ကမ္ဘာ့ဘဏ်၊ IMF တို့နဲ့ အပြိုင်လုပ်မယ့် BRICS ဖွံ့ဖြိုးတိုးတက်ရေးဘဏ်

BRICS ခေါင်းဆောင်များ။ ဝဲမှယာ - ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်၊ အိန္ဒိယဝန်ကြီးချုပ် နေရိန်ဒရာ မိုဒီ၊ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ်၊ တောင်အာဖရိက သမ္မတ ဂျက်ကော့ဘ် ဇူးမား။ ဇူလိုင် ၁၅၊ ၂၀၁၄။

ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့နဲ့အပြိုင် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်တခုနဲ့ အရေးပေါ် ကူညီထောက်ပံ့ရေး ရန်ပုံငွေအစီအစဉ်တခု ထူထောင်ဖို့ စီးပွားရေး ထွန်းသစ်စနိုင်ငံ ငါးနိုင်ငံအကြား မကြာသေးခင်က ပဲ သဘောတူခဲ့ကြပါတယ်။ အဲဒီ ဘဏ်သစ်နဲ့ ရန်ပုံငွေအစီအစဉ်သစ်က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေးကဏ္ဍအပေါ် ဘယ်လို သြဇာသက်ရောက်မှုမျိုးများ ရှိလာပါမလည်း၊ ဘဏ္ဍာငွေကြေးကဏ္ဍ ကျွမ်းကျင်သူတွေကရော ဒီအစီအစဉ်တွေအပေါ် ဘယ်လို များ မြင်ကြပါသလည်း စတာတွေနဲ့ပတ်သက်လို့ ရိုက်တာနဲ့ AP သတင်းဆောင်းပါးတွေအပေါ် အခြေခံပြီးတော့ ဒီသီတင်းပတ် စီးပွားရေးကဏ္ဍမှာ တင်ပြထားပါတယ်။

အနောက်နိုင်ငံတွေက လွှမ်းမိုးထားတဲ့ နိုင်ငံတကာ ဘဏ္ဍာငွေကြေးစနစ်ကို ပြန်ပြီးပုံဖော်ဖို့ ပထမဆုံး အခိုင်အမာအဆင့် တခုအဖြစ် ဒေါ်လာ ဘီလီယံ ၁၀၀ ကနဦးမတည်ငွေနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘဏ်တခုနဲ့ အရန် ရန်ပုံငွေ အစီအစဉ်တခုတို့ကို ထူထောင်ဖို့ BRICS လို့အတိုကောက်ခေါ်တဲ့ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိက နိုင်ငံငါးနိုင်ငံက ခေါင်းဆောင် တွေ ဇူလိုင်လ ၁၅ ရက်နေ့က သဘောတူခဲ့ကြတာပါ။

အသစ်ထူထောင်လိုက်တဲ့ BRICS ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် ဘဏ္ဍာငွေကြေး မြင်ကွင်းအနေအထား ကို သိသိသာသာ အပြောင်းအလဲဖြစ်စေလိမ့်မယ်လို့ BRICS ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ဘရာဇီးလ်သမ္မတ Delma Rousseff က ပေါ်တူဂီဘာသာစကားနဲ့ ပြောခဲ့တာပါ။

“ထည့်ဝင်မယ်လို့ ကတိကဝတ်ပြုထားတဲ့ ငွေပင်ငွေရင်းနဲ့အတူ မျှဝေလုပ်ဆောင်တဲ့ အုပ်ချုုပ်ရေးနဲ့ အားလုံး အတွက် တပြေးညီ ပါဝင်ခွင့်ရှိတဲ့ ဘဏ်တခုပါ။ ဒါက ဒီ BRICS ငါးနိုင်ငံရဲ့ ဘဏ္ဍာငွေကြေးအခြေအနေတွေကို ပြောင်းလဲစေပါ တယ်။ ဒါလောက်နဲ့ ကျေနပ်စရာ မကောင်းသေးဘူးလားရှင် ? ဒေါ်လာဘီလီယံ ၁၀၀ ကို အရန်ထားဖို့ သဘောတူညီချက်ရတဲ့ အပြင် ပြောခဲ့တဲ့အချက်တွေက ကျေနပ်စရာ မကောင်းပေဘူးလား။”

ဖွံ့ဖြိုးဆဲနိုင်ငံတွေက အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်းတွေကို ရန်ပုံငွေထောက်ပံ့ဖို့ရည်ရွယ်တဲ့ ဒီ ဘဏ် သစ်ကို တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့မှာ ပထမဆုံး အခြေစိုက်ဖွင့်လှစ်မှာဖြစ်ပြီး ပထမငါးနှစ်မှာ အိန္ဒိယ၊ အဲဒီနောက် ဘရာဇီးလ်၊ ရုရှား စသည်ဖြင့် တာဝန်ယူ လည်ပတ်သွားမှာပါ။ ဒါပေမဲ့လည်း ရုံးချုပ်ကို ဘယ်မှာထားမယ်၊ ဘဏ်ဥက္ကဋ္ဌအဖြစ် ဘယ်နိုင်ငံသားက စပြီး တာဝန်ယူမယ် စတဲ့ကိစ္စတွေအပေါ် သဘောတူညီချက်တွေကို အလွယ်တကူ ရခဲ့ကြတာတော့မဟုတ်ပါဘူး။

အိန္ဒိယနဲ့တရုတ်နိုင်ငံအကြား ကွဲလွဲမှုတွေကြောင့် နောက်ဆုံးအချိန်ထိ စေ့စပ်ညှိနှိုင်းပြီးမှ သဘောတူခဲ့ကြတာပါ။ စကားတွေကနေ ခိုင်မာတဲ့ လက်တွေ့ လုပ်ဆောင်မှုဖြစ်လာဖို့ ခက်ခဲစေခဲ့တဲ့ ဒီငါးနိုင်ငံကြားမှာရှိနေတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးဆိုင်ရာ သိသာထင်ရှား တဲ့ ကွဲပြားမှုတွေ လျော့ပါးသွားအောင် လုပ်ဆောင်ရေး သိပ်မလွယ်လှဘူးဆိုတာကို အဲဒီ သောင်မတင်ရေမကျ အခြေအနေက ထင်ဟပ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ်နဲ့ အရေးပေါ် အရန် ရန်ပုံငွေတရပ် ထူထောင်လိုက်တာကို အများအားဖြင့်ကတော့ ကြိုဆိုကြပါတယ်။

“ကမ္ဘာ့ဘဏ် ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့မှာ ဆုံးဖြတ်ချက် ချနိုင်တဲ့အာဏာ လိုချင် တယ်ဆိုရင် သတ်မှတ်ချက်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ BRICS မှာတော့ ဒီအချက်က ပြဿနာရှိမှာမဟုတ်ပါဘူး။ ဒါက အရေးအကြီးဆုံး အချက်ပါပဲ။”

ဘရာဆီးလ်လီယာတက္ကသိုလ်၊ နိုင်ငံတကာဆက်ဆံရေးအင်စတီကျူက ပါမောက္ခ Roberto Menezes က ပေါ်တူဂီဘာသာ စကားနဲ့ ပြောတာပါ။

BRICS နိုင်ငံတွေဟာ တကမ္ဘာလုံး စီးပွားရေးထုတ်လုပ်မှုရဲ့ ငါးပုံတပုံရှိပြီး တကမ္ဘာလုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ ထက်ဝက်ကို ကိုယ်စားပြုပါတယ်။ ဒါပေမဲ့လည်း IMF အဖွဲ့မှာ သူတို့ရဲ့ကိုယ်စားပြုမှုဟာ သူတို့ရဲ့ တိုးပွားလာနေတဲ့ စီးပွားရေးအင်အားနဲ့ မကိုက် ညီလှပါဘူး။ ပါမောက္ခ Menezes က -

“ဒါ့အပြင် အရေးပေါ်ရန်ပုံငွေ ထူထောင်ထားတာက BRICS နိုင်ငံတွေအနေနဲ့ ဘယ်လို ဘဏ္ဍာငွေကြေး အကျပ် အတည်းမျိုးမဆို ကြုံလာရတဲ့အခါ ရင်ဆိုင်နိုင်မှာဖြစ်သလို IMF အပေါ် သူတို့ရဲ့မှီခိုမှုကိုလည်း လျှော့ချနိုင်မှာပါ။”

ကမ္ဘာ့ဘဏ်လို အဖွဲ့အစည်းမျိုးတွေကပေးတဲ့ ချေးငွေတွေဟာ အမြဲလိုပဲ ချည်နှောင်ထားတဲ့ကြိုးတွေ တွဲပြီးပါလာတယ်လို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ စောဒကတက်လာတာ ကြာလာခဲ့ပြီဖြစ်ပြီး ဒီအဖွဲ့အစည်းတွေကို ပြုပြင်ပြောင်းလဲဖို့ လှုံ့ဆော်ပြောဆိုထားကြတာပါ။

“BRICS နိုင်ငံတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဘဏ်သစ်နဲ့ အရေးပေါ် အရန် ရန်ပုံငွေအစီအစဉ်ဟာ အဲဒီ မြောက်ပိုင်း နိုင်ငံတွေကနေ လုံးဝကို သီးခြားလွတ်လပ်ပါတယ်။ ဒါကြောင့် အခုလို ထူထောင်လိုက်တာက ကမ္ဘာကြီးအနေအထားအပေါ် သိသိသာသာကို သြဇာလွှမ်းမိုးမှုရှိပါလိမ့်မယ်။ အထူးသဖြင့်တော့ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာငွေကြေးအနေအထားအပေါ် ဖြစ်ပါတယ်။”

ထွန်းသစ်စဈေးကွက်တွေအတွက် အခြေခံအဆောက်အအုံ တည်ဆောက်ရေးဆိုင်ရာ ရန်ပုံငွေထောက်ပံ့ရေး အစီအစဉ်တရပ်ကို ထူထောင်လိုက်တာဟာ ခိုင်မာပြီးသား ရန်ပုံငွေထောက်ပံ့ရေး အဖွဲ့အစည်းတွေမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ နှေးကွေးလွန်းနေတဲ့ အပေါ် သူတို့ရဲ့ မကျေမနပ် အားမလိုအားမရဖြစ်မှု တိုးလာနေတဲ့အပေါ် BRICS နိုင်ငံတွေရဲ အဖြေရှာပုံရှာနည်း ပြောင်းလဲသွား တာဖြစ်ပါတယ်။

“ဒီပြုပြင်ပြောင်းလဲရေးဟာ အမေရိကန် ဒါမှမဟုတ် ဥရောပက လာတာမဟုတ်ဘဲ စီးပွားရေးထွန်းသစ်စ နိုင်ငံ တွေကနေလာတယ်ဆိုတာက သိပ်ကိုအရေးကြီးပါတယ်။”

ဘဏ်ရဲ့မတည်ငွေကို စတင်ထူထောင်သူငါးနိုင်ငံအကြား ဒေါ်လာ ဘီလီယံ ၅၀ စီ အညီအမျှထည့်ဝင်ပြီး ကနဦးထည့်ဝင်ငွေ ဒေါ်လာ ၁၀ ဘီလီယံကို ခုနစ်နှစ်အတွင်း ငွေသားနဲ့ထည့်ဝင်ပြီးတော့ ကျန် ဒေါ်လာ ဘီလီယံ ၄၀ ကို အာမခံစာချုပ်တွေအဖြစ် ထည့်ဝင်ရမှာပါ။

၂၀၁၆ ခုနှစ်မှာ ငွေချေးလုပ်ငန်းစတင်ပြီး တခြားနိုင်ငံတွေကိုလည်း အဖွဲ့ဝင်အဖြစ် လက်ခံမှာဖြစ်ပေမယ့် BRICS နိုင်ငံတွေရဲ့ ငွေပင်ငွေရင်းအစုရှယ်ယာကတော့ ၅၅% အောက် မလျော့ရဘူးလို့ သတ်မှတ်ထားပါတယ်။

ဒီ ဖွံဖြိုးတိုးတက်ရေးဘဏ် ထူထောင်ရေး ညှိနှိုင်းဆွေးနွေးတာတွေဟာ နှစ်နှစ်ကျော် ကြာခဲ့ပါတယ်။ အဓိကအချက်ကတော့ ငွေထုတ်ချေးသူအနေနဲ့ တခြားနိုင်ငံတွေထက် ပိုပြီးများများထုတ်ချေးခွင့်ရဖို့ တရုတ်နိုင်ငံက ကြိုးစားတာကို ဘရာဇီးလ်နဲ့ အိန္ဒိယ နိုင်ငံတွေက လက်မခံခဲ့ကြတာပါပဲ။

အဆုံးမှာတော့ ဘဏ် စဖွင့်တဲ့အခါမှာ တန်းတူညီမျှ ဝေစုအတိုင်းထားဖို့ သဘောတူပြီး စေ့စပ်ညှိနှိုင်းပွဲမှာ ဘရာဇီးလ်နဲ့ အိန္ဒိယတို့ အနိုင်ရခဲ့ပါတယ်။ ဒါပေမဲ့လည်း ကမ္ဘာ့ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ ပြည်ပမှာ သူ့ရဲ့နိုင်ငံရေး သြဇာကိုချဲ့ထွင်ဖို့ ဘဏ်ပေါ်မှာ ပိုပြီးကြီးမားတဲ့ သြဇာအရှိန်အဝါလွှမ်းမိုးရေး ကြိုးစားလာနိုင်ဖွယ်ရှိတယ်ဆိုတဲ့ စိုးရိမ်စိတ်တွေက ရှိနေဆဲပါ။ လောလောဆယ်မှာတော့ လာမယ့် နှစ်ပေါင်း ၂၀ အထိ တရုတ်နိုင်ငံဟာ ဘဏ်အကြီးအကဲရာထူးကို ထမ်းဆောင်ခွင့် ရဦးမှာ မဟုတ်သေးပါဘူး။