မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ဆေးရုံ စာသင်ကျောင်းစတဲ့ အရပ်သားတွေ ထိခိုက်သေကြေစေတဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဒီနေ့ ပြောဆိုတိုက်တွန်းသွားပါတယ်။ အာဆီယံအဖွဲ့အတွင်း စုစည်း ညီညွတ်မှုရှိဖို့ အရေးကြီးတဲ့အကြောင်း ပြောဆိုသွားတဲ့ အချိန်တည်းမှာ မြန်မာ့အရေး ချဉ်းကပ်မှုတိုင်းဟာ အဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက်တွေအတိုင်း ဖြစ်ဖို့လိုသလို ပံ့ပိုးပေးဖို့လိုတဲ့အကြောင်း အလေးအနက် ပြောဆိုသွားပါတယ်။
အာဆီယံအနေနဲ့ မြန်မာနိင်ငံအတွင်း အကြမ်းဖက်မှုတွေကို ရှုတ်ချသလို ဒီလို အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်နေရဆဲပါ။ အရပ်သားတွေ ထိခိုက်သေကြေစေတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေလို အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်နေတာတွေ ရပ်ဖို့နဲ့ ဖြေရှင်းဖို့ အာဆီယံက တိုက်တွန်းတောင်းဆိုပါတယ်။ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းမှဒ မရှိဘဲနဲ့ တွေဆုံဆွေးနွေးဖို့နဲ့ အကူအညီတွေ ပေးနိုင်ဖို့ အခြေအနေ အခင်းအကျင်းကို ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌရဲ့ ဆောင်ရွက်ချက်တွေအပေါ် အဖွဲ့ဝင်နိုင်ငံတွေက ထောက်ခံပြီး ကျေးဇူးတင်တဲ့အကြောင်း ပြောဆိုထားပါတယ်။ ဒုတိယအချက်က အဖွဲ့ဝင်နိုင်ငံတွေအကြား ညီညွတ်မှုကို အလေးအနက်ထား ပြောဆိုပါတယ်။ တတိယတချက်က ဘုံသဘောတူညီချက် ၅ ချက်ကို အဓိက ကိုးကားပြောဆိုတာပါ။ တခြား အစပျိုးလုပ်ဆောင်ချက်တွေအားလုံးဟာ ဘုံသဘောတူညီချက် ၅ ချက် အတိုင်း၊ ဒီအားလုံး သဘောတူညီထားတဲ့ ဘုံသဘောတူညီချက်တွေ အကောင်အထည်ဖေါ်နိုင်အောင် ထောက်ပံ့ပေးနိုင်ဖို့ လိုပါတယ်။ စတုတ္ထတချက်ကတော့ အာဆီယံဟာ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖေါ်နိုင်ရေးကိုပဲ အာရုံစိုက် လုပ်ဆောင်သွားမှာ။ တခြား လုပ်ဆောင်ဖို့ မရှိဘူးဆိုတာကို ပြောချင်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား သဘောထားကွဲလွဲမှုတွေ ရှိလာချိန်မှာပဲ ဝန်ကြီး Marsudi က အခုလို သတိပေး ပြောဆိုသွားတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို တိတ်တဆိတ် သွားရောက်ခဲ့တာ ရှိသလို၊ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ တရပ်လည်း ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လက ကျင်းပခဲ့ပါသေးတယ်။ အဲ့ဒီဆွေးနွေးပွဲကို အင်ဒိုနီးရှားအပါအဝင် အဓိကကျတဲ့ အာဆီယံနိုင်ငံတချို့က မထောက်ခံသလို၊ တက်ရောက်ခြင်းလည်း မရှိခဲ့ပါဘူး။
ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ချက်ဟာ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးအတွက် တိုက်တွန်းနိုင်အောင် လုပ်ဆောင်နေတဲ့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရဲ့ ကြိုးပမ်းချက် ဘောင်ကို ကျော်လုပ်သလို ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်ချက်တွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖေါ်ရေး မြန်မာစစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အတွက်လည်း အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီ အကြီးအကဲတွေကို မဖိတ်ကြားဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံဘက်က ဆုံးဖြတ်ခဲ့တာပါ။
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ အာဆီယံအဖွဲ့ကို အများလက်ခံယုံကြည်တဲ့ အဖွဲ့အစည်းတခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အဖွဲ့တွင်း ညီညွတ်မှုဟာ အရေးကြီးတဲ့အကြောင်း ပြောဆိုနေပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး မနက်ဖြန် ဇူလိုင် ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာတော့ အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေ ဆက်လက် ကျင်းပပါလိမ့်မယ်။ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်တွေမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံ မိတ်ဘက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5