဖို့ လိုမယ်လို့ အာဏာရပါတီ NLD ရဲ့ စီးပွားရေးအကြံပေးတဦးက ပြောဆိုပါတယ်။ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ် စီးပွားရေးကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး NLD ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင် ဦးအေးလွင် ကို ဒေါ်ခင်မျိုးသက် က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဦးအေးလွင် က လက်ရှိ အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုစီးပွားရေးကော်မတီအဖွဲ့ဝင်တဦး ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ အဓိက လုပ်နည်းကိုင်နည်းတွေ ဝေဖန်ခံနေရတာ ရှိပါတယ်။ ဆိုတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး တွေ့နေရတဲ့ အခက်အခဲလေးတွေကို ပြောပြပေးပါ။
ဦးအေးလွင် ။ ။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူရွေးချယ်လိုက်တော့ တာဝန်ယူရတဲ့အစိုးရ - ကျနော်တို့ခေါင်းဆောင်က အာဏာလို့ ပြောတယ်။ အာဏာပြောရုံနဲ့ မဖြစ်ပါဘူး။ တာဝန်ယူတဲ့ကာလမှာ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့မှာ အဓိက နယ်စပ်ဒေသ ကုန်သွယ်ရေးတွေ ကောင်းမွန်လာအောင် - စီးပွားရေးမူဝါဒတွေဆီ ပြန်ရောက်သွား နယ်စပ်ကုန်သွယ်ရေး အဆင်ပြေချောမွေ့ဖို့
တယ်။ စီးပွားရေး မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ စီးပွားကူးသန်းဌာန၊ စီမံဘဏ္ဍာဌာန၊ အကောက်ခွန်ဦးစီးဌာန၊ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန ရှိတယ်။ ကုန်လမ်းပို့ဆောင်ရေး - မီးရထား၊ ကား၊ ရေလမ်း စသည်ဖြင့် နောက်ဆုံး နယ်စပ်ဒေသဝန်ကြီးဌာနဖြစ်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်ထဲရေးဝန်ကြီးဌာနရှိတယ်။ အထွေထွေအုပ်ချုပ်ရေးဌာနတွေက ပေါင်းကူးပြီးတော့၊ စုပေါင်းပြီးတော့ တရားဝင်လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တယ်။ တရားဝင်လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးတဲ့အခါမှာ နယ်စပ်ဒေသတွေမှာ ဘာတွေဖြစ်သလဲဆိုတော့ တရားမဝင်လုပ်ငန်းတွေက ပိုများနေတယ်။
ပြည်ပက တင်သွင်းလာတဲ့ပစ္စည်းတွေ တရားဝင်တာထက် တရားမဝင်တာကို တွက်မယ်ဆိုရင် တရားမဝင်တာက ပိုများတယ်။ ဘာဖြစ်လို့လဲဆိုတော့ တရားဝင်လုပ်တဲ့ အလုပ်သည်၊ တရားမဝင်လုပ်တဲ့ အလုပ်ထက် ကုန်ကျစရိတ်တွေ ပိုများနေတယ်လို့ တွေ့ရှိရတယ်။ အဲဒါကြောင့် တရားဝင်လုပ်ပြီဆိုရင် ကုမ္ပဏီ ထောင်ရမယ်။ ပထမတုန်းက ကြေညာထားတယ်။ အခုတော့ Individual လုပ်ငန်းလိုင်စင်တွေ ၂၀၁၂ က စပေးပြီ။ တခါ ကုမ္ပဏီထောင်ဖို့ဆိုရင် အရင်တုန်းကဆိုရင် ပိုက်ဆံလေး တစ်ထောင်နှစ်ထောင်နဲ့ ထောင်လို့ရမယ်။ အခုက ကုမ္ပဏီထောင်ဖို့ Law Firm အပ်ရမယ်။ သိန်း (၂၀-၃၀) ရှိမှ ကုမ္ပဏီထောင်လို့ ရမယ် စသည်ဖြင့် ဖြစ်တဲ့အတွက် ကျနော်တို့က အသေးစား၊ အလတ်စား လုပ်ငန်းတွေကို Individual Trading Permit တွေကို ထုတ်ပေးရမယ်။ လွယ်လွယ်ကူကူ ဖြစ်ရမယ်။
အဲဒါတွေက သက်ဆိုင်ရာဒေသတွေမှာရှိတဲ့ ကုန်သည်ကြီးများအသင်းက ဒီလို လိုင်စင်ရဖို့အရေးကို ကုန်သည်ကြီးများအသင်းကို အလှုငွေထည့်ရမယ်၊ ဝင်ရမယ်တို့ ဒါတွေအားလုံးလည်း ကုန်သည်ကြီးအသင်းတွေက မလုပ်သင့်တော့ဘူး။ ကူညီရမယ့်အစား ပိုက်ဆံတောင်းတဲ့ နယ်စပ်အသင်းတွေ ဖြစ်နေတယ်။ ဒါတွေလဲ ပြုပြင်ရမယ်။ နောက်တချက် တရားမဝင်လုပ်ငန်း - ကားသမားက ပေါင်းပြီးတော့လည်းကောင်း၊ စီစစ်ရေးဂိတ်မှာရှိတဲ့ စီစစ်ရေးတာဝန်ကျတဲ့ တာဝန်ရှိတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေကိုလည်းကောင်း - ကိုယ်ကိုယ်တိုင်သော်လည်းကောင်း။ တခြားအာဏာပိုင်အဖွဲ့အစည်းသော်လည်းကောင်း ပူးပေါင်းပြီးတော့ အကောက်ခွန်မဲ့ တင်သွင်းတဲ့ လုပ်ငန်းတွေကို တားဆီးရမယ်။ အဲဒီ အကောက်ခွန်မဲ့ တင်သွင်းတဲ့ လုပ်ငန်းတွေကြောင့် အရည်အသွေးတွေကိုလည်း မှန်မှန်ကန်ကန် စစ်ဆေးတဲ့ FDA လို့ အဖွဲ့မျိုးတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ခိုင်ခိုင်မာမာနဲ့ စနစ်တကျ ဖွဲ့စည်းနိုင်တယ်။ စစ်ဆေးနိုင်တဲ့ အဖွဲ့တွေ ဖြစ်ရမယ်။ လာဘ်မစားတဲ့၊ ဘက်မလိုက်တဲ့ အဖွဲ့တွေ ဖြစ်ရမယ်။ အဲဒီလို ဖွဲ့ခြင်းနဲ့ တင်သွင်းတဲ့ ပစ္စည်းကို ပြောတာအပြင်၊ တင်ပို့တဲ့ပစ္စည်းလည်း ဒီလိုပဲ - တချို့နယ်စပ်ဒေသတွေမှာ အရှေ့မြောက်ဒေသတွေမှာ သစ်လုံးတွေသွားတယ်။ ကျောက်စိမ်းတွေ သွားတယ်ဆိုတာက ဘာကြောင့်လဲ။ အဲဒီနယ်စပ်ဒေသမှာရှိတဲ့ တိုင်းရင်းသားအဖွဲ့တွေ လုပ်နေတာလား။ နယ်ခြားဒေသမှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေ လုပ်နေတာလား။ နယ်ခြားဒေသမှာရှိတဲ့ ကုန်သည်တွေကလား။ ဒါတွေအားလုံးက သူတို့ရဲ့ လုပ်ငန်းသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ဒေသဆိုရင် သူတို့ရဲ့ကိုယ်ပိုင်ဒေသ အေးချမ်းသာယာအောင် အုပ်ချုပ်တဲ့အလုပ် - ဒါ ဖွဲ့စည်းပုံအခြေခံထဲမှာပါတယ်။ အခုနပြောသလို ရင်းနှီးမြုပ်နံှမှုအပိုင်းမှာ ဇယား (၁)၊ ဇယား (၂) တို့နဲ့ ပြပြီး ပြန်လည်စဉ်းစားပြီးတော့ ပြည်ထောင်စုအစိုးရ ခွင့်ပြုတဲ့ဟာဖြစ်ရင် ပြည်ထောင်စုအစိုးရဆီ တင်သွင်းရမယ်။ နယ်ခြားမှာရှိတာပဲ ငါတို့ပဲ အဆင်ပြေသလို ကြည့်လုပ်မယ်ဆိုတဲ့ Practice တွေ ဖျောက်ရမယ်။ လုပ်နေတာကို အပြစ်ပြောတာ မဟုတ်ဘူး။ ဒါတွေအားလုံးက လွဲမှားနေတာကို မပြင်သရွေ့ တရားမဝင် လုပ်ငန်းတွေ၊ တရားမဝင် တင်သွင်းတဲ့ ပစ္စည်းတွေ မပျောက်ဘူး။ မလျော့ဘူး။ မလျော့တဲ့အခါမှာ နိုင်ငံတော်က အခွန်တွေ နစ်နာတယ်။ အခွန်တွေ နစ်နာတာက တစ်ခု။ ဒုတိယနစ်နာတာက တရားဝင်ပစ္စည်းတွေ တင်သွင်းလာတဲ့ ဆေးဝါး၊ စားသောက်ကုန်အစာ - စားသုံးသင့် မသင့်၊ အန္တရာယ်ကင်း မကင်း စစ်ဆေးနိုင်ဖို့ အားနည်းသွားတယ်။ တတိယအချက်က အဲဒီပစ္စည်းတွေက ဆေးပေါပေါနဲ့ ဝင်လာတဲ့အတွက် အလွယ်တကူ လှလှပပနဲ့ ဝင်လာတဲ့အတွက် ပြည်တွင်းမှာ ထုတ်လုပ်တဲ့ သူတို့နဲ့ ဆင်တူယိုမှား ပစ္စည်းတွေ၊ ပြည်တွင်းထုတ်ကုန်တွေက မယှဉ်နိုင်တဲ့အခါ ပြည်တွင်းစက်ရုံတွေ ပိတ်သွားတယ်။
ပြည်တွင်းထုတ်လုပ်တဲ့ လုပ်ငန်းတွေ မရှိတော့တဲ့အခါမှာ အလုပ်လက်မဲ့တွေ ပေါ်လာတယ်။ အလုပ်လက်မဲ့တွေ ပေါ်လာတဲ့အခါမှာ လူငယ်တွေက နယ်စပ်ပြန်ရောက်သွားတယ်။ နယ်စပ်မှာ အခုနပြောတဲ့ တရားမဝင် တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေမှာ တရားမဝင် သွားလုပ်ရတဲ့ဘဝ ရောက်သွားတယ်။ လူကုန်ကူးတဲ့ အလုပ်တွေ ပေါ်လာတယ်။ မူးယစ်ဆေးဝါး သယ်ဆောင်တာတွေ ပေါ်လာတယ်။ ငွေကြေးခဝါချတဲ့ အလုပ်တွေ အများကြီးဖြစ်လာတယ်ဆိုတာတွေက ဆိုးကျိုးတွေ ဆက်တိုက်ဖြစ်လာတဲ့အတွက် နယ်ခြားဒေသ (၅) နိုင်ငံနဲ့ ဆက်စပ်နေတဲ့အတွက် ကျနော်တို့ မြန်မာနိုင်ငံက လက်ရှိ အစိုးရနဲ့ နောက်တက်မယ့် အစိုးရတွေက ဘယ်အစိုးရတက်တက် တရားဝင်လုပ်ငန်းကို အလွယ်တကူ လုပ်နိုင်အောင် လုပ်ပေးပါ။ နောက်တခါ တရားဝင်လုပ်ငန်း လုပ်တဲ့အခါမှာ အားပေးကူညီပေးပါ။ ဘဏ်စနစ်တွေကောင်းအောင် လုပ်ပေးပါ။ လမ်းပန်းဆက်သွယ်ရေးတွေကောင်းအောင် လုပ်ပေးပါ။ IT စနစ်တွေကောင်းအောင် လုပ်ပေးပါ။ Law enforcement mechanism ခေါ်တဲ့ စီးပွားရေးလုပ်တာပဲဖြစ်ဖြစ်၊ ဥပဒေ ချိုးဖောက်ရင် ချိုးဖောက်သလောက် အရေးယူနိုင်တဲ့ Practice တွေဖြစ်အောင် လုပ်ပေးပါ။
ဒေါ်ခင်မျိုးသက် ။ ။ အခက်အခဲနဲ့ ဆက်ပြီးတော့ လုပ်ပေး၊ လုပ်သင့်တောတွေ။ တဆက်တည်း ပြောသွားတာပေါ့။ ဆိုတော့ အမျိုးသားဒီမိုကရေစီ အစိုးရ တက်လာတာ အခုဆိုရင် (၁၈) လ ရှိလာပြီ။ အခု လုပ်ဖို့ လိုအပ်နေတဲ့ အခက်အခဲတွေ တွေ့နေတယ်။ ဒါက နှစ်ပေါင်း (၅၀) ကျော် အုပ်ချုပ်မှု ညံ့ဖျင်းခဲ့တဲ့ ခံစားရတဲ့ နောက်ဆက်တွဲဖြစ်ရပ်၊ ဆိုးကျိုးတွေ။ ဆိုတော့ ဒီ (၁၈) လ ကာလအတွင်းမှာ NLD အစိုးရတရပ်အနေနဲ့ ဘာတွေများ နယ်စပ်ဒေသ ကုန်သွယ်ရေး ဖွံ့ဖြိုးအောင် - စောစောက အခက်အခဲတွေကို ကျော်လွှာနိုင်အောင် ဘာတွေများ လုပ်ခဲ့ပြီးပါပြီလဲ။
ဦးအေးလွင် ။ ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကတော့ ကြိုးစားနေတယ်။ ထူးထူးခြားခြား ကောင်းမွန်လာတဲ့ လုပ်ပေးနိုင်တာတွေ အနည်းအကျဉ်းတော့ တွေ့ရပါတယ်။ ဘာတွေလဲဆိုတော့ အခုနပြောတဲ့ တဦးချင်းလုပ်ငန်းတွေ အားလုံးကို အလွယ်တကူ ပေးတယ်။ ဒါပေမဲ့ တရားမဝင် လုပ်ငန်းတော့ မပပျောက်သေးဘူး။ တရားမဝင် ကုန်သွယ်မှုတော့ မပပျောက်ဘူး။ တရားမဝင်ကုန်သွယ်မှု မပပျောက်တာက ဘဏ်စနစ်ကြောင့်လည်းပါတယ်။ တရားမဝင် လုပ်ငန်းတွေအားလုံးမှာတော့ နေ့စဉ်သတင်းစာတွေမှာတော့ - ဂိတ်မှာ ဘာတွေဖမ်းတယ်။ -- ဘာတွေ ဖမ်းတယ်ဆိုတာတွေတော့ နေ့တိုင်းတော့ ပါနေတုန်း။ သို့ပေမယ့်လဲ Export/Import လုပ်တဲ့နေရာမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းနေတယ်။ ဖမ်းရုံနဲ့ မရဘူး။ အားလုံးက ဘာကြောင့် ဒီပစ္စည်းတွေ တင်သွင်းတာလဲ - ကျနော် လွန်ခဲ့တဲ့ ၂၀၁၁ က နယ်ခြားရောက်တယ်။ အဲဒီခေတ်က အစိုးရ၊ ဝန်ကြီးနဲ့ ရောက်ခဲ့တယ်။ မော်တော်ဆိုင်ကယ်တွေကို Without သွင်းတာ တနေ့တနေ့ တရုတ်နယ်စပ်ကနေ လူ (၅၀၀-၆၀၀) နဲ့။ ဆိုင်ကယ်တစီး မောင်းလာရင် နောက်ကဆိုင်ကယ်မှာ ဆိုင်ကယ်အပိုပါတယ်။ ဒါကို လူရာချီ မောင်းတယ်။ အဲဒါ ဘာကြောင့်ဖြစ်တာလဲလို့ လေ့လာလိုက်တော့ ဆိုင်ကယ်တစီး တင်သွင်းရင် စီးပွားကူးသန်းက နှစ်သောင်းယူတယ်။ အကောက်ခွန်ဦးစီးဌာနက နှစ်သောင်းယူတယ်လို့ ပြောတဲ့အခါမှာ On the spot ဝန်ကြီးဌာနနှစ်ခုစလုံးက ဒုဝန်ကြီး၊ ဝန်ကြီးက ဒါတွေကို ဘယ်သူက ကောက်ခိုင်းသလဲလို့ On the spot မှာ မကောက်ဘူး။ မကောက်တော့ တရားမဝင်တဲ့ ဆိုင်ကယ်တစီးကို ပို့လိုက်ရင် မန္တလေးအရောက် သုံးသောင်းခွဲ၊ လေးသောင်းပဲ ကုန်ကျတယ်။ ဟိုမှာ လိုင်စင်လျှောက်ရင်တောင် လေးသောင်းကျော် ရောက်သွားတယ်။ ကျနော် ဆိုလိုတာက ပုံမှန်လုပ်တဲ့ တရားဝင် လုပ်ငန်းတွေမှာ ပေးဆောင်ရမယ့် အခွန်တွေ၊ Procedure တွေမှာ ပေးရမယ့် လုပ်ငန်းကုန်ကျစရိတ်အားလုံးသည် တရားမဝင်လုပ်တဲ့ ကုန်ကျစရိတ်ထက် ပိုများနေတယ်။ ပိုပြီးအခြေအနေ ကြန့်ကြာနေတယ်။ ပိုပြီးအရစ်တွေ ခံနေရတယ်။ ပိုပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ရင်ဆိုင်နေရမယ်။ ငွေကြေးအရောင်းအဝယ်တွေမှာလည်း ဘဏ်တွေကတဆင့် မဟုတ်ဘဲနဲ့ တရားမဝင်နည်းလမ်းနဲ့ လွှဲပို့နေရမယ်ဆိုရင် ဘယ်သူမှ မလုပ်နိုင်ဘူး။ ဘယ်သွားမလဲ … အေဂျင့် အပ်လိုက်တယ်။ အေဂျင့် အပ်လိုက်တာနဲ့ တရားဝင်လုပ်ငန်း ဖြစ်သွားတယ်။
ပြောချင်တာက တရားဝင်လုပ်ငန်းတွေ များများ ဖြစ်တဲ့နည်းနဲ့ အားပေးပါ။
ဒေါ်ခင်မျိုးသက် ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေနဲ့ အားမပေးခဲ့လို့လား။ ဒါတွေက အခုထိ ရှိနေတယ်ဆိုတော့။
ဦးအေးလွင် ။ ။ အားပေးဖို့ ကျနော်တို့ ပြောဆိုနေပါတယ်။ ဒါပေမဲ့ လက်ခုပ်တဖက်တည်းတော့ တီးလို့မရဘူး။ အစိုးရအဖွဲ့ကတော့ ဒါတွေအားလုံး တရားဝင်လုပ်ဖို့ အော်နေပေမယ့် လုပ်ငန်းရှင်တွေဘက်ကလည်း တရားမဝင်လုပ်ငန်းပေါ်မှာ ပျော်မြူးနေတဲ့ လုပ်ငန်းရှင်တွေက ဒီနေ့အထိ ရှိနေတုန်း။ ကိုယ်ကိုယ်တိုင် မပြင်ဘဲနဲ့တော့ မရဘူး။ ကျနော်က နှစ်ဘက်မျှတအောင် ပြောပြတာပါ။ တရားမဝင်လုပ်ငန်းပေါ်မှာပဲ ကျေနပ်တာနဲ့ တရားဝင်လုပ်ငန်းတွေ ကြီးထွားလာမှာကြောက်တဲ့ လုပ်ငန်းရှင်တွေကလည်း ဒီနေ့အထိ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ကပြောတာ မျိုးဆက်တွေ ဆက်တိုက်ဆက်တိုက် တရားမဝင် လုပ်ငန်းတွေပေါ်မှာ ကျေနပ်နေတော့မှာလား။ အဲဒါ ဘာလဲဆိုတော့ အခုနပြောတဲ့ အရေးယူတာ အားနည်းလို့ ဖြစ်တာ။ အဲဒီတော့ အရေးယူတဲ့ အားနည်းချက်အစား အရေးကို တိတိကျကျ ယူပေးပါ။ အရေးယူရုံတင်မကဘူး လွယ်ကူအောင်လည်း လုပ်ပေးပါ။ တရားဝင်လုပ်ငန်းကို ကြိုးစားလုပ်တဲ့လူတွေကို ကာကွယ်ပေးရမယ်။
ဒေါ်ခင်မျိုးသက် ။ ။ နယ်စပ်ကုန်သွယ်ရေးမှာ တနယ်နဲ့တနယ် လာတယ်ဆိုတော့ သူ့နေရာနဲ့ သူလည်း မတူပါဘူး။ ဥပမာ တရုတ်နယ်စပ်က ပုံစံတမျိုး။ ဆိုတော့ နည်းနည်းကွဲပြားမှုလေးတွေနဲ့ အဲဒါလေး နည်းနည်းထောက်ပြပေးပါ။
ဦးအေးလွင် ။ ။ ကွဲပြားတာကတော့ ထွက်ကုန်ဒေသရယ်၊ ဒေသခံလူတွေနဲ့ ဆိုင်တာပေါ့။ သို့ပေမယ့် ကျနော် ပြောချင်တာက လူနဲ့လဲ မဆိုင်ဘူး။ မူနဲ့လဲ မဆိုင်ဘူး ဆိုတာထက် အဓိက စီမံခန့်ခွဲအုပ်ချုပ်တဲ့စနစ် မှန်ဖို့လိုပါတယ်။ စီးပွားကူးသန်းရောင်းဝယ်ရေး လုပ်ငန်းတွေမှာ ဆက်စပ်နေတဲ့ ဌာန - စီးပွားကူးသန်းဌာန၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ဘဏ်စနစ်၊ ပြည်ထဲရေး စသည်ဖြင့် ဒါတွေအားလုံးက တက်ညီလက်ညီနဲ့ စည်းကမ်းဘောင်အတွင်းကနေ လုပ်ပေးဖို့ လိုပါတယ်။
ဌာနတိုင်းလိုလိုမှာ အားနည်းတာ ရှိသလို၊ အားသာတဲ့ ဌာနတွေလည်း ရှိပါတယ်။ Balance တော့ လုပ်နေတယ်။ ဒါပေမဲ့ ဒီနေ့အထိ အားမရသေးဘူး။ အခုနပြောတဲ့ စီမံဘဏ္ဍာဌာနက တော်တော်လေး ကြိုးကြိုးစားစား ပြင်နေပါတယ်။ Mass စနစ်ခေါ်တဲ့ ဂျပန်က ကူညီပေးနေတယ်။ ဒါတွေအားလုံးကို နယ်ခြားဒေသတွေမှာ တင်နေပါပြီ။ အကောက်ခွန်ဦးစီးဌာနရဲ့ Procedure တွေကို သက်သာအောင်၊ မြန်အောင် အိုင်တီစနစ်တွေသုံးနေတယ်။ အဲဒီလိုပဲ စီးပွားကူးသန်းဌာနလည်း သူတို့လုပ်နိုင်တာကို လုပ်နေတယ်။ တခြား သယ်ယူပို့ဆောင်ရေးမှာလည်း လမ်းပန်းဆက်သွယ်ရေးတွေ၊ ဂိတ်တွေ လျှော့နိုင်ရင်လျှော့။ ဒါတွေအားလုံးတော့ လုပ်နေတယ်။ အကျိုးအမြတ်ကတော့ လိုက်ပါဆောင်ရွက်တဲ့ လုပ်ငန်းရှင်တွေ အားနည်းတယ်။ အစိုးရက သွေးဆောင်ဖြောင့်ဖျခြင်းထက် လုပ်ငန်းရှင်တွေ ဖွဲ့စည်းထားတဲ့ အသင်းတွေမှာ တာဝန်ရှိပါတယ်။ အသင်းတွေမှာလည်း ဒါတွေအားလုံးကို စနစ်တကျလုပ်ဖို့၊ စနစ်တကျ မလုပ်တဲ့လူတွေအားလုံးကိုလည်း အချင်းချင်း မဖာ၊ မဖုံးဘဲနဲ့ ထုတ်ပေးဖို့ လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အခု ဒီအစိုးရလက်ထက်မှာပဲ ဒီအစိုးရ မသိဘဲနဲ့ တခြားနိုင်ငံကို ရောင်းဝယ်နေတဲ့ ပစ္စည်းတွေ ရှိပါတယ်။ တချို့ဒေသတွေမှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဥပမာ သတ္တု တူးဖော်ရေးမှာ အစိုးရ လက်အောက်ကနေ သွားတာ မဟုတ်ဘဲနဲ့ နယ်စပ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ သူတို့က ဦးစီးပြီးတော့ လုပ်နေတာ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘယ်လိုထိန်းချုပ်ဖို့များ စဉ်းစားထားပါလဲ။
ဦးအေးလွင် ။ ။ ကျနော်တို့ အခု သွားနေတာက Peace Process ခေါ်တဲ့ ငြိမ်းချမ်းရေးကို သွားနေတာပါ။ ငြိမ်းချမ်းရေး သွားနေတဲ့အခါမှာ နယ်ခြားဒေသတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ တိုင်းရင်းသားတွေဟာ တရားဝင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ လုပ်ဖို့။ သူတို့မှာ နည်းဥပဒေတွေ ပြည်ထောင်စုအစိုးရက ချမှတ်ပေးပြီးတော့ ရင်းနှီးမြုပ်နံှနိုင်တဲ့ အခွင့်အလမ်းတွေကို ပေးဖို့ လိုပါတယ်။ ဥပမာအားဖြင့် ကရင် - တခေတ်တခါက KNU က တရားမဝင်လုပ်ငန်းတွေ လုပ်ခဲ့တယ်။ သစ်တွေပို့တယ်။ ကျောက်တွေ ပို့တယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေး ယူလိုက်တဲ့အချိန်မှာ သူတို့ကို တရားဝင်အဖွဲ့အစည်းတွေ တည်ထောက်ပေးလိုက်တယ်။ တရားဝင်ကုမ္ပဏီတွေ လုပ်တယ်။ ကုမ္ပဏီလုပ်ငန်းတွေကလည်း သက်ဆိုင်ရာ ရတဲ့ ပိုက်ဆံတွေကို အခွန်ဆောင်တယ်။ နိုင်ငံတော်က ရတဲ့အခွန်တွေကို ပြည်နယ်အစိုးရကို ပြန်ခွဲဝေတယ်။ အနစ်အရသာ အဲဒိ လုပ်ငန်းဆောင်တာတွေကို သူတို့ကို နားလည်အောင် ပြောရမယ်။ ဆိုလိုတာက တရားမဝင်လုပ်တဲ့ လုပ်ငန်းတွေ လုပ်တဲ့အတွက် တဘက်ဝယ်သူရဲ့ ဈေးနိမ်ခြင်းကိုလည်း ခံရတယ်။
ကမ္ဘာကလည်း အသိအမှတ် မပြုဘူး။ ကမ္ဘာ့ရဲ့ ရောင်းဝယ်မှု။ International Trade – practice, ethics တွေနဲ့လည်း မကိုက်ဘူး။ အဲဒါတွေအားလုံးက ကိုယ့်ဘက်က အလွယ်တကူရတဲ့ အကျိုးအမြတ်တွေကိုကြည့်ပြီးတော့ ဒါကြီးကိုဆက်လက် ဆောင်ရွက်နေမယ်ဆိုတဲ့ တစ် - ဈေးမှန်မရဘူး။ ရောင်းစနစ် မှားတဲ့အတွက်ကြောင့် ငွေရေးကြေးရေးက တရားဝင် မဝင်လာဘူး။ တရားဝင် အခွန်မဆောင်နိုင်ဘူး။ တရာဝင် အခွန်မဆောင်တော့ တိုင်းပြည်မှာ အခွန်နည်းတဲ့အတွက် တိုင်းပြည်ဖွံ့ဖြိုးမှု မလုပ်နိုင်ဘူး။ ဒါတွေအားလုံးရဲ့ ဆိုးကျိုးတွေ ပျောက်အောင်လို့ အားလုံး တရားဝင်လုပ်။ အခုန ဖယ်ဒရယ် မူဝါဒတွေ လာတဲ့အခါမှာ အခွန်စနစ်တွေ ခွဲဝေပေးမယ်။ သယံဇာတတွေ ရရှိတဲ့ အကျိုးအမြတ်တွေကို ခွဲဝေပေးမယ်ဆိုတဲ့အပေါ်မှာ အားလုံးက မျိုးဆက်သစ်မှာ သာသာယာယာနဲ့ လုပ်ရင် တန်ရာတန်ရာပစ္စည်းကို ရောင်းဝယ်နိုင်ရမယ်။