အဓိကကတော့ ဒီ solid waste နဲ့ ပါတ်သက်တဲ့ အစိုင်အခဲ စွန့်ပစ်မှုဆိုတာဟာ ရေရှည် စီမံကိန်းတွေ ချပြီး လုပ်ဆောင်ရမယ့် ကိစ္စတွေပါ။ နေ့ချင်းညချင်း ရလာတာ မျိုး မဟုတ်ပါဘူး။ မြန်မာပြည်မှာ ဒီအမှိုက်စွန့်ပစ်တာနဲ့ ပါတ်သက်ပြီး နှစ်ရှည်လများ စီမံကိန်းချ မလုပ်ခဲ့တဲ့အတွက် အမှိုက်ပြဿနာနဲ့ ကြုံနေရတာပါ။ ဒီကိစ္စအတွက် လုပ်တဲ့ နေရာမှာ အဓိက လူဦးရေ ဘယ်လောက်ရှိတယ်၊ လူတယောက်ကနေ အမှိုက်ဘယ်လောက် ထွက်မယ်၊ ဒီအမှိုက်တွေကို ဘယ်လို သိမ်းမယ်၊ ဘယ်လိုအစီစဉ်တွေ ချမယ် ဆိုတာကို တစိုက်မတ်မတ် လုပ်ရပါတယ်။ မြန်မာပြည်မှာ ဒါမျိုးမလုပ်ခဲ့တဲ့အတွက် အခု အချိန်မှာ ပြဿနာတွေ့နေတာ ဖြစ်ပါတယ်။ အခု ရန်ကုန်မှာ အမှိုက်ကိစ္စကို လိုက်ရှင်းနေတာမို့ ကောင်းတဲ့ဘက်ကို ရောက်လာနေပါပြီ။ ဒါပေမယ့် လိုအပ်တာတွေ အများကြီး ရှိနေပါတယ်။ ပစ္စည်း ကရိယာ၊ နည်းပညာ၊ ပညာပေးမှုနဲ့ ပြည်သူ အားလုံး ပါဝင်လာရေး ဖြစ်ပါတယ်။
အခု မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အများအပြား လုပ်နေတဲ့ ထဲက ရန်ကုန်မြို့မှာ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်မရှိအောင် လုပ်ထားတာလည်း ပါပါတယ်။ ဒါ့အပြင် ရှင်းသန့်လာနေတဲ့ အဲဒီနေရာတွေမှာ အမှိုက်ပစ်ရင် အရေးယူဖို့ ပါလုပ်ပြီး ရန်ကုန်မြို့တော် သန့်ရှင်းရေးကို ဦးစားပေး လုပ်ဆောင်လာတာပါ။ အမှိုက်နဲ့ ပါတ်သက်ပြီး အမျိုးအစား ဘယ်လိုခွဲထားတယ် အမှိုက်တွေ ဘယ်ကရတယ်ဆိုတာ အခြေခံက စပြီးကြည့်ရအောင်ပါ။
လူတွေအတွက် အသုံးမဝင်တဲ့ ပစ္စည်း၊ မသုံးတော့တဲ့ ပစ္စည်းတွေကို လွှင့်ပစ် ကြပြီး အဲဒီပစ္စည်းတွေကို အမှိုက်လို့ခေါ်ပါတယ်။ အိမ်ကနေ ထွက်လာနိုင်တဲ့ အမှိုက်တွေထဲမှာ စားကြွင်းစားကျန်တွေ၊ စက္ကူတွေ၊ အဝတ်အထည်တွေ၊ သားရေ နဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ၊ ခြံဝင်းထဲက သစ်ရွက်၊ သစ်ပင်နဲ့ ဆိုင်တာတွေ၊ ဖန်ထည် ပစ္စည်းတွေ၊ သံဖြူအပါအဝင် သတ္တု ပစ္စည်းဟောင်းတွေ၊ မီးဖိုပြာတွေ၊ ဝန်ကျယ်ပြီး လေးလံတဲ့ မလိုတော့တဲ့ ပရိဘောဂလိုမျိုး ပစ္စည်းတွေ၊ တယ်လီဖုံး၊ ကွန်ပြူတာ အပါအဝင် လျှပ်စစ် ပစ္စည်းဟောင်းတွေ၊ ဘက်ထရီတွေ၊ စားဆီ၊ ကားသုံးစက်ဆီအပါအဝင် ဆီအမျိုးမျိုး၊ ကြွက်သတ်ဆေးကအစ သုံးတဲ့ဖြန်းတဲ့ ဓါတုပစ္စည်းအမျိုးမျိုးလို အန္တရာယ် ရှိတဲ့အမှိုက်မျိုးတွေလည်း စွန့်ပစ်ကြပါတယ်။
စီးပွါးရေးလုပ်ငန်းတွေနဲ့ အစိုးရဌာနတွေကလည်း အမှိုက်တွေ စွန့်ပစ်ကြ ပါတယ်။ ဈေးတို့၊ စတိုးဆိုင်တို့၊ စားသောက်ဆိုင်တို့၊ ဟော်တယ်တို့လို စီးပွါးရေး လုပ်ငန်းတွေနဲ့ ရုံးတို့၊ ကျောင်းတို့၊ ဆေးရုံတို့၊ ထောင်တို့လို အစိုးရ အဆောက် အအုံတွေ ကလည်း အလားတူ အမှိုက်တွေကို စွန့်ပစ်ကြတာပါ။ ဒါ့အပြင် ဆောက်လုပ်ရေးလို လုပ်ငန်းတွေက သစ်သားတွေ မလိုအပ်တဲ့ သံချောင်းလို ပစ္စည်းတွေ၊ အုတ်အင်္ဂတွေ အကျိုးအပဲ့တွေထွက်လာတတ်သလို ဘာသာရေးအဆောက်အအုံတွေ ဥပမာ ဘုရားတွေမှာ ပန်းစွန့်တာ မျိုးတွေ ဖြစ် ပါတယ်။
နောက် သန့်စင်တဲ့နေရာတွေက ထွက်လာတဲ့ အမှိုက်တွေလည်း ရှိပါတယ်။ ရေမိလ္လာ သန့်စင်တဲ့ နေရာမျိုးတွေပါ။ အဓိက ကတော့ အမှိုက်ကို စွန့်ပစ်ပစ္စည်း အစိုင်အခဲနဲ့ အရည် ဆိုပြီး ၂ မျိုးခွဲနိုင်တာပါ။
ထွက်လာတဲ့ အမှိုက်မျိုးစုံထဲက လူနေအိမ်တွေကနေ ထွက်တဲ့ အမှိုက်ကို ကြည့်ရအောင်ပါ။ လူနေအိမ်တွေကနေ အမှိုက်တွေ သိပ်မထွက်အောင် ထိမ်းချုပ်နိုင်ပါသလား။
အိမ်ထောင်စုတွေအနေနဲ့ အမှိုက်ဖြစ်မလာအောင်၊ ဖြစ်လာရင်လည်း နဲနိုင်သမျှ နဲအောင် လုပ်ပေးနိုင်ပါတယ်။
ဒီလိုနဲအောင် တနိုင်တပိုင် ဘယ်လိုလျှော့ချ ရမှာပါလဲ။
တနိုင်တပိုင်လျှော့ချရေးအတွက် ပထမဆုံး လုပ်ရမှာက အသုံးလျှော့ရမှာ ဖြစ်သလို ပစ္စည်းဝယ်ယူတာကိုလည်း လျှော့ချရမှာပါ။ ပစ္စည်းများလာသလို များလာတဲ့ပစ္စည်းတွေ ထဲမှာ မလိုအပ်တဲ့ ပစ္စည်း ဖြစ်သွားတာနဲ့ အမှိုက်ဖြစ်သွားတာပါ။ ဒါ့ကြောင့် ဝယ်ယူမယ့် ပစ္စည်းဟာ တကယ် လိုအပ်မှု ရှိမရှိ အရင်စစ်ပြီးမှ ဝယ်ယူဖို့ပါ။ လိုအပ်လို့ ဝယ်မယ်ဆိုရင်လည်း အများကြီးမဝယ်ရပါဘူး။ ဒါ့အပြင် ရှိပြီးသား ပစ္စည်းတွေကိုလည်း ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးရမှာပါ။ အသစ်ပေါ်တိုင်း ဝယ်မယ်ဆိုရင် စွန့်ပစ်ရတာလည်း ပိုလာနိုင်ပါတယ်။ ဒါ့ကြောင့် ပျက်သည်အထိ သုံးနိုင်သမျှ အသုံးပြုဖို့ လိုပါတယ်။
နောက်အရေးကြီးတဲ့ အချက်က recycle လို့ခေါ်တဲ့ ပြန်လည် အသုံးပြုတာပါ။ နောက်တခုက compose မြေဆွေးဖြစ်သွား အောင် လုပ်ပေးတာပါ။ မီးဖိုချောင်ထဲမှာ စားကျွင်းစားကျန်နဲ့ ဟင်းချက်ရာမှာ မလိုအပ်လို့ ပယ်ထားတဲ့ အစိမ်းရောင် အမှိုက်များလို့ခေါ်တဲ့ ဟင်းသီးဟင်းရွက်တွေကို သပ်သပ်စီ ခွဲပြီး မြေဆွေးလုပ်နိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု ပြည်နယ် အတော်များများမှာ အစိမ်းရောင်အမှိုက်တွေအတွက် သပ်သပ်ခွဲစွန့်ပစ်ပြီး မြေဆွေးလုပ် လေ့ရှိပါတယ်။
ဒီလို တနိုင်တပိုင်လျှော့ချရေးမှာ အရေးပါတာက လူတိုင်း ကိုယ်တိုင် ပါဝင်လာကြဖို့ပဲ ဖြစ်ပါတယ်။ အစိုးရ ကိုပဲ အားကိုးနေလို့ မအောင်မြင်နိုင်ပါဘူး။ အစိုးရက အမှိုက်သိမ်းသွားပြီးရင် စွန့်ပစ်ကန်တွေမှာ စွန့်ပစ်သည်ဖြစ်စေ၊ မီးရှို့သည်ဖြစ်စေ အားလုံးဟာ သဘာဝ ပါတ်ဝန်းကျင်နဲ့ ဆက်စပ်နေတာမို့ ဒီအမှိုက်တွေရဲ့ သြဇာ သက်ရောက်မှု ရှိတယ် ဆိုတာကို အားလုံးသိထားဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လူတိုင်း တက်တက်ကြွကြွ ပါဝင်မှ အမှိုက်လျော့နဲ သွားမှာ ဖြစ်ပါတယ်။
အမှိုက်တွေကို စံနစ်တကျ စွန့်ပစ်ရေးအတွက် ပညာပေးရာမှာ ဘာတွေ လိုအပ်ပါသလဲ။
အမှိုက်တွေကို စံနစ်တကျ စွန့်ပစ်ဖို့ အမှိုက်တွေကို ကိုင်တွယ်တဲ့ ဌာနတွေက ဥပဒေ ပြဌာန်းရမှာ ဖြစ်သလို ဒီဥပဒေကို လူတိုင်း သိလာအောင် ပညာပေးရပါတယ်။ ဒီဌာနတွေရဲ့ ဝက်ဘ်ဆိုက် စာမျက်နှာတွေမှာ အမှိုက်နဲ့ ပါတ်သက်ပြီး လုပ်ဆောင်ရမှာတွေကို တင်ထားပေးရမှာပါ။ လက်ကမ်း ပညာပေးစာစောင်တွေ ဖြန့်ဝေရပါတယ်။ အမှိုက်လာသိမ်းမယ့် နေ့တွေနဲ့ သိမ်းမယ့် ပစ္စည်းတွေကို ဘယ်လို ခွဲခြားစွန့်ပစ်ရမယ် ဆိုတာကို ရှင်းရှင်းလင်းလင်း သိလာအောင် စာနဲ့ ပေးဝေဖို့ လိုပါတယ်။ တခြားနိုင်ငံတွေမှာတော့ အခုဆိုရင် လက်ကိုင်ဖုံးတွေကနေတဆင့် ဖြန့်ဝေပေးနေတာပါ။ ဘယ်နေ့မှာ ဘာအမှိုက်သိမ်းမယ် ဆိုတာတွေကို အကြောင်းကြားကြတာပါ။
အမှိုက်ပစ်ရာမှာ သတိထားရမယ့် အဓိက အချက်ကတော့ ရိုးရိုးအမှိုက်တွေထဲမှာ အန္တရာယ် ရှိတဲ့ အမှိုက်တွေ ပါနေနိုင်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်ပကနေ အတားအဆီးမရှိ ဝင်လာနေတဲ့ ဓါတုဆေးပစ္စည်း အမျိုးမျိုးကို သုံးနေကြတာပါ။ ကြွက်သတ်ဆေး၊ ပိုးသတ်ဆေးကအစ အိမ်သန့်ရှင်းရာမှာသုံးတဲ့ ဓါတုပစ္စည်းတွေ အဆုံး မျိုးစုံရှိနေပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ အမှိုက်တွေကို သေသေချာချာ စံနစ်တကျ မပစ်ရင် အမှိုက်သိမ်းတဲ့ လူတွေအတွက် အန္တရာယ်ရှိသလို မြေအောက်ရေထဲ ရောက်ကုန်နိုင်တဲ့ အပြင် တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံ သွယ်ဝိုက်ပြီးဖြစ်စေ ကလေးလူကြီး အကုန် အန္တရာယ် ကြုံရနိုင်တဲ့ အဖြစ်ရောက်သွားနိုင်ပါတယ်။
အန္တရာယ် ရှိတဲ့ အမှိုက်တွေကို စံနစ်တကျ မစွန့်ပစ်ရင် ရိုးရိုး အမှိုက်တွေနဲ့ ပေါင်းသွားပြီး ဒီရိုးရိုး အမှိုက်တွေကလည်း အန္တရာယ်ရှိတဲ့ အမှိုက် ဖြစ်သွားနိုင်ပါတယ်လို့ သဘာဝ ဝန်းကျင်အင်ဂျင်နီယာ ဒေါ်အေးအေးကြည်က ပြောပါတယ်။