ပုဂံရှေးဟောင်းစေတီ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအတိုင်းအတာ

ပုဂံရှေးဟောင်းစေတီ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအတိုင်းအတာ

မြန်မာနိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ကျော်ကျော်လေးက မကွေးတိုင်းဒေသကြီး အတွင်း ချောက်မြို့နယ်ရဲ့ အနောက်ဘက် ၁၂ မိုင်လောက်ကို ဗဟိုပြုပြီး ပြင်းအား ၆.၈ ရှိတဲ့ ငလျင် လှုပ်သွားခဲ့တာကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး မကွေး တိုင်း ဒေသကြီးအပါအဝင် စစ်ကိုင်းတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်တွေအပြင် အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေအထိပါ ရိုက်ခတ်သွားခဲ့ပါတယ်။

လှုပ်သွားခဲ့တဲ့ မြေငလျင်ဟာ ပုဂံမြို့မှာ ၁၉၇၅ ခုနှစ်က လှုပ်သွားခဲ့တဲ့ ငလျင်ပြီးရင် ဒုတိယ အကြီးဆုံး ငလျင်ဖြစ်တယ်လို့ ပုဂံမြို့ ရှေးဟောင်းသုတေသနဌာနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာနက ညွန်ကြားရေးမှူး ဦးမောင်မောင်ကျော် က ပြောပါတယ်။ ငလျင်ကြောင့် ပျက်စီးသွားခဲ့တဲ့ အခြေအနေတွေ နဲ့ ပြန်လည် ပြုပြင်ရေး လုပ်ဆောင်မယ့် အစီအစဉ်တွေကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ သူက အခုလို စပြောပါတယ်။

ဦးမောင်မောင်ကျော်။ ။ “၁၉၇၅ ငလျင်ပြီးရင်တော့ ဒီဟာက ပုဂံမှာ အကြီးဆုံးလို့ ပြောရမှာပေါ့နော်။ အပျက်အစီး ဆုံးရှုံးမှုကတော့ အရေအတွက်အားဖြင့် နည်းနည်းများတယ်လို့ ဆိုရပေမယ့် ကျနော်တို့ ၇၅ ခုနှစ်က ပျက်စီးသလောက်တော့ ကြီးမားမှု မရှိဘူးလို့တော့ ကျနော်တို့ အဲဒါမျိုး ယူဆရပါ တယ်။”

မေး။ ။ အခု ကျနော်တို့ ကြားသိရသလောက်ဆိုရင် ပုဂံမှာတင်ပဲ၊ ကျနော်တို့ ပုဂံကိုပဲ အာရုံစိုက် ကြည့်ကြမယ်ဆိုရင် ပျက်စီးသွားတဲ့ စေတီ ပုထိုးပေါင်းက ၁၈၅ လောက် ရှိတယ်ဆိုပြီးတော့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားတာ ရှိပါတယ်။ ဆရာတို့ရထားတဲ့ သတင်း အချက်အလက်တွေနဲ့ရော ဘယ်လိုမျိုးများ ကွာခြားမှု ရှိနိုင်ပါသလဲဆရာ။

ဦးမောင်မောင်ကျော်။ ။ “အဲဒါကတော့ ကျနော်တို့ စစ်ဆေးရဦးမှာပါခင်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့ မနေ့တုန်းက ဖြစ်သွားတဲ့အချိန်ကလည်း ၅ နာရီလောက် ဖြစ်သွားတယ်၊ ကျနော်တို့ စာရင်းတွေကောက်တဲ့အချိန်ကလည်း အရမ်း တိုတောင်းပါတယ်။ မိုးလည်း ရွာနေတဲ့အခါကျတော့ စာရင်းတွေမှာ တချို့ ထပ်နေတာတွေ ရှိပါတယ် ခင်ဗျ။”

မေး။ ။ အရင်တခေါက် ၁၉၇၅ ငလျင် ဖြစ်သွားတဲ့အချိန်မှာ ဆရာမှတ်မိ သလောက် ပြောပြပါလား။ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေမှာ ဘယ်လောက် အထိများ အချိန်ယူခဲ့ရသလဲ။ နဂိုအနေအထား ရောက်ဖို့အတွက်ပဲ ဆရာ တို့ ရှေးဟောင်းသုတေသနဌာနအနေနဲ့ ဘယ်လောက်အထိများ ကြိုးစားခဲ့ရသလဲ ဆိုတာလေးကို ပြောပြပေးပါလား။

ဦးမောင်မောင်ကျော်။ ။ “အဲဒီတုန်းကတော့ ပျက်စီးမှုလည်း နည်းနည်းကြီးမား တယ်ပေါ့နော်။ ပျက်စီးမှုလည်း ကြီးမားတဲ့အခါကျတော့ ကျနော်တို့ အချိန် တော်တော်လေး ယူရတဲ့သဘောရှိပါတယ်ဗျ။ ဒါပေမယ့် အခုလှုပ်တဲ့ ငလျင် မှာတော့ ပျက်ဆီးမှု ဆိုးရွားတာကတော့ ကျနော်တို့ စူဠာမဏိ စေတီပေါ့နော်။ စူဠာမဏိစေတီဆိုတာက ကျနော်တို့ ဒီမှာတော့ အမြင့်ဆုံးစေတီ၊ မြင့်တဲ့စေတီတဆူ လည်း ဖြစ်တယ်။ အဓိက ဖြစ်တာကတော့ ကွမ်းတောင်တခုလုံးနီးပါး ပျက်စီးသွား တယ်ပေါ့။ တခြားဘုရားတွေ တော်တော်များများကတော့ ထီးတော် မြေခသွား တာတွေ ရှိပါတယ်။ စောင်းသွားတာတွေ ရှိပါတယ်။ တချို့ကကျတော့ အက်သွား တာတွေ ရှိပါတယ်။ တချို့ကျတော့ ပစ္စယံ အပေါ်ပိုင်းလောက်ပဲ ဖြစ်တာရှိပါတယ်။ ဆိုလိုတာကတော့ ကျနော်တို့ အမြင့်ပိုင်း၊ ထိပ်ဖျားပိုင်းလောက်ကိုပဲ ကျနော်တို့ ပျက်စီးမှု ကြီးကြီးမားမားကြီးတွေ မဟုတ်တာ၊ အရေအတွက်အားဖြင့်တော့ များပေ မယ့် အရမ်းကြီး ကြီးကြီးမားမားတွေ မဖြစ်တာကို ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ၊ ၇၅ ခုနှစ်ထက် စာရင်။

နောက်တခုက ပြုပြင်ထိန်းသိမ်းမှုပိုင်း ဆိုင်ရာမှာတော့ ကျနော်တို့ ၇၅ ငလျင် အပြီး နောက်ပိုင်းမှာ ပြုပြင်တဲ့အခါမှာ အင်္ဂါစုံတွေ ကျနော်တို့ တင်ကြပါတယ်ခင်ဗျ။ ဒါပေမယ့် အခု ဒီ ငလျင်ပြီးတဲ့နောက်ပိုင်းမှာ ပြင်မယ့် အခြေအနေကတော့ ကျနော် တို့ မူလ အင်္ဂါစုံအတိုင်း ပြင်မှာ မဟုတ်ဘူးလို့တော့ ယူဆရပါတယ်။ ဒါကတော့ ကျနော်တို့ ပညာရှင်အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်ရမှာပါခင်ဗျ။”

မေး။ ။ အင်္ဂါစုံဆိုတာ ဆရာ နည်းနည်းလေး ရှင်းပြပေးပါလား ဆရာ။

ဦးမောင်မောင်ကျော်။ ။ “ဟုတ်ကဲ့။ အင်္ဂါစုံဆိုတာ ဥပမာ ဘုရားတဆူမှာ သဘောက ပစ္စယံတွေ ပျက်ဆီးသွားတယ်၊ သပိတ်မှောက်တွေ ပျက်စီးသွားတယ် စသဖြင့် ပျက်စီးသွားတယ်ဆိုရင် ထီးတော်အထိ ကျနော်တို့ ပြန်ပြီးတော့ အသစ်ပြန်လုပ် တာပါဗျ။ ကျနော်တို့ နောက်ပိုင်းမှာ ထိန်းသိမ်းမှုတွေ လုပ်တဲ့အခါမှာတော့ ယခု လက်ရှိ ပျက်ဆီးနေတဲ့ဟာကိုပဲ ဆက်ပြီးတော့ ပျက်စီးမသွားအောင် ထိန်းသိမ်းတဲ့ ပုံစံနဲ့ သွားနေပါတယ်ဗျ။ အဲဒီတော့ ပြန်လည် ပြုပြင်တဲ့နေရာမှာ ထိန်းသိမ်းမှုလေးတွေကတော့ ၇၅ ငလျင်နောက်ပိုင်းမှာ ပြုပြင်တာနဲ့ အခု ငလျင်နောက်ပိုင်းမှာ ပြုပြင်တာနဲ့ ပြုပြင်မှု ပုံစံလေးတွေကတော့ နည်းနည်းလေး ကွဲလွဲသွားနိုင်ပါတယ် ခင်ဗျ။”

မေး။ ။ အခု ဘေးစောင်းလေးပဲ ပဲ့သွားတာပဲဖြစ်ဖြစ်၊ ထီးတော်ကြီး တခုလုံး မြေခသွားတာပဲဖြစ်ဖြစ်၊ ပျက်စီးသွားတဲ့ စေတီပုထိုးတွေ ကို ပြုပြင်တဲ့နေရာမှာ ဆရာတို့က မူရင်း ပုံစံမပျက်အောင်၊ ငလျင်ကြောင့် ပဲ့ကျသွား တယ်ဆိုရင်လည်း ပဲ့ကျသွားတဲ့အလျှောက်ကလေးပဲ ထပ်ပြီး မပျက်အောင် ထိန်းသိမ်းမယ့် ပုံစံလား၊ ဘယ်လိုပုံစံများ လုပ်မှာပါလဲ ဆရာ။

ဦးမောင်မောင်ကျော်။ ။ “ကျနော်တို့ အခုသွားနေတဲ့ စနစ်ကတော့ ဖြစ်နေတဲ့ဟာကိုပဲ ဆက်ပြီးတော့ ပျက်မသွားအောင်၊ ပိုပြီး ကြံ့ခိုင်မှုရှိလာအောင်ပဲ ကျနော်တို့ ပြင်မှာ ပါဗျ။ ဟိုလိုကြီး ပျက်သွားတဲ့နေရာ အစအဆုံးကို ကျနော်တို့ ထီးတော်အထိ ကျနော်တို့ ပြင်သွားမယ်လို့တော့ ကျနော့်အနေနဲ့တော့ မယူဆပါဘူး။ ဒါကတော့ ကျနော်တို့ ပညာရှင်အဖွဲ့နဲ့ ညှိနှိုင်းပြီးတော့မှ ဘယ်လို ပြုပြင် ထိန်းသိမ်းရမယ်ဆိုတာ နည်းစနစ်တွေကိုတော့ ကျနော်တို့ ချပြမှာပါ။”

မေး။ ။ ဟုတ်ကဲ့ ဆရာ၊ စောစောက ဆရာပြောသွားခဲ့တဲ့အထဲမှာ စူဠာမဏိ စေတီတော်ဟာဆိုရင် သိသိသာသာပေါ့နော်၊ အထင်ကရ စေတီတွေထဲမှာ ကြီးကြီးမားမား ပျက်ဆီးသွားတဲ့ဟာ ပါတယ် ပြောပါ တယ်။ စူဠာမဏိစေတီအပြင် တခြား အထင်ကရ စေတီတွေထဲက၊ လူသိများ တဲ့ စေတီတွေထဲက ကြီးကြီးမားမား ပျက်စီးသွားတာ ဘယ်နှစ်ခုလောက်များ ရှိပါမလဲ။

ဦးမောင်မောင်ကျော်။ ။ “အထင်ကရ ဘုရားတွေထဲကတော့ ခန့်မှန်းခြေ ၁၀ ဆူလောက်ပဲ ရှိပါမယ်။”

မေ။ ။ နောက်တခုက ကျနော်တို့ ကြားတာက အခု မြန်မာနိုင်ငံမှာရှိတဲ့ UNESCO အဖွဲ့ကနေပြီးတော့ ဒီကိစ္စကို အရေးတကြီးကိစ္စအဖြစ် ဆုံးဖြတ် ပြီးတော့ ပြန်လည် ပြုပြင် မွမ်းမံရေးကိစ္စတွေကို ဦးစားပေး ဆောင်ရွက်သွား ဖို့အတွက် စီစဉ်နေပါတယ်ဆိုပြီးတော့ အဲဒီက တာဝန်ရှိတဲ့သူက ပြောတာ ကျနော်တို့ ကြားရပါတယ်။ ဆရာတို့နဲ့ UNESCO နဲ့ရော အဆက်အသွယ် ရှိပါပြီလား ဆရာ။ ဘယ်လို အနေအထား ရှိပါသလဲ။

ဦးမောင်မောင်ကျော်။ ။ “ဟုတ်ကဲ့၊ ရှိပါပြီဗျ။ မနက်ဖြန်လဲ UNESCO အဖွဲ့က ကျနော်တို့နိုင်ငံက ဌာနေကိုယ်စားလှယ်တွေ လည်း ရောက်လာကြမှာ ပါ။ နေပြည်တော်က ကျနော်တို့ဌာနက ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဆောင်တဲ့ ဒီဟာနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းရေးအဖွဲ့တွေလည်း မနက်ဖြန် အားလုံး ရောက်လာကြမှာပါ။”

မေး။ ။ အခု ပုဂံဟာဆိုလို့ရှိရင် UNESCO ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒေသဖြစ်ပါပြီလားဆရာ။

ဦးမောင်မောင်ကျော်။ ။ “မဟုတ်ပါဘူးခင်ဗျ။ UNESCO က အသိအမှတ်ပြုထားတဲ့ ကျနော်တို့ World Heritage Site မဟုတ်သေးပါဘူး ခင်ဗျ။ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဖို့ ကြိုးစားနေတုန်းပဲ ရှိပါသေးတယ်။”

မေး။ ။ တကယ်လို့များသာ အခုလိုမျိုး ဖြစ်တယ်ဆိုရင် ကမ္ဘာ့အမွေအနှစ်စာရင်းသာ ဝင်ထားတယ်ဆိုလို့ရှိရင် အကူအညီတွေ ဒီထက်ပိုပြီးတော့ ရနိုင်တဲ့ အနေအထား ရှိတာပေါ့ဆရာ၊ အဲဒီလိုမျိုး ထင်တယ်နော်။

ဦးမောင်မောင်ကျော်။ ။ “ဟုတ်ကဲ့ပါ။ အဲဒီလိုမျိုးဆိုရင်တော့ ရှိတာပေါ့လေ။ ဒါကတော့ တကမ္ဘာလုံးနဲ့ သက်ဆိုင်သွားပြီဆိုတဲ့သဘော ရှိတာပေါ့။ ကျနော်တို့ ဒီလို အကုန် လုံးက ကမ္ဘာ့အမွေအနှစ်ဝင်ဖို့ အားလုံးက ကြိုးစားနေကြပါတယ်ဗျ။ ပုဂံဆိုတာ ကတော့ ကျနော်တို့နိုင်ငံရဲ့ အသည်းနှလုံးပါဗျ။ ကျနော်တို့ ဒီလို အသည်းနှလုံး အမွေအနှစ်တွေကို ဒီလို ဖြစ်သွားတယ်ဆိုတာက ကျနော်တို့မှာတော့ ရင်ထဲ မချိအောင် ခံစားရပါတယ်။ အလားတူစွာပဲ ကျနော့လို ခံစားနေရတဲ့လူတွေ ကျနော် တို့နိုင်ငံတင်မှာ မဟုတ်ပါဘူး၊ တခြားနိုင်ငံတွေမှာ ရှိနေကြတဲ့ ကျနော် တို့ မြန်မာတွေမှန်သမျှ ဒီလိုပဲ ခံစားရမှာပါဗျ။ ဘာဘဲပြောပြော ဒီလို ဖြန့်ချိပေး တဲ့အတွက် မီဒီယာအဖွဲ့ကိုလည်း ကျေးဇူးလဲ တင်ပါတယ်။ အားလုံး စာနာပြီးတော့ ခံစားပေးကြတဲ့သူတွေကိုလည်း အားလုံးပဲ ကျေးဇူးတင်ပါတယ်လို့ ကျနော့်အနေ နဲ့ ပြောချင်ပါတယ်။”

Your browser doesn’t support HTML5

ပုဂံရှေးဟောင်းစေတီ ငလျင်ဒဏ်ကြောင့် ပျက်စီးမှုအတိုင်းအတာ