ICJ အမှု ဗြိတိန်အစိုးရ တရားဝင်ကြိုဆို

(Zawgyi / Unicode)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာအပေါ် ကြားဖြတ် အရေးယူဆောင်ရွက်ချက် ချမှတ်ပေးဖို့ ICJ နိုင်ငံတကာတရားရုံးမှာ ဂမ်ဘီယာနိုင်ငံက စွဲချက်တင်ထားတဲ့ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး Heather Wheeler က ဇန်နဝါရီလ ၁၃ ရက်နေ့က ဗြိတိန်ပါလီမန်ကို ပြောကြားလိုက်ပါတယ်။

အခုလို ICJ ကိစ္စမှာ တရားဝင်ထောက်ခံကြောင်း ထုတ်ဖေါ်ပြောဆိုတဲ့ နိုင်ငံအနည်းငယ်ထဲ ဗြိတိန်ပါဝင်လာတဲ့အတွက် အားရမိကြောင်း ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့က အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မအင်ကြင်းနိုင်က တင်ပြပေးမှာပါ။

ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ မှာ ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွပ် စွဲချက်နဲ့ စွဲချက်တင်ထားတဲ့အပေါ် တရားဝင်သဘောထား ထုတ်ပြန်ဖို့ ဗြိတိန်အစိုးရဘက်က အရင်က ငြင်းဆိုခဲ့တာပါ။ အခုတော့ ICJ တရားရုံးဘက်က မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုရှိမရှိ စဉ်းစားဆုံးဖြတ်မယ့်ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရဘက်က တရားဝင် ထုတ်ဖေါ်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလ (၁၃)ရက်နေ့က ဗြိတိန်ပါလီမန်ကို စာနဲ့တုံ့ပြန်ဖြေကြားခဲ့တဲ့ ဗြိတိန်နိုင်ငံခြားရေးရုံးဝန်ကြီး Heather Wheeler ရဲ့စာထဲမှာတော့- the Hague တရားရုံးရဲ့ ဆောင်ရွက်ချက်တွေကို ဗြိတိန်အစိုးရ ဘက်က စောင့်ကြည့်နေကြောင်းနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့သလား၊ မဖြစ်ခဲ့ဘူးလား ဆိုတာကို ICJ နိုင်ငံတကာတရားရုံးဘက်က စဉ်းစားမှာကို ကြိုဆိုကြောင်း ဖေါ်ပြခဲ့ပါတယ်။

ဒါပေမယ့် ဗြိတိန်အစိုးရဘက်က လက်ရှိအချိန်မှာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာမှ ပါဝင်ပတ်သက်ခြင်း မရှိဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ ၂၀၁၇ခုနှစ် သြဂုတ်လက ကြောက်မက်ဖွယ်ကောင်းတဲ့ ဖြစ်ရပ်တွေအပေါ်မှာ အထူးစိုးရိမ်မကင်းဖြစ်မှုတွေကို ဗြိတိန်ဝန်ကြီးတွေဘက်က ထပ်ခါတလဲလဲ ထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်ပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်မှုတွေအတွက် ကျူးလွန်သူတွေကို အရေးယူသင့်ကြောင်းလဲ အဲဒီစာမှာ ဖေါ်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ICJ ကိစ္စပေါ်ပေါက်လာကတည်းက ဗြိတိန်အစိုးရရဲ့သဘောထား တရားဝင် ထုတ်ပြန်ဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက ဖိအားပေးခဲ့ပေမဲ့ ဒီအမှုကို သတိပြုမိကြောင်း လောက်ပဲ ဗြိတိန်အစိုးရဘက်က တုံ့ပြန်ခဲ့တာပါ။ ICJ ကိစ္စနဲ့ပတ်သက်ရင် နိုင်ငံအတော်များများသတိထား တုံ့ပြန်တဲ့အထဲမှာ အခုလို ဗြိတိန်အစိုးရက သဘောထား ပြောင်းလဲပြီး တရားဝင် ထုတ်ဖေါ် ပြောလာတာဟာ သိသာတဲ့ ပြောင်းလဲမှုကြီးဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ အမှုဆောင်ညွန်ကြားရေးမှူး Mark Farmaner က ဗွီအိုအေကိုပြောပါတယ်။

“အခုတော့ ဗြိတိန်အစိုးရက ICJ အမှုကို ကြိုဆိုကြောင်း ပြောလာရပါပြီ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ICJ တရားရုံးမှာ ကြားနာပွဲတွေမတိုင်ခင် ကနေဒါနဲ့ နယ်သာလန်နိုင်ငံတွေက သူတို့ထောက်ခံကြောင်း တရားဝင် ထုတ်ဖေါ်ပြောဆိုလာတာနဲ့ အတူတူပါပဲ။ နောက်ပြီး ဒီတခေါက်မှာ ICJ ကိစ္စကို ကြိုဆိုကြောင်း ဗြိတိန်အစိုးရဘက်က တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ ကြေညာချက်ကို ဗြိတိန်အစိုးရက အများပြည်သူသိစေတဲ့ ကြေညာချက်မျိုး မလုပ်ခဲ့ပေမဲ့ ဗြိတိန်ပါလီမန်ကို တရားဝင်စာနဲ့ နှစ်ကြိမ် သူတို့သဘောထားကို ရေးသားတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ဗြိတိန်အစိုးရနဲ့ပတ်သက်လို့ ကြီးမားတဲ့ ပြောင်းလဲမှုကြီးတခုဖြစ်ပါတယ်။”

ဒီအတောအတွင်း ICJ တရားရုံးကလည်း မြန်မာအပေါ် ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ချမှတ်မယ်လို့ ဂမ်ဘီယာတရားရေးဝန်ကြီးရုံးက အင်္ဂါနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ Mark Farmaner ရဲ့ အမြင်ကတော့

“ကြားဖြတ်အရေးယူဆောင်ရွက်ချက်တွေနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ICJ ဘက်က အတော်လေး မြန်မြန်ဆန်ဆန် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုတရားရုံးမျိုးဟာ အမှုကို ဆုံးဖြတ်စီရင်ရာမှာ ပုံမှန်အားဖြင့် အချိန်ယူကြာမြင့်လေ့ရှိပါတယ်။ ဒါပေမဲ့လည်း အခု ICJ က ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချမှတ်မယ့်ကိစ္စဟာ လမ်းကြောင်းတခုပေါ်ကို ယိမ်းသွားတာ၊ ဒါမှမဟုတ် အခြားတဘက်ကို ရွေးချယ်တာ မျိုးမဟုတ်ပါဘူး။ ကြားဖြတ်အမိန့်ကို ချမှတ်တာဖြစ်ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ခဲ့၊ မဖြစ်ခဲ့ဆိုတဲ့ ဆုံးဖြတ်ချက်ချမှတ်ဖို့အတွက် နှစ်တွေအများကြီး ကြာအုံးမှာဖြစ်ပါတယ်။”

ဂမ်ဘီယာက မြန်မာကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ထားတဲ့အမှုဟာ အတော်လေးခိုင်မာတယ်လို့ လူ့အခွင့်အရေးရှေ့နေ အများအပြားက သုံးသပ်ကြတယ်လို့ Mark Farmaner ကဆိုပါတယ်။

ဒါပေမယ့်လည်း ICJ တရားရုံးက နောက်ဆုံးမှာ ဘယ်လိုဆုံးဖြတ်ချက်ချမလဲဆိုတာကို ဘယ်သူမှ တိတိကျကျခန့်မှန်းနိုင်မှာ မဟုတ်ဘူးလို့ Mark Farmaner ကပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလက ICJ တရားရုံးကြားနာပွဲမှာ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကို ကိုယ်စားပြုပြီး ဦးဆောင်တင်ပြခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာစစ်တပ်ရဲ့ ပြစ်မှုကျူးလွန်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုအဆင့်ထိ မမြောက်ကြောင်းနဲ့ တရားရုံးကြားနာမယ့် အမှုစာရင်းထဲက ပယ်ဖျက်ပေးဖို့၊ ကြားဖြတ်အရေးယူဆောင်ရွက်တွေချမှတ်ဖို့ဆိုတဲ့ ဂမ်ဘီယာနိုင်ငံရဲ့ ပန်ကြားချက်ကို ပယ်ဖျက်ဖို့ စတဲ့အချက်တွေကို တရားရုံးကို တောင်းဆိုလျောက်လှဲခဲ့ပါတယ်။

Your browser doesn’t support HTML5

ICJ အမှု ဗြိတိန်အစိုးရ တရားဝင်ကြိုဆို



............................


(Unicode)











