ကမ္ဘာ့အချမ်းသာဆုံး ၁၁ ဦးမြောက်ဖြစ်ပြီး၊ အာရှဒေသမှာ အချမ်းသာဆုံး ကုဋေကြွယ်သူဌေးကြီး Mukesh Ambani မူးကေ့ရှ် အမ်ဘာနီရဲ့ သားထွေး အာနန့်ရဲ့ မင်္ဂလာပွဲကြို ဆင်နွှဲပွဲမှာ ပေါ့စတား ရီဟားနား အိန္ဒိယမှာ လာရောက်ဖျော်ဖြေသွားပါတယ်။ အိန္ဒိယကပြန်တော့ နောက်တခေါက် ထပ်ပြီးပြန်လာချင်တယ်လို့ ပြောသွားပါတယ်။ သူက အိန္ဒိယကို ချစ်သွားပြီ "can't wait to be back" အမြန်ဆုံးပြန်လာချင်တယ်လို့ ဂျမ်နာဂါလေဆိပ်မှာ သတင်းထောက်တွေကို ပြောသွားတာပါ။
မတ်လ ၁ ရက်နေ့က စတင်ကျင်းပတဲ့ အာနန့်ရဲ့ မင်္ဂလာပွဲကြို ဆင်နွှဲမှုက ကမ္ဘာ့ထိပ်ထိပ်ကျဲ သူဌေးကြီးတွေ၊ ကမ္ဘာကျော် အနုပညာရှင်တွေအပါအဝင် ဧည့်ပရိတ်သတ် ၁၂၀၀ ဖိတ်ကြားပြီး ၃ ရက်တိုင် ကျင်းပတာပါ။ အမေရိကန်သူဌေးကြီး ဘီလ်ဂိတ်စ်၊ ဖေ့ဘုတ်သူဌေး မတ်ဇက်ကာဘက်ဂ်တို့လည်း ဧည့်ပရိတ်သတ်ထဲ ပါဝင်ပါတယ်။ ဘောလီးဝုဒ် အကျော်အမော်တွေလည်း လာရောက်တဲ့ထဲမှာ မင်းသား ရှရွတ်ခန်တို့ ဆဲလ်မန်ခန်တို့လည်း တွေ့ရပါတယ်။
သန်းကုဋေကြွယ်သူဌေးကြီး အမ်ဘာနီနဲ့ သားအငယ်ဆုံး အာနန့်က အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး တွဲနေတာကြာပြီဖြစ်တဲ့ သူ့ချစ်သူ ရဒ်ဟီကာ မားချန့် အသက် ၂၉ နှစ်နဲ့ လက်ထပ်တာ ဖြစ်ပါတယ်။ အကြိုဆင်နွှဲပွဲကို မတ်လ ၁ ရက်နေ့မှာ စတင် နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် ဂျမ်နာဂါမြို့မှာ ၃ ရက် ကျင်းပခဲ့တာပါ။ တကယ့်မင်္ဂလာဆောင်ကတော့ ဇူလိုင်လမှာ ကျင်းပမှာဖြစ်ပါတယ်။ သူတို့စုံတွဲက ဖေဖော်ဝါရီ ၂၈ ရက်နေ့တုန်းကတော့ ဒေသခံရွာသူ၊ ရွာသား ၅ သောင်းကျော်ကို ညစာနဲ့ တည်ခင်းခဲ့ပါတယ်။