မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲမှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကမာစိုင်ကျေးရွာအနီးက သံကူ ကွန်ကရစ်တံတား ဩဂုတ်လ ၂ရက် ဒီကနေ့မှာ မိုင်းပေါက်ကွဲမှုဖြစ်ပြီး ကျိုးကျသွားခဲ့တဲ့အတွက် ကားလမ်း ပိတ်ဆို့မှုတွေဖြစ်ခဲ့ပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းမှာရှိတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က ကမာစိုင် ကျေးရွာအနီးက သံကူ ကွန်ကရစ်တံတား ဒီကနေ့ မိုင်းပေါက်ကွဲမှုကြောင့် ကျိုးကျသွားခဲ့တဲ့အတွက် ကားကြီးတွေပိတ်ဆို့ကုန်ပြီး သွားလာလို့မရကြောင်း၊ ကားသေးတွေကတော့ ရွာပတ်လမ်းတွေကနေ ခက်ခက်ခဲခဲ သွားလာနေကြကြောင်း ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။
“ဒီနေ့မနက်မှာပဲ ၄နာရီဝန်းကျင်က၊ မနက် ၄နာရီလောက်မှာ မိုင်း ၃လုံးကွဲပါတယ်။ ဟိုတခေါက် ကျိုးသွားတဲ့တံတားနဲ့ သိပ်မဝေးဘူး။ ကမာစိုင် ရွာအနီးက တံတားဆိုတော့ ကမာစိုင်တံတားလို့ပဲ ပြောလို့ရတယ်။ ကမာစိုင်ရွာဘက်က တံတားပေါ့။ မနက်ပိုင်းကတော့ ကားလမ်းတွေ ပိတ်သွားတယ်။ ကားသေးတွေပဲ ရွာပတ်လမ်းတွေကနေ သွားလို့ရတယ်။ သိပ်အများကြီး သွားလို့မရဘူး။ ရွာတွေထဲမှာလည်း ရေတွေ ကျော်တာ(ရေကြီးတာ)ကြောင့် အကုန်လုံးက ဗွက်တွေဖြစ်နေလို့ သိပ်သွားလို့မရဘူး။ ရွာထဲမှာ ကားသိပ်သွားလို့မရဘူး။ ညနေဘက်မှာတော့ ပြန်ဖွင့်ပါပြီ။”
အခုမိုင်းခွဲခံရတဲ့တံတားကတော့ ရန်ကုန်-မော်လမြိုင် ကားလမ်း၊ မိုင်တိုင် အမှတ် ၃/၁၃၄ တံတားဖြစ်ပါတယ်။ မွန်ပြည်နယ်အတွင်းက တံတားငယ်လေးတွေ မိုင်းခွဲခံရတာ ဒါပါနဲ့ဆို ၅ ကြိမ်ထက်မနည်း ရှိနေပြီဖြစ်ကြောင်းကိုလည်း အဲဒီ ဒေသခံက အခုလို ဆက်ပြောပြပါတယ်။
“မစောတံတားဆိုလည်း ၂ ခေါက်လောက် အချိုးခံရတယ်။ ကျုံးအိတ်တံတားလည်း ၂ခေါက်လောက်၊ ၃ခေါက်လောက် အချိုးခံရတယ် ဆိုတော့လေ။”
အခုလို တံတားမိုင်းခွဲခံရတာနဲ့ ပတ်သက်လို့ ဘယ်သူတွေရဲ့လက်ချက် ဖြစ်တယ်ဆိုတာ အခုချိန်ထိ ထုတ်ဖော် ပြောဆိုတဲ့ အဖွဲ့အစည်း မရှိသေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
Your browser doesn’t support HTML5