ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နှစ်နီးပါးတွေ့ခွင့်မရတဲ့အပေါ် မိသားစုနဲ့ ရှေ့နေတွေ စိုးရိမ်​​​​​​​

အမှုပေါင်းများစွာနဲ့ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံနေရပြီး မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ တွေ့ခွင့်မရတဲ့ ယခင်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယခင်မှတ်တမ်းဓာတ်ပုံ။

စစ်အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ နှစ် နီးပါး ကြာတဲ့အထိတွေ့ဆုံခွင့်မရတာကြောင့် မိသားစုနဲ့ ရှေ့နေတွေက စိုးရိမ်နေကြပါတယ်။ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရပြီးကျန်းမာရေးယိုယွင်းနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ် နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့အမှုတွေအတွက်လည်း ရှေ့နေတွေက တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်း နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးမျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုချမှတ်ထားတဲ့ ထောင်ဒဏ်တွေ အတွက် အထူးအယူခံလျှောက်ထားတာနဲ့ ခြံနံပါတ် ၅၄ အမှုကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်လိုအပ်နေတာကြောင့် အကျိုးဆောင်ရှေ့နေတွေက တွေ့ခွင့်ရဖို့ ကြိုးစားနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက အမှုကိစ္စတွေအတွက်ရယ်၊ သူမကျန်းမာရေးအခြေအနေ အသေးစိတ်သိနိုင်ဖို့ရယ်အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ပေးဖို့ တရားဝင် ထပ်မံတောင်းဆို ထားကြောင်း နီးစပ်သူတွေကပြောပါတယ်။ ဒါဟာ ၁၂ ကြိမ်မြောက် တောင်းဆိုမှုလုပ်ခဲ့တာဖြစ်ပေမယ့် ခုချိန်ထိ အကြောင်းပြန်တာမရှိတာကြောင့် ဒီတခေါက် နေအိမ်အမှုရုံးချိန်းကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ခွင့်မရတာ ၂၀၂၂ဒီဇင်ဘာထဲကပါ။

တရားလွှတ်တော်ရှေ့နေတဦးဖြစ်တဲ့ ဦးကြီးမြင့်ကတော့ တည်ဆဲဥပဒေပါပြဌာန်းအခွင့်အရေးအရ တွေ့ခွင့်ပေးရမှာဖြစ်ပေမယ့် လက်ရှိမှာ ဥပဒေကိုဖောက်ဖျက်လုပ်ကိုင်နေတာကြောင့် ဥပဒေပါ ပြဌာန်းအခွင့်အရေးတွေ ဆုံးရှုံးနေရတယ်လို့ထောက်ပြပါတယ်။ နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်း စုကြည်အတွက် နှုတ်ဆိတ်မနေဖို့ တိုက်တွန်းလိုက်ပါတယ်။

“ဥပဒေအကြောင်းပြောရတာ အလွန်မျက်နှာပူတယ်။ ပြည်သူတွေလည်းအလွန်အားနာရတယ်။ ၂၀၀၈ အခြေခံဥပဒေက basic law လေ။ အဲဒါကိုဖောက်ဖျက်တော့ ဘာကိုမှ မလိုက်နာတော့ဘူး။ အခြေခံ ဥပဒေဖောက်ဖျက်သူကို ဥပဒေကြောင်းပြောရတာမှာ၊ ဥပဒေကိုမလေးစားသူကို ဥပဒေကြောင်း ပြော တာမှာ ကမ္ဘာကတောင် ပြောမရဘူး။ UN ကလည်း ပြောမရတော့ဘူး။ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ကိုလာခွင့်မပေးဘူး။ လာခွင့်မပေးတာလည်း ကမ္ဘာကနှုတ်ဆိတ်နေတယ်။ အခြေခံဥပဒေကို မလေးစားသူက ပြည်တွင်းဘယ်ဥပဒေကိုမှ မလေးစားဘူး။ ဆရာတို့ကအင်မတန်ဆိုးဝါးတဲ့ တိုင်းပြည်မှာ နေ,နေရတယ်လို့ ဒီလိုပဲပြောချင်တယ်။ NUG အနေနဲ့ကလည်း ထပ်တလဲလဲ တောင်းနေရတယ်။ ကမ္ဘာကိုလည်းတိုင်တည်နေရမယ်။ သူက သူ့အလုပ်သူလုပ်နေရမယ်။ ဆရာတို့လောက် ပြောနေလို့မရဘူး။”

ပြီးခဲ့တဲ့နှစ်က ဖမ်းဆီးထားသူတွေကို မိသားစုတွေ၊ ရှေ့နေတွေနဲ့ တရားဝင်တွေ့ဆုံခွင့်ပြုချိန်ကစလို့ ဒေါ်အောင်ဆန်းစုကြည်လည်း အလားတူ အခွင့်အရေးရဖို့ ရှေ့နေတွေဘက်က ကြိုးပမ်းလာတာ ဖြစ်ပါတယ်။ ဒါပေမယ့်ခုချိန်ထိတွေ့ခွင့်မရသေးပါဘူး။

နောက်တချက်ကတော့ လာမယ့် ၂၀၂၅ ဇွန်လမှာ အသက် ၈၀ ပြည့်မယ့် နိုင်ငံတော်အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးအခြေအနေ အတိအကျသိဖို့အတွက်လည်း ရှေ့နေတွေဘက်က ကြိုးစားနေတာဖြစ်တယ်လို့နီးစပ်သူတွေကပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်နေကြရတာကတော့ သူ့မှာ နှလုံး၊ သွားရောဂါနဲ့ အရိုးကျီးပေါင်းရောဂါတွေရှိတာမို့ မိသားစု ကကော ရှေ့နေတွေကပါ သူမကျန်းမာရေးအခြေအနေကို သိနိုင်ဖို့တွေ့ခွင့်ရလိုကြတာ ဖြစ်ပါတယ်။

အတည်မပြုနိုင်တဲ့သတင်းတွေနဲ့ စစ်ကောင်စီကို ထောက်ခံသူတွေရဲ့ လူမှုကွန်ရက်တွေအရ မကြာခင်က ဒေါ်အောင်ဆန်းစုကြည်လေဖြန်းတာခံစားခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒီသီတင်းတွေအတွက် သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ပြည်တဲရေးဌာနဘက်ကို ဗွီအိုအေက အကြိမ်ကြိမ်ဆက်သွယ်ပေမယ့်ဖြေဆိုတာမရှိခဲ့ပါဘူး။

ဗွီအိုအေမေးမြန်းမှုတခုမှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒေါ်အောင်ဆန်း စုကြည်ကို ရှေ့နေတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ အထူးကိစ္စတရပ်အနေနဲ့ ဆောင်ရွက်မယ်လို့ ပြောပေမဲ့ ခုချိန်ထိတွေ့ခွင့်မရသေးတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ် ကင်မ်အဲရစ် ခေါ် ကိုထိန်လင်းက မိခင်ဖြစ်သူရဲ့ကျန်းမာရေး အထူး စိုးရိမ်ကြောင်းနဲ့တွေ့ခွင့်ပေးဖို့ စစ်ကောင်စီကိုတရားဝင်သံရုံးကတဆင့်လည်း တောင်းဆိုခဲ့ဖူးပါတယ်။

နီးစပ်သူတွေအဆိုအရ ဒီကနေ့မှာ ခြံအမှတ် ၅၄ နေအိမ်ရုံးချိန်းရှိနေတာပါ။ ဒီရုံးချိန်းမှာ ပြီးခဲ့တဲ့ အခေါက်က ဦးအောင်ဆန်းဦးတင်ပြထားတဲ့ အိမ်လေလံကြမ်းခင်းဈေးသစ်နဲ့ပတ်သက်လို့ ဒေါ်အောင် ဆန်းစုကြည်ဘက်က ပြန်လည်ဆွေးနွေးတင်ပြရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတာမို့ ဒီကနေ့မှာ တင်ပြနိုင်ခဲ့တာမရှိခဲ့ဘဲ နောက်လာမယ့် နိုဝင်ဘာ ၂၁ ရက်ကို ထပ်မံ ချိန်းဆိုခဲ့ရပါတယ်။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေကိုလည်း အမှုနဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို မပြောဖို့ စစ်ကောင်စီက တားမြစ်ပိတ်ပင်ထားတာပါ။ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ထားပြီး ဒီ အထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့လျှော့ပေါ့ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂ နှစ်နီးပါးတွေ့ခွင့်မရတဲ့အပေါ် မိသားစုနဲ့ ရှေ့နေတွေ စိုးရိမ်