ဗြိတိန် ဝန်ကြီးချုပ် ရွေးကောက်ပွဲစော ကျင်းပရေး အဆို လွှတ်တော် ပယ်ချ

Brexit အကျပ်အတည်းကြောင့် ဗြိတိန်နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာပဲ အချိန် စောပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို အောက်တို ဘာလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က အဆိုပြုတာကို ဗြိတိသျှ ပါလီမန်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံကရော ဥရောပ နှစ်ဘက်စလုံးကလည်း Brexit ကြောင့် ဖြစ်လာနိုင်တဲ့ အဆိုးဆုံး အခြေအနေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပါတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ Brexit ကြောင့် ပေါ်ပေါက်လာနိုင်တဲ့ အပြောင်းအလဲ တွေကိုရင်ဆိုင်နိုင်ဖို့ ဒေါ်လာ သန်း ၇၈၀ ကျော် ရှိတဲ့ သဘော၀ ဘေးအန္တရာယ် ရန်ပုံငွေကို အရေးပေါ် သုံးစွဲဖို့ အစီအစဉ်ကို ဥရောပ ကော်မရှင်က ကြေညာခဲ့သလို Brexit အတွက် နောက်ထပ် အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်း ထပ်တိုး သုံးစွဲဖို့ ပြောမယ်လို့ ကြေညာခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဗြိတိန်နိုင်ငံ ဥရောပ သမဂ္ဂက ထွက်ဖို့ကိစ္စ Brexit ကြောင့် မတည်မငြိမ် ဖြစ်နေခဲ့တဲ့ ဗြိတိန်နိုင်ငံရေးဟာ ဒီ သီတင်းပတ်အတွင်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson နဲ့ သူ့ကို ဆန့်ကျင်တဲ့ ပါလီမန် အမတ်တွေအကြား တင်းမာမှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာခဲ့ပါတယ်။

EU နဲ့ သဘောတူညီချက် ရသည်ဖြစ်စေ မရသည်ဖြစ်စေ EU က နုတ်ထွက်မယ်ဆိုတဲ့ ဝန်ကြီးချုပ် Johnson ရဲ့ အစီအစဉ်ကို ပါလီမန်မှာ ပိတ်ဆို့နိုင်ဖို့ အလားအလာ များလာပြီးတဲ့နောက်မှာ ဝန်ကြီးချုပ် Johnson က ရွေးကောက်ပွဲသစ်ကို အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ တောင်းဆိုခဲ့ပါတယ်။

“ အစိုးရ က အဆိုပြုတဲ့ ဥပေဒ မူကြမ်းတိုင်းကို အောက်လွှတ်တော်က ပယ်ချနေမယ်ဆိုရင် ကျွန်တော့်အစိုးရအနေနဲ့ အစိုးရရဲ့ တာဝန် ဝတ္တရားတွေကို ဆောင်ရွက်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အစိုးရရဲ့ အမြင်ကတော့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွေးကောက်ပွဲသစ်တစ်ရပ်ကို ကျင်းပဖို့ပါပဲ။ ”

ဝန်ကြီးချုပ် Johson ရဲ့ ဒီ အဆိုပြုချက် ကိုလည်း ဗြိတိသျှ ပါလီမန်အမတ် အများစုက ပယ်ချခဲ့တာကြောင့် ဗြိတိန် နိုင်ငံရေး ရှေ့မတိုး နောက်မဆုတ် သာဖြစ်တဲ့ အခြေအနေကို ရောက်ရှိလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဗြိတိန်နိုင်ငံ နုတ်ထွက်သွားရင် ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေ အတွက် ကြိုတင် ပြင်ဆင်မှုတွေကို ဥရောပ သမဂ္ဂရော ဗြိတိန်နိုင်ငံပါ ဆောင်ရွက်နေပါတယ်။ ဥရောပ အဖွဲ့ဝင်နိုင်ငံတွေ သဘာ၀ ဘေးအန္တရာယ် ကြုံရင် သုံးစွဲဖို့ အရန်ထားရှိတဲ့ ရန်ပုံငွေ အမေရိကန် ဒေါ်လာ သန်း ၇၈၀ ကို Brexit ကြောင့် ဖြစ်ပေါ်လာမယ့် အပြောင်းအလဲတွေကို ရင်ဆိုင်ရာမှာ အရေးပေါ် သုံးစွဲဖို့ ဥရောပ ကော်မရှင်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

Brexit ကိစ္စ ဥရောပရဲ့ ရပ်တည်ချက်ကိုလည်း ဥရောပ ကော်မရှင်အဖွဲ့ ပြောခွင့်ရ Mina Andreeva က အခုလို ပြောကြားခဲ့ပါတယ်။

“ အခု လောလောဆယ် လန်ဒန်မှာ နိုင်ငံရေး အလှည့်အပြောင်းတွေ အများကြီး ဖြစ်နေနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဥရောပရဲ့ ရပ်တည်ချက် ကတော့ မပြောင်းလဲပါဘူး။ ကျွန်မတို့ အနေနဲ့ ဝန်ကြီးချုပ် Johnson နဲ့ အလုပ် အတူ လက်တွဲ အလုပ်လုပ်ဖို့ ဆန္ဒ ရှိပါတယ်။ နုတ်ထွက်ရေးနဲ့ ပတ်သက်တဲ့ အရင်က သဘောတူညီထားချက်တွေနဲ့ ကိုက်ညီတဲ့ ဘယ်အဆိုပြုချက်ကို မဆို ကျွန်မတို့ စဉ်းစား ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။ ”

Brexit ကိစ္စ မရေမရာ ဖြစ်နေစဉ်မှာပဲ ဗြိတိန်နိုင်ငံ သဘောတူညီချက် မရဘဲ EU ကနေ နုတ်ထွက်သွားရင် စီးပွားရေး အရ ထိခိုက်နိုင်ခြေတွေနဲ့ ပတ်သက်ပြီး ပြောင်းလဲနေတဲ့ EU ထဲက ဗြိတိန်နိုင်ငံဆိုတဲ ခေါင်းစဉ်နဲ့ အစီရင်ခံစာ တစ်စောင်လည်း ထွက်ပေါ်လာပါတယ်။

အဲဒီ အစီရင်ခံစာအရ သဘောတူညီချက် မပါတဲ့ Brexit ကြောင့် ပေါင်စတာလင် ငွေကြေး တန်ဖိုး တစ်ရှိန်ထိုး ကျဆင်းနိုင်ခြေ ရှိတယ်လို့ သတိပေးထားပါတယ်။ လတ်ဆတ်တဲ့ အစားအစား ကုန်ပစ္စည်းတွေ ပြတ်လပ် သွားနိုင်ပြီး အထွေထွေ ကုန်ဈေးနှုန်းတွေလည်း တက်သွားနိုင်ကြောင်းကိုလည်း သတိပေးထားပါတယ်။

ဗြိတိန်နိုင်ငံ အစိုးရကတော့ အဲဒီ ခန့်မှန်းချက်ကို ငြင်းဆိုခဲ့ပြီး ဗြိတိန်နိုင်ငံ အနေနဲ့ EU ကနေ နုတ်ထွက်ဖို့ အဆင်သင့် ဖြစ်နေပြီ လို့လည်း ပြောပါတယ်။

ဗုဒ္ဒဟူးနေ့မှာတော့ ဗြိတိန် ဘဏ္ဍာရေးဝန်ကြီး Sajid Javid က Brexit အတွက် နောက်ထပ် ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ ထပ်ဆောင်း သုံးစွဲမယ်လို့ ကြေညာခဲ့တာကြောင့် Brexit အတွက် ဗြိတိန်နိုင်ငံ သုံးစွဲမယ့် ငွေကြေးဟာ အမေရိကန် ဒေါ်လာ ၁၀ ဘီလီယံ အထိ ရောက်ရှိသွားပြီ ဖြစ်ပါ တယ်။ ဗြိတိန် နောက်ဆုံး နှုတ်ထွက်မယ့် ရက် အောက်တိုဘာလ ၃၁ ရက် နီးကပ်လာတာနဲ့ အမျှ Brexit အရေး ဗြိတိန် နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေ မရောမှုတွေ ပိုမို မြင့်တက်လာကြောင်းပါ။

Your browser doesn’t support HTML5

ဗြိတိန် ဝန်ကြီးချုပ် ရွေးကောက်ပွဲစော ကျင်းပရေး အဆို လွှတ်တော် ပယ်ချ