ASEAN ဒေသ ကမ္ဘာ့အမှိုက်ပုံ မဖြစ်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ တောင်းဆို

ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေ တင်သွင်းမှုကို လုံးဝပိတ်ပင်ဖို့ အာဆီယံ ခေါင်းဆောင်တွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား တွေက တောင်းဆိုလိုက်ပါတယ်။ အရှေ့တောင်အာရှဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေ စုပြုံရာ နောက်ဆုံးပေါ်ဒေသ ဖြစ်လာနေတဲ့ အတွက် ဒါကို စုပေါင်းဟန့်တားကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ Zsombor Peter ဘန်ကောက်မြို့က ပေးပို့တဲ့ သတင်းလွှာကို ဦးကျော်ဇံသာ ပြောပြပေးမှာပါ။

အရှေ့တောင် အာရှဒေသကို ကမ္ဘာ့အမှိုက်ပုံကြီး ဖြစ်အောင် လုပ်နေတဲ့ ပလတ်စတစ်နဲ့ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းတွေ ဝင်ရောက်လာနေတဲ့ ကိစ္စကို စုပေါင်း ဟန့်တားကြဖို့ ဒေသတွင်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေက ဘန်ကောက်မှာ ပြုလုပ်မယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲ မတိုင်ခင် အစိုးရတွေကို တိုက်တွန်းနေကြပါတယ်။

အဖွဲ့ဝင် ၁၀ နိုင်ငံရှိတဲ့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌ ထိုင်းနိုင်ငံက လက်ခံကျင်းပမယ့် ဒီထိပ်သီး စည်းဝေးပွဲမှာ အဓိက ဆောင်ပုဒ်ကတော့ Advancing Partnership for Sustainability ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနဲ့ အဓွန့်ရှည် ခိုင်မြဲရေး ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေကတော့ ဒီထဲမှာ အရေးကြီးတဲ့ ကိစ္စတရပ် ကင်းမဲ့နေတယ်လို့ ရှုမြင်နေကြပါတယ်။ Tara Buakamsri ဟာ Greenpeace Thailand ရဲ့ အဖွဲ့ဝင် တဦး ဖြစ်ပါတယ်။

“ ဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ဒီဒေသ ရင်ဆိုင်နေရတဲ့ စွန့်ပစ်ပစ္စည်း အရောင်းအဝယ် ကိစ္စ မပါတဲ့ အတွက် ကျမတို့အနေနဲ့ သိပ်အံ့အားသင့်ပြီး စိတ်ပျက်ရပါတယ်။”

ဆယ်စုနှစ်ပေါင်းများစွာ တရုတ်ပြည်ဟာ ကမ္ဘာပေါ်မှာ ပလတ်စတစ် စွန့်ပစ်ပစ္စည်း အများဆုံး တင်သွင်းခဲ့တဲ့ နိုင်ငံ ဖြစ်နေခဲ့ပြီး ဒီတင်သွင်းမှုကို ၂၀၁၇ ခုနှစ်မှာ တရုတ်ပြည်က ရုတ်တရက် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် စွန့်ပစ် ပစ္စည်းတွေကို သီးခြားရွေးထုတ်ပြီး ထပ်ဆင့် ဖြန့်ဖြူးတဲ့ နေရာမှာ လုပ်အားဈေးပေါပြီး စည်းကမ်း မတင်းကြပ်တဲ့ အရှေ့တောင် အာရှ ဒေသဟာ သိပ်ပြီးတော့ တွင်ကျယ်လာခဲ့ပါတယ်။

တရုတ်က ပိတ်ပင်လိုက်တဲ့ အတွက် ဒီအမှိုက်တွေဟာ အာဆီယံကို စုပြုံဝင်ရောက်လာတယ်လို့ Greenpeace Thailand အဖွဲ့ဝင် Shanya Attasillekha က ဆိုပါတယ်။

စွန့်ပစ်ပစ္စည်းထဲက တချို့ကို ပြန်လည် အသုံးချနိုင်ပြီးတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတခုရဲ့ ကုန်ထုတ်လုပ်ငန်းမှာ အားဖြည့်နိုင်ပေမယ့် အများစု အထူးသဖြင့် တရားမဝင် မှောင်ခို တင်သွင်းလာတဲ့ဟာတွေ နောက်ပြီးတော့ ပုံမှားရိုက်ပြီး တင်သွင်းလာတဲ့ ပစ္စည်းတွေကတော့ အသုံးမကျတဲ့ အပြင် ဒါတွေကို မီးရှိုှု့ ပစ်ရတဲ့ အတွက် အန္တရာယ် ဖြစ်စေတဲ့ ဓာတု ဓာတ်ငွေ့တွေကြောင့် ပတ်ဝန်းကျင် ထိခိုက်စေတယ်လို့ ဆိုပါတယ်။

“ စွန့်ပစ်ပစ္စည်း အရောင်းအဝယ် လုပ်တာဟာ ပတ်ဝန်းကျင်နဲ့ လူမှုရေးအရ တရားမျှတမှု မရှိပါဘူး၊ စွန့်ပစ်ပစ္စည်းတွေ ဘယ်ရောက်ရောက် လူတွေကို ထိခိုက်စေနိုင်ပါတယ်။ တကယ်တော့ဒါဟာ စွန့်ပစ်ပစ္စည်း မှောင်ခိုရောင်းဝယ်ရေး ဖြစ်ပါတယ်။”

အခု အခါမှာတော့ တချို့နိုင်ငံတွေက ဒီစွန့်ပစ် ပစ္စည်းတွေကို ပြန်ပို့တာတွေ စ လုပ်လာနေကြပါပြီ။ ဒါပေမယ့် တချို့က သူတို့ အမှိုက်ကို သူတို့ ပြန်လက်မခံ လိုကြပါဘူး။ ကနေဒါ နိုင်ငံဟာဆိုရင် မလေးရှားက ပြန်ပို့တဲ့ အမှိုက်တွေကို လက်မခံဘူးလို့ ငြင်းဆိုတဲ့ အကြောင်း ရိုက်တာ သတင်းတပုဒ်က ဖော်ပြခဲ့တာ တွေ့ရပါတယ်။

အာဆီယံ နိုင်ငံတချို့ဟာ မနှစ်က ဒီလို ပိတ်ပင်လိုက်ပေမယ့် မလေးရှား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေ ဆီမှာတော့ တတိတိနဲ့ တိုးဝင်လာနေတယ်လို့လည်း Greenpeace အဖွဲ့က ဆိုပါတယ်။ ဒါကြောင့်လည်း အာဆီယံ အနေနဲ့ တညီတညွတ်စုပေါင်း လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ Greenpeace နဲ့ တခြား ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောနေကြတာ ဖြစ်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံတို့ဟာ အန္တရာယ် ဖြစ်စေတဲ့ စွန့်ပစ် ပစ္စည်း ရွှေ့ပြောင်းမှု တားဆီးပိတ်ပင်ရေးဆိုင်ရာ ၁၉၈၉ ဆုံးဖြတ်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြပေမယ့် အဲဒီ ဆုံးဖြတ်ချက်ထဲမှာ ပလတ်စတစ်ကိုပါ ထည့်သွင်းထားတဲ့ ပြင်ဆင်ချက်ကိုတော့ ဘရူနိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့ကဘဲ လက်ခံခဲ့ကြတယ်လို့ Greenpeace မလေးရှား အဖွဲ့ဝင် Heng Kiah Chun က ဆိုပါတယ်။

“ ဒါဟာ မလေးရှားပြဿနာ၊ ကနေဒါပြဿနာ၊ အမေရိကန်ပြဿနာ၊ ဖိလစ်ပိုင်ပြဿနာ ရယ်လို့မဟုတ်ပါဘူး၊ အာဆီယံတဖွဲ့လုံးရဲ့ ပြဿနာဖြစ်ပါတယ်။ ပြင်ပနိုင်ငံတွေဆီက စွန့်ပစ် ပလပ်စတစ်ပစ္စည်း တင်သွင်းမှုကို ပိတ်ပင်ဖို့ ပူးတွဲကြေညာချက်တွေ ချက်ချင်း ထုတ်ပြန်ဖို့ လိုအပ်ပါတယ်။”

အခု အာဆီယံ ထိပ်သီး စည်းဝေးပွဲကို လက်ခံစီစဉ်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ကတော့ ပလတ်စတစ် စွန့်ပစ်ပစ္စည်း တင်သွင်းမှု ပိတ်ပင်ရေး အတွက် ညှိနှိုင်း လုပ်ဆောင် ဖို့ လမ်းဖွင့်ထားတယ်လို့ ပြောပါတယ်။ သို့သော်လည်း ဒီလို လုံး၀ ပိတ်ပင်လိုက်တာဟာ တဖက်မှာလည်းဘဲ တိုင်းပြည်ရဲ့ ကုန်ထုတ်လုပ်ငန်းပိုင်းမှာ ထိခိုက်စေနိုင်တယ်လို့ တချို့က တွက်နေကြတာပါ။

ပတ်ဝန်းကျင် ထိခိုက်မှုကို ပစ်ပယ်ပြီး စီးပွားရေးကိုသာ ဦးစားပေးနေကြမယ်ဆိုရင်တော့ အဲဒီ စီးပွားရေး အခြေအနေကလည်း သိပ်မကြာခင်မှာ ထိခိုက်ပျက်ပြား လာလိမ့်မယ်လို့ သုံးသပ်သူတွေကတော့ ထောက်ပြနေကြကြောင်းပါ။

Your browser doesn’t support HTML5

ASEAN ဒေသ ကမ္ဘာ့အမှိုက်ပုံ မဖြစ်စေရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေ တောင်းဆို