အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကို စွပ်စွဲပြစ်တင်နိုင်ရေးနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွှတ်တော်ကော်မီတီတွေကို ညွှန်ကြားလိုက်တယ်လို့ အောက် လွှတ်တော်ဥက္ကဋ္ဌ ကယ်ဗင် မက္ကာသီ Kevin McCarthy က အင်္ဂါနေ့ မှာ ကြေညာလိုက်ပါတယ်။
“ကျနော်တို့ရဲ့ စုံစမ်းစစ်ဆေးချက်တွေအရ သမ္မတဘိုင်ဒန်ဟာ သူ့မိသားစုရဲ့ နိုင်ငံခြားစီးပွါးရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေကို လိမ်ညာခဲ့တာတွေ့ရပါတယ်။” လို့ မစ္စတာ မက္ကာသီ က ပြောလိုက်တာပါ။
ဒါဟာ အဆိုးဆုံး အစွန်းရောက် နိုင်ငံရေးဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က တုံ့ပြန်လိုက်ပါတယ်။ အဓိကစုံစမ်းစစ်ဆေးတာက သမ္မတရဲ့သား ဟန်တာဘိုင်ဒန် (Hunter Biden) ဆောင်ရွက်ချက်တွေအပေါ် စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ မစ္စတာဟန်တာဘိုင်ဒန် (Hunter Biden) ဟာ သူ့အဖေသမ္မတမဖြစ်ခင်ကတည်း က နိုင်ငံခြားလုပ်ငန်းတွေနဲ့ ဆက်ဆံလုပ်ကိုင်ခဲ့တာပါ။
“အောက်လွှတ်တော် ရီပါဘလီကန်တွေက သမ္မတကို ၉ လကြာ စုံစမ်းစစ်ဆေးနေခဲ့တာပါ။ ဘာအမှားမှ အထောက်အထားထွက်ပေါ်မလာပါဘူး” လို့ ကွပ်ကဲရေးနဲ့ စုံစမ်းစစ်ဆေးရေးဌာန အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ Ian Sams က ယခင် တွစ်တာ အမည်ပြောင်း X လူမှုစာမျက်နှာ မှာ ရေးပါတယ်။ သမ္မတကို ခုလို စွပ်စွဲပြစ်တင်ဖို့ ပြိုင်ဘက် ရီပါဘလီကန်တွေက အောက်လွှတ်တော်ဥက္ကဋ္ဌအပေါ် ရက်သတ္တပတ်များစွာ ဖိအားပေးခဲ့ကြတာပါ။ ရီပါဘလီကန်အမတ်တွေဟာ သူတို့ ရဲ့ရုံးတွေ၊ လွှတ်တော်ရဲ့ အခွင့်အာဏာနဲ့ အရင်းအမြစ်တွေကို လက်နက်လို အသုံးချပြီး သမ္မတနဲ့ သူ့သားအပေါ် ထူးထူးဆန်းဆန်း လုပ်ကြံပြောဆိုထားတာတွေကို ပိုမို ကျယ်ပြန့်သွားအောင်လုပ်တာ ဖြစ်တယ်လို့ ဒီမိုကရက်အမတ်တွေက ပြောပါတယ်။
Your browser doesn’t support HTML5