Burma Campaign UKရဲ့နာမည်ပျက်စာရင်းသစ်မှာ မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့နိုင်ငံတကာကုမ္ပဏီ ၃၈ ခုထည့်သွင်း

Google၊ Apple၊ Huawei စတဲ့ ကမ္ဘာ့နည်းပညာ ကုမ္ပဏီကြီးတွေအပါအဝင် ကုမ္ပဏီပေါင်း ၃၈ ခုကို မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းမှာ ပတ်သက်ဆက်စပ်မှုရှိနေတဲ့အတွက် နောက်ထပ် နာမည်ပျက်စာရင်း အသစ်အဖြစ် ဗြိတိန်အခြေစိုက် Burma Campaign UK က ဒီကနေ့ အင်္ဂါနေ့မှာ ထည့်သွင်းကြေညာလိုက်ပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေတယ်လို့ စွပ်စွဲခံထားရတဲ့ မြန်မာစစ်တပ်နဲ့ ဆက်စပ်လုပ်ကိုင်မှုတွေ ဆက်ပြီးမလုပ်အောင်ဖိအားပေးတာဖြစ်ပြီး ပစ်မှတ်ထားပိတ်ဆို့မှုတွေ မလုံလောက်သေးဘူးဆိုတာ အနောက်နိုင်ငံအစိုးရတွေကို ချပြတာဖြစ်တယ်လို့ Burma Campaign UK ရဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကို ပြောပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ ကုမ္ပဏီပေါင်း ၄၉ ခုကို နာမည်ပျက် Dirty List စာရင်းအဖြစ် ၂၀၁၈ခုနှစ် ဒီဇင်ဘာလက Burma Campaign UK က ထုတ်ပြန်ခဲ့ပြီးနောက် အခု သြဂုတ်လ (၂၀)ရက်နေ့မှာ နောက်ထပ် ကုမ္ပဏီ အသစ် ၃၈ ခုရဲ့ အမည်တွေကို နာမည်ပျက် စာရင်းအဖြစ် ထပ်မံကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီကုမ္ပဏီ အသစ်တွေထဲမှာ အမေရိကန် နည်းပညာကုမ္ပဏီကြီးတွေဖြစ်တဲ့ Google နဲ့ Apple အပါအဝင် ပြင်သစ် စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ EDF၊ ဗြိတိန်အခြေစိုက် အိမ်ယာမြေနဲ့ သယ်ယူ ပို့ဆောင်ရေး ကုမ္ပဏီဖြစ်တဲ့ Peel Group၊ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Huawei နဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ TPG Capital တို့ပါဝင်နေပါတယ်။

Burma Campign UK အနေနဲ့ နောက်ထပ် သုတေသနပြု အချက်အလက်တွေကို ရှာဖွေပြုစုရာမှာ အခုလို ကမ္ဘာ့နာမည်ကြီး ကုမ္ပဏီတွေဟာ မြန်မာစစ်တပ် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ လုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တဲ့အတွက် အခုလို ကုမ္ပဏီပေါင်း ၃၈ခုရဲ့ အမည်စာရင်းတွေကို နောက်တိုးအဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ကြောင်း အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ပြောပါတယ်။

“မြန်မာစစ်တပ် တစိတ်တပိုင်း ပိုင်ဆိုင်တဲ့ Mytel မိုဘိုင်းလ်ဖုန်း ကုမ္ပဏီရဲ့ Application တွေအတွက် Apple ကုမ္ပဏီက လက်ခံဝန်ဆောင်မှုပေးတဲ့အတွက် သူ့ကို နာမည်ပျက်စာရင်းထဲမှာ ကျနော်တို့ ထည့်ခဲ့တာပါ။ နောက်ထပ် နာမည်ပျက်စာရင်းသစ်ထဲမှာ ပါနေတဲ့ Google ဆိုရင်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် မြန်မာစစ်တပ်အတွက် အင်တာနက် Application တွေအသုံးပြုနိုင်အောင် လက်ခံခဲ့ပါတယ်။ အမေရိကန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီကြီးတခု ဆိုရင်လည်း စစ်တပ်ပိုင် Mytel ကုမ္ပဏီအတွက် အဓိက လုပ်ပေးနေတဲ့ ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီကြီးနှစ်ခုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

နာမည်ပျက်စာရင်းအသစ်အဖြစ် Burma Campaign UK က ထုတ်ပြန်တဲ့ ကုမ္ပဏီ ၃၈ခုထဲမှာ စစ်တပ်နဲ့ တိုက်ရိုက်မဟုတ်ပဲ တနည်းတဖုံဆက်စပ်နေတဲ့ ဥရောပနိုင်ငံက ကုမ္ပဏီတွေရဲ့ အမည်တွေကိုလည်း ဖေါ်ပြထားပါတယ်။ ဒီလို စာရင်းပြုစုထုတ်ပြန်နိုင်ဖို့ အထောက်အထား အချက်အလက်တွေကို ဘယ်လိုပြုစုခဲ့သလဲဆိုတာကို Mark Farmaner က အခုလိုရှင်းပြပါတယ်။

“နာမည်ပျက်စာရင်းထဲ ပါနေတဲ့ ကုမ္ပဏီအားလုံးကို ကျနော်တို့ စာရင်းအဖြစ် မထုတ်ပြန်ခင် အရင်ဆုံး ဆက်သွယ်ခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ ဖက်စပ်လုပ်ကိုင်မှုပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုပေးတာပဲဖြစ်ဖြစ် ကျနော်တို့က အထောက်အထားတွေ့ခဲ့တယ်ဆိုရင် ဥပမာ- စစ်တပ်ကိုယ်တိုင် ဒါမှမဟုတ် စစ်တပ်ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် အင်တာနက်ဆက်သွယ်ရေးနေရာအဖြစ် အသုံးပြုခွင့်ပေးတဲ့ Apple၊ Google၊ Facebook တို့လိုမျိုး ကုမ္ပဏီတွေကို ကျနော်တို့ အရင်ဆုံး အီးမေးလ်နဲ့ ဆက်သွယ် ကျနော်တို့ တွေ့ရှိချက်တွေကို ပေးပို့ခဲ့ပါတယ်။ ကျနော်တို့အဖွဲ့ ဘာတွေလုပ်နေလဲဆိုတာ ရှင်းပြထားသလို၊ စစ်တပ်နဲ့ ဆက်စပ်လုပ်ဆောင်မှုတွေ ရပ်တန့်ဖို့ နည်းလမ်းတွေ တင်ပြထားပြီး၊ တကယ်လို့ အဖွဲ့က ရထားတဲ့ အချက်အလက်တွေ မှားယွင်းနေတယ်ဆိုရင်လည်း အသိပေးဖို့ ဆိုတာတွေ ရေးသားပေးပို့ခဲ့ပါတယ်။”

တချို့ ကုမ္ပဏီတွေကတော့ Burma Campaign UK ကို အကြောင်းပြန်ခဲ့ကြပြီး သူတို့အနေနဲ့ မြန်မာ စစ်တပ်နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေနဲ့ အလုပ်လုပ်နေတယ်ဆိုတာ သဘောမပေါက်ခဲ့မိကြောင်းနဲ့ သူတို့ဘက်က ဒီလိုဆပ်စပ်ပတ်သက်နေတာတွေကို အဆုံးသတ်မှာဖြစ်တဲ့အတွက် သူတို့ ကုမ္ပဏီတွေရဲ့ အမည်တွေကို နာမည်ပျက်စာရင်းမှာ ထည့်သွင်းဖေါ်ပြခြင်းမပြုဖို့ ပြန်ပြီးဆက်သွယ် ပြောဆိုခဲ့တာတွေရှိခဲ့တယ်လို့ Mark Farmaner ကပြောပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအများစုကတော့ သူတို့ အီမေးလ်စာတွေကို လျစ်လျူပြုထားကြပြီး Burma Campign UK က အများသိအောင် ထုတ်ပြန်ပြီးနောက်မှ သူတို့ကို ဆက်သွယ်လာကြတယ်လို့ Mark Farmaner ကဆိုပါတယ်။

အခုလို နာမည်ပျက်စာရင်းထုတ်ပြန်လိုက်တဲ့အတွက် ထိရောက်မှုရှိမရှိဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့တော့ သူက အခုလို ပြောပါတယ်။

“နာမည်ပျက်စာရင်းထုတ်ပြန်လိုက်တဲ့အတွက် ထိရောက်မှု နှစ်ပိုင်းရှိမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ စစ်တပ်နဲ့ ပူးပေါင်း စီးပွားရေးလုပ်နေတဲ့ ဒါမှမဟုတ် ပဋိပက္ခဖြစ်နေတဲ့ နေရာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်နေတဲ့ လုပ်ငန်းတွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကို သူတို့လုပ်နေတဲ့ လုပ်ငန်းတွေ ရပ်တန့်အောင် ဖိအားပေးဖို့ဖြစ်ပါတယ်။ Vissa၊ Newtech၊ Engie စတဲ့ ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ စစ်တပ်နဲ့ ပတ်သက်နေတဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်တန့်ခဲ့ပါတယ်။ နောက်တပိုင်းကတော့ အစိုးရတွေကို ကျနော်တို့ ပြောချင်တာက စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကိုပါ ပိတ်ပင်ဖို့၊ ဒဏ်ခတ်အရေးယူဖို့ အရေးကြီးတယ်ဆိုတာပါ။ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး မစ်ရှင်း FFM ကလည်း ကုမ္ပဏီတွေရဲ့ စာရင်းကို ပြုစုထုတ်ပြန်ထားသလို၊ အစိုးရတွေကိုလည်း ဒီကုမ္ပဏီတွေကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုထားပါတယ်။”

မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်မှုရှိနေတာဟာ တရုတ်၊ အာရှ နိုင်ငံတွေက ကုမ္ပဏီတွေပဲလို့ အရင်က မြင်ကြပေမယ့် အခု သူတို့ ထုတ်ပြန်လိုက်တဲ့ နာမည်ပျက်စာရင်းအရ အမေရိကန်၊ ဥရောပနဲ့ နိုင်ငံတကာက ကုမ္ပဏီတွေပါ မြန်မာစစ်တပ်နဲ့ စီးပွားရေးအရ ဆက်စပ်လုပ်ကိုင်နေတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ Mark Farmaner ကဆိုပါတယ်။

ကုမ္ပဏီ ၃၈ခုရဲ့ အမည်တွေကို နာမည်ပျက်စာရင်းအသစ်အဖြစ် အင်္ဂါနေ့က Burma Camping UK ရဲ့ ထုတ်ပြန်ချက်မှာ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေမှုနဲ့ အခြားနာမည်ပျက်စာရင်းထဲရှိနေတဲ့ အိန္ဒိယအခြေစိုက် Adani ဆောက်လုပ်ရေး ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေနဲ့ ဖက်စပ်လုပ်ကိုင်လာနေကြောင်း ဖေါ်ပြထားသလို၊ ပြင်သစ်အခြေစိုက် EDG စွမ်းအင်ကုမ္ပဏီရဲ့ ရှမ်းပြည်နယ်က ရေကာတာ စီမံကိန်းတခုဟာ ပဋိပက္ခတွေနဲ့ ဆက်စပ်မှု ရှိနေကြောင်း၊ ဗြိတိန်အခြေစိုက် Peel Group ကုမ္ပဏီဟာ ရန်ကုန်မြို့က စစ်တပ်ပိုင် ဆိပ်ကမ်းတခုကို စီမံကွပ်ကဲနေကြောင်း၊ တရုတ်ပိုင် Huawei ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီဟာ စစ်တပ်ပိုင် Mytel ကုမ္ပဏီအတွက် အလုပ်လုပ်ပေးနေကြောင်း စတာတွေဖေါ်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့နိုင်ငံတကာကုမ္ပဏီ ၃၈ ခု နာမည်ပျက်စာရင်းသစ်မှာ Burma Campaign UK ထည့်သွင်း