ဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား ရန်ကုန်မှာ ကျင်းပ

ဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား

ပြည်သူ့စာဆို စာရေးဆရာကြီး ဗန်းမော်တင်အောင် ရာပြည့်အကြို အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ စာပေဗိမာန် ခမ်းမမှာကျင်းပခဲ့တာမှာ မြန်မာနိုင်ငံ စာရေးဆရာအသိုင်းဝိုင်းက ပုဂ္ဂိုလ်တွေနဲ့ ဆရာကြီး ဗန်းမော်တင်အောင်ကို လေးစားချင်ခင်ကြတဲ့ ဧည့်ပရိတ်သတ်တွေ တက်ရောက်ခဲ့ပါတယ်။ လာမယ့်နှစ် ၂၀၂၀ မှာကျင်းပမယ့် ရာပြည့်အခမ်းအနားမတိုင်ခင် ဆရာကြီး ဗန်းမော်တင်အောင်အတွက် အမှတ်တရအဆောက်အဦးတခု တည်ဆောက်သွားဖို့ စီစဉ်နေကြောင်း ရာပြည့်အခမ်းအနား ကျင်းပရေးကော်မီတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

စာရေးဆရာကြီး ဗန်းမော်တင်အောင် မွေးဖွားတာ လာမယ့်နှစ် ၂၀၂၀ ခုနှစ်ဆိုရင် နှစ် ၁၀၀ ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ စာပေဗိမာန်ခမ်းမမှာ ကျင်းပတဲ့အခမ်းအနားကတော့ ပြည်သူ့စာရေးဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ရာပြည့်အကြို ၉၉ နှစ်ပြည့် အခမ်းအနားဖြစ်ကြောင်း ဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မီတီဝင် ဦးအေးအောင်က ပြောပါတယ်။

“ဒီနေ့က ဆရာ ဗန်းမော်တင်အောင် ၉၉ နှစ်မြောက် အခမ်းအနားပေါ့နော် ကျနော်တို့ကတော့ ရာပြည့်အကြိုအခမ်းအနားလို့လုပ်တယ် စာပေဗိမာန်မှာ။ ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်မှာ ဆရာဗန်းမော် နောက်နှစ် ၂၀၂၀ မှာ ရာပြည့်အခမ်းအနားကျင်းပဖို့အတွက် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ (ယာယီ) ဖွဲ့ထားတာရှိတယ်။ ပြည်သူ့စာဆို စာရေးဆရာကြီး ဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ ယာယီဆိုတာ ဖွဲ့ထားတာရှိတယ်။ အဲဒီကော်မတီကနေပြီးတော့ ဦးဆောင်ကျင်းပတဲ့သဘောပေါ့ ဒီ ရာပြည့်အကြို အခမ်းအနားကို။”

လာမယ့်နှစ် ၂၀၂၀ ခုနှစ်မှာ ကျင်းပမယ့် ရာပြည့်အခမ်းအနားမတိုင်ခင် ဆရာကြီး ဗန်းမော်တင်အောင်အတွက် အထိမ်းအမှတ် အဆောက်အဦးတခု ပဲခူးမြို့မှာ တည်ဆောက်နိုင်ဖို့ ကျင်းပရေးကော်မီတီက စီစဉ်နေတယ်လို့လည်း ဦးအေးအောင်က ပြောပါတယ်။

“ ရှေ့နှစ်မှာ ရာပြည့်အခမ်းအနားလုပ်တဲ့အခါကျရင် အခု ပဲခူးမှာ ကိုအောင်အောင်ဆိုတာ သူကနေပြီးတော့ မြေ ၁.၄ ဧကလှူထားတာရှိတယ်ခင်ဗျ။ အဲဒီ မြေ ၁.၄ ဧကမှာ ဆရာဗန်းမော်တင်အောင် ရာပြည့်အထိမ်းအမှတ် ခန်းမတခု အဲဒီမြေနေရာလေးမှာ ယူပြီးတော့ ဆောက်မယ်ပေါ့နော် အမှတ်တရ ခန်းမတခု ဆောက်မယ်။ အဲဒါအတွက်ကို ကျနော်တို့ ကော်မတီက ပြီးခဲ့တဲ့ ဒီဇင်ဘာလောက်ကတည်းက ပြည်သူ့စာဆို စာရေးဆရာကြီး ဗန်းမော်တင်အောင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ ယာယီဆိုပြီးတော့ ဖွဲ့ထားတယ် အခုရှေ့ဆက်ပြီးတော့လည်း မြို့နယ်အလိုက် မန္တလေးတို့ ပဲခူးတို့မှာလည်း ထပ်ဖွဲ့မယ်။ ဖွဲ့ပြီးတော့ ဒီဟာကို ခန်းမတခုဆောက်မယ်။ ပြီးရင် ရာပြည့်အခမ်းအနားတခုကို ကျနော်တို့ ကျင်းပနိုင်အောင် စီစဉ်နေကြပါတယ်။”

ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ရာပြည့်အခမ်းအနားကျင်းပရေးနဲ့ပတ်သက်လို့ ကျင်းပရေးကော်မီတီအနေနဲ့ အစိုးရထံက အခုချိန်ထိ အကူအညီတောင်းတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

“လောလောဆည်တော့ ကျနော်တို့အနေနဲ့က ဒီရာပြည့်အခမ်းအနားအတွက်ဆိုရင်တော့ လိုအပ်တဲ့ ခွင့်ပြုမိန့်တွေတင်တဲ့အခါကျရင်တော့ သူတို့ဘက်က ဘာတွေပူးပေါင်းဆောင်ရွက်မလဲ ။ ဖိတ်ကြားတဲ့အခါမှာ သူတို့ဘက်က ဘာတွေပူးပေါင်းဆောင်ရွက်မလဲ အဲလိုတော့ ရှိမယ်။ လောလောဆည်မှာတော့ ကျနော်တို့ သီးခြားအကူအညီတောင်းတာမရှိပါဘူး။ ရာပြည့် အခမ်းအနားကျင်းပရေးကော်မတီအနေနဲ့ အစိုးရကို ဒီအတွက် မြေနေရာကအစပေါ့ ကျနော်တို့ အစိုးရကို သီးသန့်အကူအညီတောင်းတာမျိုးမရှိသေးပါဘူး။ ကော်မတီမှာ ချထားတဲ့ မူမှာတော့ ခရိုနီလိုမျိုး မသန့်ရှင်းတဲ့ အလှူငွေမျိုးဆိုရင်တော့ ကျနော်တို့လက်မခံဘူးပေါ့ ဒီလိုမူမျိုးပဲ ချထားတာရှိပါတယ်။ အစိုးရကနေပြီးတော့ ပါဝင်မယ်ဆိုရင် အဲဒါကို လက်မခံဘူးဆိုတဲ့မူမျိုးတော့မရှိဘူးပေါ့။ ဒါပေမယ့် အစိုးရစီကနေ သွားပြီးတော့ အကူအညီကို သွားကမ်းလှမ်း တာမျိုးမရှိသေးတာပါ။”

ဆရာကြီး ဗန်းမော်တင်အောင်ရဲ့ ရာပြည့်အခမ်းအနားကျင်းပရေးကော်မီတီ (ယာယီ) ကိုတော့ ကိုကိုးကျွန်းပြန် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်အောင်က ဦးဆောင်ပြီး မနှစ် ဒီဇင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ကော်မီတီထဲမှာ စာရေးဆရာတွေအပြင် ဆရာကြီးရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။

မျိုးချစ်စာပေ၊ သရုပ်မှန်စာပေနဲ့ အဘိဓမ္မာစာပေ စတဲ့ အများအပြားကို ရေးသားခဲ့တဲ့ ဆရာကြီး ဗန်းမော်တင်အောင်ဟာ ပြည်သူ့ဘက်က အမြဲတမ်း ရပ်တည်ပြီး တော်လှန်စာပေတွေကို ရေးသားခဲ့တဲ့အတွက် စာရေးဆရာ အသိုင်းဝိုင်းတင်မက ဆရာကြီးရဲ့ စာဖတ် ပရိတ်သတ်တွေက မျိုးချစ်စာပေတွေရေးသားသူအဖြစ် အသိအမှတ်ပြု လက်ခံထားကြတာပါ။ ဆရာကြီးဟာ စာရေးယုံသက်သက် မဟုတ်ဘဲ လက်တွေ့မှာလည်း နိုင်ငံရေးဘက်မှာ တက်ကြွစွာ ဦးဆောင် ပါဝင်ခဲ့သူတဦးဖြစ်တာနဲ့အညီ ကိုကိုးကျွန်းတိုက်ပွဲလို ထင်ရှားတဲ့ လှုပ်ရှားမှုကြီးတွေကို ဦးဆောင်ခဲ့တဲ့ စံပြပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

သူလို ထူးချွန်ပြောင်မြောက်တဲ့ပုဂ္ဂိုလ်မျိုး နောက်ထပ်မရနိုင်တော့တဲ့အတွက် ဆရာကြီး ဗန်းမော်တင်အောင်ကို ဂုဏ်ပြုပြီး ရာပြည့်အခမ်းအနား ကျင်းပဖို့ စီစဉ်ရတာဖြစ်တယ်လို့ ကျင်းပရေးကော်မီတီဝင်တွေက ပြောပါတယ်။

သားသမီး ၆ ဦး ထွန်းကားခဲ့တဲ့ ဆရာကြီး ဗန်းမော်တင်အောင်ဟာ ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့၊ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဗန်းမော်တင်အောင် ရာပြည့်အကြိုအခမ်းအနား ရန်ကုန်မှာ ကျင်းပ