ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒီမိုကရေစီစနစ်ဆီ ဦးတည်လျှောက်လှမ်းနေတဲ့ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုမှာ အရေးပါတဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး အပိုင်းလိုက် တင်ဆက်ပေးနေပါတယ်။ ဒီတပတ် အာရှရဲ့ စီးပွားရေးအင်အားကြီး နိုင်ငံတွေသာမက အာရှဒေသအတွက် အရေးပါတဲ့ ရေလမ်းကြောင်းကိုပါ ထိဆက်နေတဲ့ မြန်မာနိုင်ငံအနေနဲ့ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးတွေကို ဘယ်လို အထွန်းကားဆုံး အနေအထားရအောင် လုပ်ဆောင်နိုင်ပါ့မလဲ။ အဲဒီလို ကုန်သွယ်စီးပွား လုပ်ရာမှာ ရှိခဲ့တဲ့ တခြားပံ့ပိုးမှု အခန်းကဏ္ဍကို မြှင့်တင်ဖို့ လိုအပ်သလို၊ လူ့အရင်းအမြစ်၊ စွမ်းအင်တို့ကို မြင့်တင်ဖို့ လိုအပ်ကြောင်း အာဏာရ NLD ပါတီရဲ့ စီးပွားရေးအကြံပေးတဦးက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပနဲ့ ကုန်သွယ် စီးပွားရေးကိစ္စနဲ့ ပတ်သက်ပြီး NLD ဗဟို၊ စီးပွားရေးကော်မတီ အဖွဲ့ဝင် ဦးအေးလွင် ကို ဒေါ်ခင်မျိုးသက်က တွေ့ဆုံမေးမြန်းထားပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဦးအေးလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စီးပွားရေးဆိုင်ရာ ဗဟိုကေ်မတီရဲ့ အဖွဲ့ဝင်တယောက်အနေနဲ့ မြန်မာနိုင်ငံဟာဆိုရင် တကယ် စီးပွားရေးအရ အချက်အချာကြနေတဲ့ ဒေသထဲမှာ ရောက်နေတယ်လို့ လူတိုင်းက ပြောပါတယ်။ တကယ်လဲ ဟုတ်ပါတယ်။ ဆိုတော့ ဗမာနိုင်ငံရဲ့ အိမ်နီးချင်း (၅) နိုင်ငံကို ကြည့်လိုက်မယ်ဆိုရင် အိန္ဒိယ၊ တရုတ် - တကယ့် ဈေးကွက်အကြီးကြီးတွေနဲ့ ထိဆက်နေတဲ့ နိုင်ငံပါ။ ဆိုတော့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး ပြောပြပေးပါ။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်တို့ ရှိမယ်။ ဒါပေမဲ့ ဗမာနိုင်ငံအနေနဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ဘယ်လို ဆောင်ရွက်သင့်သလဲ။
ဦးအေးလွင် ။ ။ မြန်မာနိုင်ငံဟာ နံပတ် (၁) လက်ရှိအခြေအနေမှာ နိုင်ငံတကာနဲ့ယှဉ်ရင် Late comer advantages လို့ခေါ်တဲ့ အကြံတူ နောက်လူစားမယ်။ ကျနော်တို့က နယ်ခြားချင်း ဆက်စပ်နေတာ အနောက်ကနေ စပြောမယ် - ဘင်္ဂလားဒေ့ရှ် ကီလိုမီတာ (၂၀၀) ကျော်လောက်ရှိမယ်။ အိန္ဒိယ ကီလို (၁၆၀၀) ကျော်မယ်။ တရုတ်နဲ့က မြောက်ခါးကနေ တာချီလိတ်အထိဆိုရင် ကီလိုမီတာ (၂၁၀၀) လောက်ရှိမယ်။ အဲဒီကနေ လာအိုနဲ့ ကီလို (၂၈၀) လောက်ရှိတယ်။ လာအိုနယ်စပ် ဆုံးသွားတာနဲ့ ယိုဒယားက ကော့သောင်အထိ ကီလိုမီတာ (၁၆၀၀) ကျော်ကျော်လောက် ရှိတယ်။ ဒီဘက် ပင်လယ်ပြင်ကြီးကလည်း ကီလို (၁၇၀၀) - ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းမြောင်းဒေသနဲ့ ဧရာဝတီတိုင်း။ ဒီလောက် အခြေအနေကောင်းတဲ့ တိုင်းပြည်ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ရစ်ခဲ့တာက ကိုယ်ညံ့လို့ ဖြစ်တာ။
အခုအချိန်မှာတော့ နယ်ခြားဒေသတွေ ဆက်စပ်နေတဲ့အတွက် နယ်ခြားဒေသတွေမှာ ဖြစ်ပေါ်လာမယ့် ကုန်စည်စီးဆင်းမှု။ နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းမှု (Border Trade) တွေကို စနစ်တကျ လုပ်ပေးဖို့ လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ပထမဦးဆုံး ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ အနောက်ဘက်ခြမ်းမှာ ဘယ်လို ကုန်သွယ်ဆက်ဆံးမှုတွေ လုပ်သင့်လဲ။
ဒေါ်ခင်မျိုးသက် ။ ။ ဘင်္ဂလားဒေ့ရှ်က ပွင့်ပွင့်လင်းလင်း ပြောရရင် နုန်းတင်မြေနု ဂင်္ဂါမြစ်ရဲ့ မြစ်ဝကျွန်ပေါ်ဒေသမှာ ရှိတာ။ သူတို့မှာ တောတောင် တောင်တန်းတွေ မရှိဘူး။ သူတို့တိုင်းပြည်မှာ လိုအပ်တာ လူဦးရေလည်းများတယ်။ သူတို့ လိုအပ်တဲ့ Requirements တွေ ဘာတွေလဲဆိုတာကို ကျနော်တို့က Survey လုပ်ရမယ်။ သူတို့ လိုအပ်တဲ့ အခက်အခဲတွေ၊ သူတို့ လိုအပ်တာတွေက ကျနော်တို့ ကြားသိသလောက်က ဥပမာ အိမ်ဆောက်ဖို့၊ လမ်းဖောက်ဖို့ ကျောက်ခဲတွေတောင် လိုတယ်။ လမ်းခင်းကျောက်တွေ လိုတယ်။ ဒါတွေအားလုံး ကျနော်တို့ ပို့နိုင်အောင် ကြိုးစားရမယ်။ အခုလဲ ကျနော်တို့ရဲ့ ရေထွက်ပစ္စည်းတွေ ဘင်္ဂလားဒေ့ရှ်ကို ပို့လို့ရတယ်။
အိန္ဒိယလည်း အဲဒီလိုပဲ။ အိန္ဒိယပြည်မကြီးထက် အိန္ဒိယနယ်စပ် ဆက်စပ်နေတဲ့ မီဇိုရမ်၊ အာသံ၊ မဏိပူမှာ သူတို့တိုင်းပြည်မှာ အာသံမှာ လက်ဖက် နာမည်ကြီးတယ်။ ကျနော်တို့ ချင်းတောင်၊ စစ်ကိုင်းတောင်တို့ကလည်း လက်ဖက်တွေကို သူတို့နည်းပညာတွေ ယူပြီးတော့ စိုက်ရမယ်။ ဂျူံတွေ ရှိတယ်။ နောက်တခါ သူတို့က အသေးစား၊ အလတ်စားတွေ ရှိတဲ့အတွက် ဟိုဘက်ဒီဘက် ကုန်သွယ်စီးဆင်းမှုက အိန္ဒိယနိုင်ငံထုတ် ဆေးတွေ၊ အင်္ဂလိပ်ဆေးတွေ ရောင်းဝယ်တာတွေ တွေ့ရသလို၊ ဒီဘက်ကလည်း ကောက်ပဲသီးနံှတွေ ဟိုဘက်ကို ပို့တာတွေကို သိရတယ်။
တရုတ်ကြတော့ အကုန်ရတယ်။ တရုတ်ကိုတော့ ကျနော်တို့ဘက်က ဆန်တွေ သွားနိုင်တယ်။ အိန္ဒိယကိုလည်း ဆန်ပို့နိုင်တယ်။ နောက်တခါ ဒီဘက်ကနေ သိကြားတွေ၊ ပြောင်းဖူးတွေ သွားတယ်။ အဲဒီလိုပဲ ဖရဲသီး၊ သခွါးသီး၊ ဂဏန်း၊ ငါးရှဉ့်၊ မျှော့ - ရေထွက်လုပ်ငန်းတွေ အားလုံးက တရုတ်ပြည်သွားတဲ့အတွက် တရုတ်အတွက်တော့ ဘာပစ္စည်းထွက်ထွက် စနစ်တကျ ရောင်းဝယ်ဖောက်ကားတဲ့ စနစ်ရှိမယ်ဆိုရင် ရောင်းနိုင်တယ်။ ကျနော်တို့ လုပ်ပေးရမှာက ဒီလို အခြေအနေကောင်းတဲ့ဟာတွေ ရှိရဲ့သားနဲ့ ကျနော်တို့တွေက နယ်စပ်ဒေသတွေမှာ ဘဏ်စနစ်တွေ ကောင်းရမယ်။ နောက်တခါ နယ်ခြားရောင်းဝယ်မှုဆိုတာလည်း ကိုယ့်တိုင်းပြည်ထဲမှာတင်ပဲ အခုကြိက်၊ အခုဝယ် ဈေးတွေ ညှိနှိုင်းပြီးမှ ငွေပေးငွေယူကအစ အလွယ်တကူ ဖြစ်နိုင်တယ်။ သဘောကတော့ နယ်ခြားဒေသမှာရှိတဲ့ သူတို့ရဲ့ ငွေကြေးဆိုင်ရာနဲ့ပဲ အရောင်းအဝယ် ဖွင့်ပေးလိုက်ရင် ပိုပြီးတော့ အဆင်ပြေမယ်။ တခေတ်တခါက Normal Trade ဆိုပြီး လုပ်လိုက်တဲ့အခါမှာ ဒေါ်လာသုံး။ ဒေါ်လာကနေ စင်္ကာပူကိုလွှဲ - အဲဒါမျိုးတွေ ဖြစ်မယ့်အစား - တရုတ်နယ်စပ်မှာဆိုရင် ယွမ်း သုံးမလား။ အခုဆိုရင် ယွမ်းက ပိုပြီးခိုင်မာတယ်။ ကျပ်နဲ့ဝယ် ခွင့်ပြုနိုင်ရမယ်။ ယိုးဒယားနယ်စပ်မှာလည်း ဘတ်နဲ့ဝယ်ဝယ်၊ ကျပ်နဲ့ဝယ်ဝယ်။ အိန္ဒိယနယ်စပ်မှာလည်း ရူးပီနဲ့ဝယ်ဝယ် ကျပ်နဲ့ဝယ်ဝယ် စသည်ဖြင့် ဒါတွေကို ပြည်ထောင်စုအစိုးရရဲ့ဘဏ်၊ စီးပွားရေးဘဏ်တွေက အဲဒီမှာ အကုန်အလွယ်တကူ ရှိရမယ်။ အခုအချိန်မှာ အိုင်တီစနစ်တွေ အသုံးပြုနိုင်တယ်။ အဲဒီတော့ ဒီတိုင်းပြည်တွေက နယ်ခြားတွေမှာ လမ်းပန်းဆက်ဆံရေး ခက်ခဲတယ်။ ကျနော် ထပ်ဖြည့်တင်ပြချင်တာက ဒီလမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန်အောင် ကုန်ကျစရိတ် သက်သက်သာသာနဲ့ နယ်စပ်ကိုရောက်အောင်။ နယ်စပ်က တင်သွင်းလာမယ့် ကုန်ပစ္စည်းတွေကို ပြည်မတွေကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ရောက်အောင် လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းသွားရမယ်။ အဲဒါတွေအားလုံး ဖွံ့ဖြိုးတိုးတက်မှ နောက်ဆုံး အရေးကြီးဆုံးအချက်က နယ်စပ်ဒေသဖြစ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးက အားနည်းတဲ့အတွက် ဥပဒေစိုးမိုးရေးလည်း အားနည်းတယ်။ အဲဒါတွေအားလုံးကို ဥပဒေ စိုးမိုးမှုအောက်ကို ရောက်အောင် လုပ်ပေးရမယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အိန္ဒိယပြီးတော့ တရုတ်။ အရှေ့ဘက်မှာဆိုရင် လာအို နဲ့ ထိုင်း။ ဒီနိုင်ငံတွေနဲ့ - အခုလောလောဆယ်တော့ ထိုင်းနဲ့ ကုန်သွယ်မှုတွေ မပြတ်ရှိနေပါတယ်။ ဘာများ ထူးထူးခြားခြား ပြောလိုပါလဲ။
ဦးအေးလွင် ။ ။ အဲဒီနေရာမှာတော့ ကျနော်တို့ဘက်က ထိုင်းနေကို ထွက်တဲ့ထွက်ကုန်တွေ နည်းသွားတယ်။ ထိုင်းတွေက ထွက်တဲ့ပစ္စည်းတွေ ကျနော်တို့ဘက်ကို တင်သွင်းတာ ပိုများလာတယ်။ မနေ့တနေ့ကပဲ ကျနော် သိသလောက်က မြဝတီနယ်စပ်က ကုန်သွယ်ဥက္ကဋ္ဌက သွင်းကုန်တွေ များနေတယ်။ ထွက်ကုန်တွေ နည်းနေတယ့်အတွက်ကြောင့် လေ့လာရေးကျောင်းသားတွေကို သူ့ဘက်က ထွက်ကုန်တွေ များလာအောင်လို့ ကုန်ထုတ်လုပ်ငန်းတွေလုပ်ဖို့ ကလေးတွေကို ရှင်းပြတာကို ကြားလိုက်မိပါတယ်။ တကယ်မှန်ပါတယ်။ ကျနော်တို့ သတိထားမိမှာက အခုဆို ဟင်းသီးဟင်းရွက်တောင်မှ ယိုးဒယားကနေ ဝင်လာတာ။ ကျနော်တို့တွေက ပဲခူးမှာစိုက်တဲ့ ဟင်းသီးဟင်းရွက် - ကန်စွန်းရွက်လို့ဟာမျိုး။ ရန်ကုန်တိုင်းမှာစိုက်တဲ့ တခြားသီးနံှတွေတောင်မှ စားကောင်းနေတာ ဘာဖြစ်လို့ ဟိုဘက်ကို မသွားနိုင်ဘဲနဲ့ ဟိုဘက်ကပစ္စည်းက ဒီဘက်ကို လာနေသလဲ။ အဲဒါတွေအားလုံးက ပြန်လည်စဉ်းစား၊ လေ့လာဖို့ လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အိမ်နီးချင်းတွေ ပြီးတဲ့အခါမှာ အာရှဒေသ ဂျပန်၊ သြစတေးလျ၊ ပြီးတော့ အာဆီယံနိုင်ငံတွေ ရှိတယ်။ ဒီ အာရှဒေသမှာရှိတဲ့ နိုင်ငံတွေနဲ့ မြန်မာနိုင်ငံ ကုန်သွယ်ရေးက ဘာတွေများ ရှိပါလဲ။
ဦးအေးလွင် ။ ။ အဲဒါကတော့ အဓိက ကျနော်တို့ သိသလောက်က အီလက်ထရောနစ်ပစ္စည်းတွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်တွေတော့ Export/Import Normal Trade နဲ့ ဝင်လာကြပါတယ်။ ဒီဘက်က ကုန်ကြမ်းတွေ ထွက်တာများတယ်။ ဥပမာ သစ်တွေ ခွဲသားအလိုက် ထွက်တယ်။ အရင်တုန်းကတော့ အလုံးလိုက် ထွက်တယ်။ နောက် သတ္တုသယံဇာတ - Semi Goods လောက်ပဲ ထွက်နိုင်တယ်။ ကျနော်တို့ဘက်က ရာဘာဆိုလည်း ကုန်ကြမ်းပဲ ထွက်နို်င်တယ်။ ဆိုတော့ ကျနော်တို့ဘက်က Value ပြင်ဖို့၊ တိုးမြှင့်ဖို့ လုပ်ဖို့လိုတယ်။ အိမ်နီးချင်းတိုင်းပြည်တွေက ဝင်လာရင် ကုန်ချော။ ကျနော်တို့က နိုင်ငံခြားငွေ ယိုးထွက်မှုက ပိုများတာပေါ့။ ဒါကိုလဲ ပြန်လည်စီစစ်ဖို့ လိုပါတယ်။ ဘာကြောင့် ဒီလိုဖြစ်သလဲ။ ငါးတွေအစား - ငါးတွေကို ရေခဲရိုက် ပို့မယ်အစား၊ ငါးသေတ္တာ ထုတ်တဲ့လုပ်ငန်းတွေ ဘာလို့ မလုပ်နိုင်လဲ။ လုပ်တော့လုပ်တယ် ဒါပေမဲ့ နည်းတယ်။
နောက်တခါ တခြားဝေးတဲ့တိုင်းပြည်တွေ ဥရောပ တိုင်းပြည်တွေကြတော့ Hi-Tech တွေ လာကြတယ်။ Computer, Software တွေ လာကြသလို။ ကျနော်ကတော့ သြစတေးလျ၊ ကနေဒါ၊ တရုတ်တို့ဆီကလည်း လာတယ်။ ကျနော်တို့က ဒီ Resource based Industry ကို ဂရုစိုက်ဖို့ လိုတယ်။ သူတို့တွေက သြစတေးလျဆိုလည်း နာမည်ကြီးတယ်။ သတ္တုတူးဖော်ရေး လုပ်ငန်းတွေ။ ရွှေတူးဖော်သန့်စင် လုပ်ငန်းတွေ။ ကနေဒါ၊ အမေရိကန်တို့လည်း ဒီလိုပဲ။ ကျနော်တို့မှာက သယံဇာတ က ထိုက်သင့်သလောက် ရှိတယ်။ သယံဇာတအတိုင်း တူးဖော်ထုတ်ဖို့ ရှိသလို။ သယံဇာတအတိုင်း တူးဖော်ထုတ်လို့ မရတာ ရှိတယ်။ တူးဖော်ထုတ်လုပ်ခွင့်ရှိတဲ့ဟာကို စနစ်တကျ ထုတ်ပေးဖို့ကို ကျနော်တို့က အပ်နံှခြင်းပါတယ်။ ပြုပြင်ပြောင်းလဲပေးဖို့ လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ အာရှဒေသတွေမှာ ဂျပန်၊ သြစတေးလျတို့ တကယ်တိုးတက်တာ စက်မှုလက်မှု တိုးတက်တဲ့ နိုင်ငံတွေဆိုတော့ သူတို့ဆီက နည်းပညာတွေ ရနိုင်တယ်။ အနောက်ဘက်မှာ ကြည့်မယ်ဆိုရင်တော့ ပထမဦးဆုံး အနောက်နိုင်ငံတွေမှာ အဓိက ဥရောပနဲ့ ဆက်ဆံရေး။ အဲဒါနဲ့ ပတ်သက်ပြီး နည်းနည်းပြောပြပေးပါ။
ဦးအေးလွင် ။ ။ ဥရောပကြတော့ အခုနပြောသလို Hi-Tech တွေပဲ လာကြတယ်။ ဥရောပက အခု ဘာလုပ်ချင်သလဲဆိုတော့ Infrastructure တွေ သူတို့လုပ်ချင်တယ်။ နောက်တခါ Electrical, Energy Power တွေ လုပ်ချင်ကြတယ်။ ပြီးတော့ အဆင့်မြင့်တဲ့ ဆေးဝါးတွေ။ ကျနော်တို့တွေက အိမ်နီးနားချင်း တိုင်းပြည်က ဆေးဝါးတွေကို အမှီပြုတဲ့အတွက် အရည်အသွေးနိမ့်တဲ့ ဆေးဝါးတွေပေါ်မှာပဲ သုံးစွဲခွင့်ကနေ၊ အရည်အသွေးမြင့်တဲ့ ဆေးဝါးတွေ သုံးစွဲခွင့်ကို ကျနော်တို့ ဖန်တီးပေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးကိုလည်း ဈေးပေါပေါနဲ့ ဝင်နိုင်အောင်လို့ အဓိက ကျနော်တို့က IP Law (Intellectual Property) တွေကို မြန်မြန်ဆန်ဆန် ပြဌာန်းပေးရမယ်။ Competition Law - ယှဉ်ပြိုင်မှု ဥပဒေတွေလည်း ပြဌာန်းပြီးပြီ။ နောက် စားသုံးသူကာကွယ်ရေး ဥပဒေ။ ဒါတွေအားလုံးနဲ့ ဥပဒေတွေနဲ့ စီစစ်ပြီးမှ အရည်အသွေးနိမ့်တဲ့ ဆေးဝါးတွေ၊ အရည်အသွေးနိမ့်တဲ့ အစားအသောက်တွေကို ကျနော်တို့ ကြပ်မတ်ပြီးတော့၊ အရည်အသွေးမြှင့်တဲ့ ဆေးဝါးတွေ၊ ပစ္စည်းတွေသုံးတဲ့ အဆင့်အထိရောက်အောင် ကျနော်တို့ စီးပွားရေး မူဝါဒတွေကို ပြုပြင်ပြောင်းလဲပေးရမယ်။
ဒေါ်ခင်မျိုးသက် ။ ။ အနောက်တိုင်းနိုင်ငံတွေက အဓိကတော့ မြန်မာနိုင်ငံမှာ လိုအပ်နေတာလဲ - ကျန်းမာရေးဘက်မှာဆို ဆေးဝါး - ဉာဏမူပိုင်ခွင့်တွေကို့ ပြဌာန်းပေးရမယ်။ နောက်တခြားကိစ္စတွေကော - မြန်မာနိုင်ငံက အခု ကမ္ဘာနဲ့ ဆက်သွယ်နေတဲ့အချိန်မှာ အခုဆိုရင် အဆင်းရဲဆုံး နိုင်ငံလည်း ဖြစ်နေတယ်။ နည်းပညာအစ နိမ့်ကျနေတယ်။ ဒီတော့ မြန်မာနိုင်ငံအနေနဲ့ ဘာတွေပြုပြင်ဖို့ လိုအပ်နေပါလဲ။ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီ။
ဦးအေးလွင် ။ ။ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ဖြစ်စေ၊ စီးပွားဖွံ့ဖြိုး တိုးတက်ရေးဖြစ်စေ၊ လမ်းပန်ဆက်သွယ်ရေး ကောင်းမွန်တယ်ဖြစ်စေ - အဓိက ကိုယ့်ကိုယ်ကို အရင်ပြင်ရမယ်။ ပြည်သူတွေလည်း ပြင်ရမယ် - စိတ်ဓါတ်တွေ - Mindset တွေ ပြင်ရမယ်။ ကိုယ့်ရဲ့ Ethics တွေ ပြင်ရမယ်။ ကျင့်ဝတ်တွေ - ဘယ်သူက ဘာကျင့်ဝတ်လဲ။ ကိုယ့်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်ရမယ်။ ပြည်ကြီးသား ပီသတဲ့ အလေ့အကျင့်တွေ လုပ်ရမယ်။ တယောက်နဲ့တယောက် မနာလိုစိတ်တွေ ထားတာတွေကို လျှော့ပါးပြီးတော့၊ မတူတာတွေ ဘေးဖယ်၊ တူတာတွေ စုပြီးတော့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတွေကို လုပ်ရမယ်။ အရေးကြီးဆုံးအချက်က ပညာရေး။ ပညာရေးကို ပြန်လည်ပြီးတော့ ဘယ်လို တိုးတက်အောင် လုပ်မလဲဆိုတာကို ဦးစားပေးရမယ်။ ပညာရေးက Longterm Plan ထဲမှာ ပါပေမယ့် Startup Program ထဲမှာ Vocational Training ခေါ်တဲ့ အလုပ်ခွင်သင်တန်းတွေ ပြန်ဖွင့်ပေးရမယ်။ အထူးသဖြင့် Nurse သင်တန်းတို့၊ သားဖွားသင်တန်းတို့၊ လက်သမားသင်တန်း၊ ပန်းရံသင်တန်း၊ လျှပ်စစ်ပစ္စည်း တပ်ဆင်ရေးသင်တန်း စသည်ဖြင့် နိုင်ငံတကာ အသိအမှတ်ပြုတဲ့ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် - ဒီအဆင့်တွေ ရောက်အောင်လို့ အထက်တန်းအဆင့်၊ ဒီပလိုအဆင့်၊ နောက်ဆုံး ဘွဲ့ရတဲ့အဆင့်တွေကိုပဲ ဒါတွေအားလုံး တခေတ်တခါက အကြောင်းအမျိုးမျိုးကြောင့် ပိတ်ခဲ့တဲ့ နည်းပညာတက္ကသိုလ်၊ နည်းပညာအထက်တန်းကျောင်းတွေ၊ နည်းပညာအခြေခံကျောင်းတွေ - ခုနစ်တန်းအောင်ရင် သွားလို့ရတဲ့ကျောင်းတွေ၊ ကိုးတန်းအောင်ရင် သွားလို့ရတဲ့ကျောင်းတွေ၊ ဆယ်တန်းအောင်ရင် သွားတက်လို့ရတဲ့ ဖြတ်လမ်းနည်း-ရေတို … အဲဒီမှတဆင့် တကယ့်အဆင့်မြင့်တက္ကသိုလ်တွေ သွားနိုင်မယ့် နဂို Bridge Industry ခေါ်တဲ့ ကျောင်းတွေကို ပြန်လည်ဖော်ထုတ်ဖို့ လိုပါတယ်။
ဒေါ်ခင်မျိုးသက် ။ ။ မြန်မာနိုင်ငံဆိုရင် အာဆီယံဒေသထဲမှာ ရှိပါတယ်။ အာဆီယံ ဆယ်နိုင်ငံထဲမှာ ပါတယ်။ တိုးတက်မှုကလည်း အနည်းဆုံးထဲမှာ ပါပါတယ်။ ဆိုတော့ ဒီ အာဆီယံနိုင်ငံတွေထဲမှာမှ တိုးတက်မှု များနေတဲ့ နိုင်ငံတွေနဲ့ နည်းနေတဲ့ နိုင်ငံတွေ ပေါင်းကူးနိုင်အောင် ကြိုးစားနေတာ ရှိပါတယ်။ မြန်မာနိုင်ငံဘက်က လုပ်ဖို့ လိုအပ်နေတာ ဘာများတွေ့ပါလဲ။
ဦးအေးလွင် ။ ။ အဲဒါ ဘာလဲဆိုတော့ AEC လို့ ခေါ်တယ်။ ၁၉၀၅ ခုနှစ်လောက် စတင်ပြီးတော့ အကောင်အထည်ဖော်တဲ့ အာဆီယံ (၆) နိုင်ငံကစတဲ့ ၂၀၂၀ မှာ သူတို့ လုပ်ကြမယ့် One ASEAN country, One Product ဖြစ်အောင် လုပ်ကြမယ်ဆိုတဲ့ Plan ထဲမှာ ကျနော်တို့နောက်က ဗိယက်နမ်လည်း ကျော်တက်သွားပါပြီ။ လာအို၊ ကမ္ဘောဒီးယားကလည်း အချို့ဟာတွေ လိုက်ပါဆောင်ရွက်နေတာ ကျနော်တို့က အားနည်းနေသေးတယ်။ အဲဒါ ကျနော်တို့ရဲ့ စီးပွားရေး မူဝါဒတွေ၊ ဌာနတခုနဲ့ တခု ပူးပေါင်းဆောင်ရွက်မှုတွေ၊ လုပ်ငန်းရှင်နဲ့ အစိုးရ ပူးပေါင်းဆောင်ရွက်မှုတွေ အားနည်းနေလို့ ဖြစ်တာပါ။ အဓိကတော့ AEC ခေါ်တဲ့ ASEAN Economic Community ကို ကျနော်တို့ ယှဉ်ပြိုင်နိုင်အောင်၊ ဝင်နိုင်အောင် ကျနော်တို့ဘက်က အသေးစား၊ အလတ်စားတွေကို အားပေးရမယ်။ အဲဒီ အသေးစား၊ အလတ်စားတွေကို အားပေးဖို့က ပါးစပ်ကနေ အားပေးတာထက်၊ လက်တွေ့အားပေးရမယ်။ ဘဏ်ငွေကြေးစနစ်တွေ ပြုပြင်ပေးရမယ်။ သူတို့ရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ဖြစ်ပေါ်အောင် တည်ထောင်တဲ့ အလုပ်အကိုင် အကြီးကြီး၊ အသေးသေး၊ အလတ်လတ် မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင် က အစ ဘယ်လို အားပေးရမလဲဆိုတဲ့ တကယ့်အားပေးတာ။ လေနဲ့ အားပေးတာတွေ မလုပ်သင့်တော့ဘူး။ တော်လောက်ပြီ။ ဘယ်လို အားပေးရမလဲဆိုတဲ့ စနစ် - ဥပမာ စက်ရုံတခုထောင်မယ်၊ ဆိုင်တခု ဖွင့်ချင်ရင် မြေ ဘယ်မှာလဲ။ မြေ လိုက်ရှာရတဲ့အလုပ်၊ မှတ်ပုံတင် လိုက်တင်ရတဲ့ အလုပ်။ လိုင်စင် လိုက်လျှောက်ရတဲ့ အလုပ်တွေအစား တထိုင်တည်း၊ တနေရာတည်းမှာ ဆောင်ရွက်ပေးတဲ့ ဌာနတွေ ရှိရမယ်။