ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ကယားပြည်နယ်ဝန်ကြီးချုပ် ငြင်းဆို

ဗိုလ်ချုပ်ကြေးရုပ်

ကယားပြည်နယ် လွိုင်ကော်မြို့တော်မှာ ဗိုလ်ချုပ်ကြေးရုပ် စိုက်ထူထားတဲ့ အစီအစဉ်အပေါ် ကန့်ကွက်မှုတွေ ကြုံနေရတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေဟာ ပြေလည်မှုမရဘဲ ဒီနေ့ပဲ အဆုံးသတ်သွားပါတယ်။ ဆွေးနွေးမှုတွေ တဝက်တပျက်နဲ့ အဆုံးသတ်ခဲ့တဲ့အတွက် နောက်ဆက်တွဲ တင်းမာမှုတွေ ပေါ်ပေါက်လာမှာ စိုးရိမ်မှုတွေလည်း ရှိနေတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြေးရုပ်ရေးနဲ့ ပတ်သတ်လို့ ပြည်နယ်အစိုးရနဲ့ ကရင်နီပြည်လူငယ် အင်အားစု သပိတ်ကော်မတီ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပေမဲ့ ဒီနေ့မှာတော့ သဘောတူညီချက် တစုံတရာ မရဘဲ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က တွေ့ဆုံပွဲမှာ ဆက်လက်ညှိနှိုင်းဖို့ သဘောတူထားတဲ့ ပြည်နယ်ဝန်ကြီးချုပ်က ဗိုလ်ချုပ်ကြေးရုပ်ကို လက်ရှိနေရာကနေ ဖယ်ရှားဖို့ အစီအစဉ်မရှိကြောင်း ဒီနေ့တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းမှာ ပြောလိုက်ရာက ဆွေးနွေးမှုတွေ ပျက်ခဲ့တာပါ။ ပြည်နယ်အစိုးရအနေနဲ့ ကန့်ကွက်သူတွေနဲ့ ညှိနှိုင်းနေပေမဲ့ ဖယ်ရှားပေးဖို့ မူလကတည်းက သဘောထားမရှိကြောင်းလည်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ရွှေ့ပြောင်းပေးမယ်လို့ အစကတည်းကဘယ်သူကပြောလို့တုန်း ထားတဲ့သူတွေက ထောက်ခံတဲ့သူတွေကထားပြီးပြီ တည်ဆောက်ရေးကော်မတီက တည်ဆောက်ပြီးပြီ ဖွင့်ပွဲတွေလုပ်ပြီးပြီ အဲဒီတော့ ဘယ်သူကရွှေ့ပေးမယ်ပြောလို့တုန်း၊ ဘာလို့ရွှေ့ချင်တာတုန်း၊ မရွှေ့ဖို့အတွက် အစိုးရအဖွဲ့က ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးမှာ တာဝန်ရှိတယ်လေ။ အဲဒီအတွက်ကြောင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ဖို့ကိုပဲ ဆွေးနွေးတာပေါ့။ ကျနော်တို့က သူတို့ကို သဘောထားကြီးစွာနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ဖို့အတွက် တိုင်းရင်းသားအရေး ပြည်နယ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ပေးနိုင်ဖို့အတွက် ဆွေးနွေးပြီးပြီလေ။ ဆွေးနွေးဖို့ အခွင့်အလမ်းတွေ ပေးနေတယ်လေ။ ဒီအပေါ်မှာ မဆွေးနွေးဘူးဆိုတော့ ကျနော်တို့က ဘာလုပ်ပေးရမှာလဲ။”

ဆွေးနွေးပွဲ ပျက်ခဲ့ပြီးနောက် ကြေးရုပ်စိုက်ထူမှုကို ကန့်ကွက်နေကြတဲ့ ကရင်နီလူငယ်တွေဘက်ကလည်း ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းနေတဲ့ သပိတ်ကော်မတီကို ဖျက်သိမ်းကြောင်း ချက်ချင်းဆိုသလို ကြေညာချက်တစောင် ထုတ်ပြန်ပြောဆိုခဲ့ကြတာပါ။ နောက်ဆက်တွဲ ပြဿနာတွေ ပေါ်ပေါက်လာခဲ့မယ် ဆိုရင်လည်း ပြည်နယ်အစိုးရရဲ့ တာဝန်သာ ဖြစ်မယ်လို့လည်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ကိုမျိုးလှိုင်ဝင်း ကပြောပါတယ်။

“ကျနော်တို့ ဒီကရင်နီပြည်လူငယ်သပိတ် ကော်မတီအနေနဲ့ လောလောဆယ်ကတော့ ဖျက်သိမ်းလိုက်တာပေါ့ ကြေးရုပ်နဲ့ပတ်သက်ပြီး ကျနော်တို့နဲ့ မသက်ဆိုင်ဘူးပေါ့။ ဖြစ်လာမယ့် ကိစ္စအရာတွေကိုတော့ ကျနော်တို့ သပိတ်ကော်မတီနဲ့ မဆိုင်တော့ဘူး နောက်ဖြစ်လာမယ့် ပြဿနာကိုတော့ ကျနော်တို့ကျနော်တို့လည်း မပြောတတ်ဘူး။ ဆိုတော့ ဖြစ်လာခဲ့မယ်ဆိုရင်လည်း ပြည်နယ်အစိုးရပဲ တာဝန်ခံရလိမ့်မယ် ဆိုတဲ့ဟာကိုပဲ ကျနော်တို့ ထပ်မံလောင်းပြီး ပြောချင်ပါတယ်။”

ဆွေးနွေးမှုတွေမှာ အသိသက်သေအဖြစ် ပါဝင်ခဲ့သူ ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်ဘီတူးကတော့ ဆွေးနွေးညှိနှိုင်းမှုတွေ ပျက်ပြားခဲ့တဲ့အတွက် နောက်ဆက်တွဲ တင်းမာမှုတွေ တကျော့ပြန် ကြီးထွားလာမှာကို စိုးရိမ်တယ်လို့ ပြောပါတယ်။

“အလားအလာတော့မကောင်းဘူးပေါ့နော် မဖြစ်သင့်ဘူး ဒီတလျှောက်လုံး ကြေးရုပ်ကနေအစပြုပြီးမှ နံပတ်တစ်ကတော့ ဆန္ဒပြပွဲတွေဖြစ်တယ်။ နံပတ်၂ ကတော့ လူမျိုးရေးပေါ့နော်။ နံပတ်သုံးကတော့ ထောက်ခံသူနဲ့ မထောက်ခံသူကြားမှာ ပဋိပက္ခတွေပိုများလာခဲ့တဲ့ ရလာဒ်ကဒီနေ့ပြန်စတဲ့ သဘောပြန်ဖြစ်သွားတာပေါ့နော်။ ကျနော်မြင်တာကတော့ ရှေ့တပတ်လောက်ထဲမှာ ဆန္ဒပြပွဲတွေရော ဖမ်းဆီးမှုတွေရော အဲဒီလိုမျိုး အကြမ်းဖက်မှုတွေရော ဖြစ်လာမယ့် အနေအထားမျိုးလို့ ယူဆတယ်။ ဒါတွေနဲ့ပတ်သတ်ပြီး ဖြေရှင်းနိုင်ဖို့ကတော့ ဝိုင်းကြိုးစားကြတယ်ပေါ့နော် ဒါပေမဲ့ အစိုးရပဲတာဝန်ရှိမှာ အစိုးရပဲ ဖြေရှင်းနိုင်တော့မယ့် အနေအထားမျိုး ဖြစ်တယ်လို့ ဒါပဲမြင်မိတယ်ဗျ။”

ကရင်နီလူငယ်တွေကတော့ လွိုင်ကော်မြို့နယ်က အများပြည်သူ သွားလာရာနေရာမှာ ဗိုလ်ချုပ်ကြေးရုပ် တည်ဆောက်တဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ လူထုသဘောထား ကောက်ခံတာ မရှိသလို၊ ငွေကြေးအမြောက်အများ အကုန်အကျခံ သုံးစွဲခဲ့တာတွေမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ကန့်ကွက်နေကြတာပါ။ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က အင်အားသုံး ဖြိုခွဲတာတွေ ကြုံခဲ့ရပြီးနောက် ဆွေးနွေးဖို့ သဘောတူခဲ့ကြပေမဲ့ အခုနောက်ဆုံး ပြေလည်မှုမရဘဲ အဆုံးသတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗိုလ်ချုပ်ကြေးရုပ် ဖယ်ရှားပေးဖို့ ကယားပြည်နယ်ဝန်ကြီးချုပ် ငြင်းဆို