ဂုဏ်ပြုဆုများနှင့်ပတ်သက်သည့် ဒေါ်စုသဘောထားအပေါ် တက်ကြွလှုပ်ရှားသူတို့အမြင်

Royal College of Surgeons of Edinburgh ကချီးမြှင့်တဲ့ ကျောင်းရဲ့ ဂုဏ်ထူးဆောင် ဆုကို ဒေါ်အောင်ဆန်းစုကြည် လက်ခံယူခဲ့စဉ် ( February 10, 2015)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ပေးထားတဲ့ဆုအများစုဟာ သူ့တယောက်ထဲအတွက် ရည်ရွယ်ပြီး ပေးအပ်တယ်ဆိုတာထက် စစ်အာဏာရှင်အုပ်ချုပ်ရေးအောက်က လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပြန်လည် ရရှိရေးတို့အတွက် ဦးဆောင်ကြိုးပမ်းသူအဖြစ် အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ပြီးတော့ မိတ်ဖြစ်ဆွေဖြစ်သဘောနဲ့ ပေးခဲ့တာ မဟုတ်ဘူးလို့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သူ့ကို ပေးထားတဲ့ဆုတွေကို ပြန်ရုပ်သိမ်းခြင်း၊ မရုပ်သိမ်းခြင်းဟာ အရေးမကြီးတဲ့သဘော ဂျပန်အခြေစိုက် NHK သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း ဖြေကြားခဲ့တဲ့အပေါ် အဲဒီလို တုံ့ပြန် ပြောဆိုကြတာပါ။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီးမှာ စတင် ပါဝင်လာတဲ့အချိန်ကစလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင်အဖြစ် ပြည်တွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက သတ်မှတ်ခဲ့ကြတာပါ။ အဲဒီနောက် သူ့အပေါ် လူထုရဲ့ ထောက်ခံအားပေးမှု ကြီးမားတဲ့အရှိန်နဲ့အတူ စွန့်လွတ် အနစ်နာခံမှုတွေကြောင့် နိုင်ငံတကာကပါ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တာပါ။

စစ်အာဏာရှင်အောက် မြန်မာနိုင်ငံ ပြားပြားဝပ်နေတဲ့အချိန်မှာ မကြောက်မရွံ့ဘဲ ဒီမိုကရေစီအရေးကို တစိုက်မတ်မတ် ကြိုးစား လုပ်ဆောင်မှုတွေကို ချီးကျူး ဂုဏ်ပြုတဲ့အနေနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုနဲ့ အမေရိကန်နိုင်ငံက အရပ်သားတဦးကို ချီးမြှင့်တဲ့ အမြင်ဆုံးဆုတခုဖြစ်တဲ့ Congressional Gold Medal ဆု အပြင် နိုင်ငံတကာက အထင်ကရ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးဆိုင်ရာ ဆုတွေ၊ ကမ္ဘာ့နိုင်ငံကြီးတွေက ချီးမြင့်တဲ့ ဂုဏ်ထူးဆောင်နိုင်ငံသားဆုနဲ့ တခြား ဂုဏ်ထူးဆောင်ဆုတွေ အများအပြားကို လက်ခံရရှိခဲ့ပါတယ်။

ဒါပေမယ့် မနှစ် သြဂုတ်လက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်းစဉ် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရာက တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေး တိမ်းရှောင်ခဲ့ရတဲ့အပြင် အဲဒီလို ထွက်ပြေးအောင် လုံခြုံရေးတပ်ဖွဲ့တွေဘက်က တမင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပေမယ့် အစိုးရအကြီးအကဲ တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အဲဒါကို ပြေလည်အောင် အချိန်မီ ကိုင်တွယ် ဖြေရှင်းခြင်း မရှိတာကြောင့် သူ့ကိုပေးထားတဲ့ ဂုဏ်ထူးဆောင်ဆုတချို့ကို နိုင်ငံတကာက အခုနှစ်အတွင်းမှာ ပြန်လည် ရုပ်သိမ်းမှုတွေ ဖြစ်ပေါ်လာနေတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံအခြေစိုက် NHK သတင်းဌာနနဲ့ အောက်တိုဘာလ ၆ ရက်နေ့မှာ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်က ဆုတွေ ဂုဏ်ပြုတာတွေကို အလေးမထားကြောင်း၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုကို ပြန်လည် ရုပ်သိမ်းဖို့ နိုင်ငံတကာမှာ တောင်းဆိုတာတွေ ရှိနေတဲ့အပေါ် အရေးတကြီး စဉ်းစားရမယ့်ကိစ္စမဟုတ်တဲ့သဘော ပြန်လည် တုံ့ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းက ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး လက်ရှိ နော်ဝေးနိုင်ငံမှာ အခြေစိုက် နေထိုင်နေတဲ့ ကိုမြင့်အေးကတော့ အဲဒီဆုတွေဟာ ဒေါ်အောင်ဆန်းစုကြည် တယောက်ထဲအတွက်မဟုတ်ဘဲ ဒီမိုကရေစီအရေးတော်ပုံကြီး တခုလုံးအတွက် ချီးမြှင့်ခဲ့ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

"ကျနော့်အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာပေးထားတဲ့ ဆုတွေက တကယ်တမ်းကျတော့ လူပုဂ္ဂိုလ်အားဖြင့်တော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့။ အနှစ်သာရအားဖြင့်တော့ ကျနော်တို့ နားလည်ခဲ့တာကတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီထွန်းကားရေးအတွက် တဖက်တလမ်းကနေ ပံ့ပိုးခဲ့ကြတာပေါ့နော် ။ ဒီလိုပံ့ပိုးတဲ့နေရာမှာ ဒီလိုမျိုး စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းတဲ့ ဒီမိုကရေစီရေးအတွက် ဦးဆောင်လှုပ်ရှားနေတဲ့လူတွေရဲ့ နောက်ပြီး ငြိမ်းချမ်းရေးအတွက်လှုပ်ရှားနေတဲ့လူတွေရဲ့ ဂုဏ်သိက္ခာ ထိုက်တန်မှ ရတာပေါ့နော်။ မထိုက်တန်တဲ့လူကတော့ ဘယ်သူမှ ဒီဆုကို ရခဲ့တာမဟုတ်ဘူး ။ အဲလိုမျိုး ထိုက်တန်တယ်၊ မထိုက်တန်ဘူးဆိုတဲ့ ကိစ္စတွေကျတော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီကာလတွေမှာ နေအိမ်မှာ အကျယ်ချုပ်ကျနေတယ်။ အဲလိုကျနေတဲ့အခါကျတော့ သူဟာ ဒီလိုကြိုးပမ်းမှုအတွက် အကျယ်ချုပ် ကျနေတာဖြစ်တယ် သူဟာ ဒီဆုတွေနဲ့ ထိုက်တန်တယ်ဆိုတာကို ကျနော်တို့ ပြင်ပမှာ မြန်မာပြည်ကနေ ရောက်နေတဲ့သူတွေ၊ ဒီမိုကရေစီအရေး activist တွေ၊ လှုပ်ရှားနေတဲ့လူတွေအပါအဝင် ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ ဥပမာအားဖြင့် Amnesty International လို တခြားတခြားသော သက်ဆိုင်ရာနိုင်ငံတွေက ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီတဲ့အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ်တွေကနေပြီးတော့ ဒီဆုကို ရသင့်ပါတယ်ဆိုပြီး ကြိုးပမ်းလှုပ်ရှားပေးခဲ့ကြရတဲ့ အခန်းကဏ္ဍတွေရှိပါတယ်။ အဲဒီတော့ ကျနော်မြင်တာက ဒေါ်အောင်ဆန်းစုကြည် ပြောနေတာက ဒီဆုတွေပေးခဲ့တယ်ဆိုတာက မိတ်ဖြစ်ဆွေဖြစ်ပေးခဲ့တယ်လို့ ကျနော်ကတော့ မမြင်ဘူးပေါ့လေ။ ဒီမိုကရေစီအရေးထဲမှာ ထဲထဲဝင်ဝင်ပတ်သက်ခဲ့တဲ့ လူတယောက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ကျနော်တို့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွက်တော့ အများကြီးနစ်နာမှုရှိတယ်လို့မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီဆုတွေနဲ့ ကျနော်တို့က ခွန်အားယူပြီးတော့ စစ်အာဏာရှင်ရဲ့ ဆိုးယုတ်တဲ့ဟာတွေကို ဖော်ထုတ်ခဲ့ရတာဖြစ်တယ်။ ဒီကြိုးပမ်းမှုတွေက အလဟသတ်မဖြစ်စေချင်ဘူး ကျနော်မြင်တာက။ ဒီကျနော်တို့ ကြိုးပမ်းခဲ့ရတာတွေအတွက် စိတ်မကောင်းဖြစ်ရတယ်ပေါ့နော်။"

ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ ဆုအတော်များများကို အဲဒီလို ချီးမြှင့်ဖို့အတွက် သက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအသီးသီးက အချိန်ယူ ကြိုးပမ်းခဲ့ရတယ်ဆိုတာကိုလည်း ကိုမြင့်အေးက ပြောပြပါတယ်။

"အခုဒီ ရုပ်သိမ်းတာ မရုပ်သိမ်းတာကို ကျနော်ဆိုလိုတာမဟုတ်ဘူး။ ကျနော်တို့ အိန္ဒိယမှာ နေခဲ့စဉ်ကာလမှာလည်း Nehru ဆုတို့ ဆိုတာကလည်း ကျနော်ကိုယ်တိုင်မဟုတ်သော်လည်း အိန္ဒိယမှာ နေခဲ့တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားတဲ့ သူတွေ၊ အိန္ဒိယမှာရှိတဲ့ ဒီမိုကရေစီအရေးကို ပံ့ပိုးကူညီတဲ့သူတွေရဲ့ ဒေသခံအဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေက ကြိုးပမ်းပေးခဲ့လို့ ဒီဆုတွေက ရရှိခဲ့တာပေါ့။ အဲဒါကြောင့်လက်ရှိဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အကျပ်အတည်း၊ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာတွေကြောင့် သူက ဒီဆုနဲ့မထိုက်တန်ဘူးဆိုပြီးတော့ ဒီလိုရုပ်သိမ်းတယ်ဆိုပြီး ကြေညာနေပါတယ် အဲဒီတော့ သူ့အကျပ်အတည်းကိုတော့ ကျနော်တို့ နားလည်တယ်၊ သို့သော် NHK နဲ့ တွေ့တဲ့ အင်တာဗျူးမှာ သူပြောခဲ့သလိုမျိုး အလေးအနက်မထားဘူးဆိုတာ ကျနော်အနေနဲ့ကတော့ ဒီလိုဆုတွေရုပ်သိမ်းတာ အလေးအနက်ထားသင့်တဲ့ ကိစ္စလို့ ကျနော်မြင်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီလို ဆုတွေ ချီးမြှင့်ခဲ့ခြင်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုကြီးအတွက် အားတခုဖြစ်ခဲ့သလို လှုပ်ရှားမှုကြီး ရှေ့ရောက်ရေးအတွက် အဲဒီဆုတွေက အထောက်အကူ ပြုခဲ့တယ်လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ NLD ပါတီကိုယ်စားပြု ရွေးကောက် တင်မြှောက်ခံခဲ့ရပြီး ပြည်ပမှာ ဒီမိုကရေစီအရေးကို ဆက်လက် ကြိုးပမ်းခဲ့သူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

အခုလို နိုင်ငံတကာက ဆုတွေကို ပြန်လည် ရုပ်သိမ်းလောက်တဲ့အထိ ဖြစ်လာတာဟာ မြန်မာနိုင်ငံရဲ့ အခြေအနေကို နိုင်ငံတကာက နားလည်သဘောမပေါက်ကြလို့ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုမှုကို သဘောတူကြောင်း ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

"ကျနော်မြင်တာကတော့ ၂ ချက်ပေါ့ ဒေါ်အောင်ဆန်းစုကြည်ဒီကနေ့အနေအထားနဲ့၊ ဆုတွေအပေါ်မှာ မြင်တဲ့အမြင်ကတော့ သူဟာ ဒီဆုတွေအတွက် ဂရုစိုက်ဖို့ အခွင့်အလမ်းနဲ့ အခြေအနေ အချိန်အခါက သူနဲ့ သိပ်မသင့်လို့ ဒီလိုခပ်ပေ့ါပေါ့ပြောသလားလို့ ကျနော်ထင်တယ်ခင်ဗျ။ သူပြောတဲ့အထဲမှာ ဒီခင်မင်မှုဆိုတဲ့ ကိစ္စပေါ့နော် ၊ မိတ်ဆွေဖြစ်မှုတွေ၊ နားလည်မှုတွေ နောက်အခုဖြစ်တဲ့ ကိစ္စကလည်း မြန်မာနိုင်ငံမှာ ဖြစ်တဲ့အရေးအခင်းအပေါ်မှာ နိုင်ငံတကာက နားလည်မှုမပြည့်စုံဘူး ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဝန်ခံတယ်၊ ထုတ်ပြောသလို ကျနော်တို့ ပြည်သူအများစုကလည်း ဒီအတိုင်းပဲ သိကြပါတယ်။ ဒီအချက်ကတော့ မှန်တယ်ခင်ဗျ။ အဲဒီတော့ ဒီဆုတွေအတွက် ဒေါ်စုက သိပ်ပြီးတော့ အလေးမထားအားဘူးလို့ ပြောလိုက်တဲ့အတွက် ကျနော်တို့ ပြည်ပမှာပေါ့နော် ဒေါ်အောင်ဆန်းစုကြည် ဆုရရေးအတွက် ကြိုးစားလုံးပန်းနေကြတဲ့လူတွေအနေနဲ့ကတော့ ခံစားချက် တမျိုးတော့ရှိပါတယ်။ သို့သော်လည်း ခြုံပြီးကြည့်ရင်တော့ ဒီဆုတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုကြီးရခဲ့တယ်။ ဒီလိုဆုတွေ ပြန်ရုပ်လို့ ဒီမိုကရေစီအပြောင်းအလဲဟာ နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ကျနော်မြင်ပါတယ်။"

ကနေဒါနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင် နိုင်ငံသားဆုကို အောက်တိုဘာလ ၃ ရက်နေ့မှာ တရားဝင် ပြည်လည် ရုပ်သိမ်းခဲ့ပြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီအရေး ဦးဆောင်လှုပ်ရှားမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ Scotland နိုင်ငံ၊ Aberdeen မြို့တော်ကောင်စီနဲ့ Amnesty International – Aberdeen အဖွဲ့ခွဲတို့က Hazlehead ပန်းခြံအတွင်းမှာ စိုက်ထူထားတဲ့ ကြေးသွန်းအမည်ပြားကို ဖြုတ်ချဖို့ စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဆုံးဖြတ်တာ၊ စကော့တလန်နိုင်ငံ Edinburgh မြို့က ချီးမြင့်ထားတဲ့ Freedom of Edinburgh ဆုကို သြဂုတ်လ ၂၄ ရက်နေ့မှာ ပြန်လည် ရုပ်သိမ်းခဲ့သလို အိုင်ယာလန်နိုင်ငံ Dublin ၊ Newscastle နဲ့ Oxford မြို့တွေက ဒေါ်အောင်ဆန်းစုကြည်ကို ပေးထားတဲ့ဆတွေကို အသီးသီး ပြန်ရုပ်သိမ်းခဲ့ကြပြီး ဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဂုဏ်ပြုဆုများနှင့်ပတ်သက်သည့် ဒေါ်စုသဘောထားအပေါ် တက်ကြွလှုပ်ရှားသူတို့အမြင်