မြန်မာနိုင်ငံရဲ့ပဋိပက္ခ ဖြေရှင်းရေး သက်ဆိုင်သူအားလုံး လက်တွေ့ပါဝင်နိုင်ရေးမှာ အခင်းအကျင်းဖန်တီးဖို့လိုအပ်နေကြောင်း (NUG) အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗွီအိုအေကို ပြောပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ‘အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး’ ကသာ ‘တခုတည်းသော’ ရှေ့ဆက်နိုင်မယ့် လမ်းကြောင်း ဆိုတဲ့ အာဆီယံရဲ့ တိုက်တွန်းချက်အပေါ် NUG ရဲ့ရပ်တည်ချက်သဘောထားကို တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးကိစ္စ စစ်ကောင်စီနဲ့ရော၊ NUG နဲ့ပါ တွေ့ဆုံဆွေးနွေးနေကြောင်း အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကအာဆီယံ နိုင်ငံခြားရေး အစည်းအဝေး မကျင်းပမီ အရင်အပတ်က ပြောကြားခဲ့တာနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုငြိမ်းချမ်းအေးက Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
ငြိမ်းချမ်းအေး။ ။ မြန်မာ့အရေးမှာ အာဆီယံအနေနဲ့ ကြားဝင် ဆောင်ရွက်နေတယ် ဆိုပြီး မကြာခဏလည်း ထုတ်ပြန်လေ့ရှိပါတယ်။ အခုနောက်ဆုံးတော့ ပြီးခဲ့တဲ့ သောကြာနေ့က အာဆီယံရဲ့ လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောပါတယ်။ တွေ့ဆုံဆွေးနွေးရေးအတွက်ပဲ အားပေးတယ်၊ ဒီ့အတွက်လည်း ကနဦး ထိတွေ့ ဆက်ဆံမှုတွေ လုပ်ခဲ့ကြသလို ဆက်လက်ပြီးတော့လည်း လုပ်ဆောင်နေတယ် ပြောပါတယ်။ ဒီတော့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ထိတွေ့ ဆက်ဆံမှု အနေအထားက ဘယ်လို ရှိပါသလဲ ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ ကျမတို့ NUG အနေနဲ့ကတော့ ဒီအာဆီယံ ကိုယ်စားလှယ်ပေါ့နော်၊ ဒီ အာဆီယံ Chair (ဥက္ကဋ္ဌ ) ရဲ့ ကိုယ်စားလှယ်နဲ့ကတော့ ကျမတို့ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စလို့ ပေါ့နော်၊ ကျမတို့ဘက်ကနေပြီးတော့ ပုံမှန်ဆက်သွယ် ဆောင်ရွက်မှုတွေ ရှိပါတယ်။ အခု အင်ဒိုနီးရှား ဥက္ကဋ္ဌ ဖြစ်လာပြီးတဲ့ နောက်ပိုင်းမှာတော့ အင်ဒိုနီးရှားဘက်ကလည်း ပိုပြီးတော့ တက်တက်ကြွကြွနဲ့ Engagement (ထိတွေ့မှု) လုပ်လာတာ ရှိပါတယ်။ ဒါကလည်းပဲ အာဆီယံ ဘုံသဘောတူ (၅) ချက်မှာ ပါတဲ့ အတိုင်းပေါ့နော်၊ ဒီ အာဆီယံရဲ့ ဥက္ကဋ္ဌ အနေနဲ့ အာဆီယံ ကိုယ်စားလှယ်အနေနဲ့ သက်ဆိုင်သူ အားလုံးနဲ့ ထိတွေ့ ဆက်ဆံရမယ် ဆိုတဲ့ဟာကို သူ ကျင့်သုံးတဲ့ အနေနဲ့ ဖြစ်ပါတယ်။ ဆိုတော့ အခု အင်ဒိုနီးရှားကတော့ ဘုံသဘောတူ (၅) ချက်ကို ဖြစ်အောင်လို့ အားစိုက်ထည့်ပြီးတော့ တွန်းပြီးတော့ ထိတွေ့ ဆက်ဆံတဲ့ သဘောရှိတယ်လို့ ပြောလို့ရပါတယ်ရှင့်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ဗျာ၊ အာဆီယံနဲ့ ဒီလို ထိတွေ့ဆက်ဆံပြီး စကားပြောဆိုတဲ့အခါမှာ သူတို့ဘက်က ဘယ်လို အကြောင်းအရာတွေကို အဓိက ဆွေးနွေးပါသလဲ။ သူတို့ ဘက်က ဘာကို အလေးထား ပြောပါသလဲ ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ အဓိက ကတော့ ဘုံသဘောတူ (၅) ချက်ပါပဲ။ ကျမတို့ဘက်ကလည်း ဘုံသဘောတူ (၅) ချက်က NUG နဲ့ ဆွေးနွေးခဲ့တာ မဟုတ်ဘူး။ စစ်ခေါင်းဆောင်နဲ့ ဆွေးနွေးပြီးတော့ သဘောတူခဲ့တာ ဖြစ်တယ်။ ဆိုတော့ ဒါကို လိုက်နာ ဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးထားခဲ့တဲ့၊ သဘောတူထားခဲ့တဲ့ စစ်ခေါင်းဆောင်တွေဘက်မှာ ပိုပြီးတော့ တာဝန်ပိုရှိတယ်ပေါ့နော်။ အဲ့တော သူတို့ လိုက်နာဖို့က ပိုပြီးတော့ သူတို့မှာ တာဝန်ရှိတယ်ပေါ့နော်။ (၁) အချက်။
နောက်တခုက ကျမတို့ဒီ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ကကျတော့ ကျမတို့မှာ Military Code of Conducts (စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ) တွေ ဆိုတာလည်း ရှိပြီးသား၊ အရပ်သားတွေကို တိုက်ခိုက်မှု မပြုဖို့၊ ပစ်မှတ်မထားဖို့ ဆိုတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်တွေကို ကျမတို့ဘက်က အတတ်နိုင်ဆုံး Endorse (ထောက်ခံ ပံ့ပိုးပေး) နေတဲ့ အနေအထားမျိုး ရှိတယ်ပေါ့နော်။ လိုက်နာဆောင်ရွက်နေတယ်။ လိုက်နာဆောင်ရွက်ခြင်း မရှိရင်လည်း ရှိလာအောင်လို့ တွန်းတွန်းတိုက်တိုက် ပညာပေး လုပ်ငန်းတွေကအစ ကျမတို့ လုပ်ကိုင်ဆောင်ရွက်နေတာ ဖြစ်တယ်။ အဲ့တော့ တကယ့် တကယ်အကြမ်းဖက်မှုတွေကို လုပ်နေတဲ့ စစ်ကောင်စီဘက်ကနေပြီးတော့ ဒီလိုမျိုး အကြမ်းဖက်မှုတွေ၊ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံခြားရေး အကျဉ်းသားတွေ၊ အခုကိုပဲ နိုင်ငံရေး အကျဉ်းသားတွေ အသတ်ခံရတဲ့ ကိစ္စတွေပေါ့၊ သေဒဏ်ပေးပြီး သတ်တာမဟုတ်ဘူးနော်။ သေဒဏ်ပေးပြီး သတ်ခံရတာက ပုံစံတမျိုး။ အခု ရိုးရိုး ထောင်ထဲကနေ ထုတ်ပြီးတော့ကို ထောင်ပြောင်းရင်းနဲ့ အသတ်ခံရတယ် ဆိုတဲ့ အနေအထားတွေပေါ့။
အဲ့တော့ ဒီအကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ဆိုတာ စစ်ကောင်စီမှာ တာဝန်ရှိတာ ပေါ့နော်။ ကျမတို့မှာ တာဝန်မရှိဘူးလား ဆိုတော့ ကျမတို့ မဖြစ်အောင် တားဆီးဖို့ ကျမတို့မှာ တာဝန်ရှိတယ်။ ဆိုတော့ ပြောရမယ်ဆိုလိုရှိရင် ဒီအပေါ်မှာ အဓိက တာဝန်ရှိတဲ့ သူက လိုက်နာ ဆောင်ရွက်ဖို့ လိုတာပေါ့နော်။ ဒီအပေါ် မှာပဲ ကျမတို့ အခြေခံပြီးတော့ ဆွေးနွေးဖြစ်ပါတယ်။
နောက်တခုကတော့ Humanitarian (လူသားချင်းစာနာမှုဆိုင်ရာ) ကိစ္စပါ။ ဒီလူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေးနဲ့ ပတ်သက်ပြီးလည်း ကျမတို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့နော်၊ ကျမတို့ ဆိုတဲ့ နေရာမှာ မဟာမိတ် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ ထိန်းချုပ်တဲ့ ဒေသတွေမှာလည်း IDPs (ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးနေရသူ) တွေ အများကြီးပဲ၊ Refugees (ဒုက္ခသည်) တွေ အများကြီးပဲ။ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေ လက်ခံ ပြီးတော့ စောင့်ရှောက်ထားတာပေါ့နော်။ ဆိုတော့ ဒီလိုမျိုး အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှသာ လက်တွေ့ကျတဲ့ လူသားချင်း စာနာမှု ထောက်ထားမှု ဆိုင်ရာ အကူအညီပေးရေး ဖြစ်မှာ။ စစ်ကောင်စီဘက်ကနေ သွားလို့ကတော့ အခု မိုးခါ မုန်တိုင်းနဲ့ ပတ်သက်လို့ AHA စင်တာ (ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အာဆီယံ လူသားချင်းစာနာမှုအကူအညီဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ) က ပူးပေါင်း ဆောင်ရွက်ဖို့ ကြိုးစားဆောင်ရွက်နေတာ ရှိတယ်။ မှန်ပါတယ်၊ UN (ကုလသမဂ္ဂ) အေဂျင်စီ တွေဘက်ကရော၊ AHA စင်တာ ဘက်ကရော ပူးပေါင်းဆောင်ရွက်ပေမယ့် ဒါက တဖက်သတ်ချည်း ဖြစ်နေတာပေါ့နော်။ စစ်ကောင်စီ ဘက်က ပူးပေါင်းဆောင်ရွက်ခြင်း မရှိတဲ့ အတွက်ကြောင့်မလို့ ဒါတွေက တကယ်လိုအပ်တဲ့ နေရာတွေကို မရောက်ဘဲနဲ့ ဥပမာ ရန်ကုန်လို၊ နေပြည်တော်လို နေရာမျိုးတွေမှာပဲ ပုံနေတဲ့ အနေအထားမျိုးတွေ ဖြစ်နေတယ်ဆိုတာမျိုးတွေကို သတင်းတွေအရရော အေဂျင်စီတွေနဲ့ ထိတွေ့ဆက်ဆံမှုအရရော သိရတယ်။
ဆိုတော့ ဒါတွေက ဘုံသဘောတူ (၅) ချက်ကို စစ်ကောင်စီက အပြည့်အဝလိုက်နာ ကျင့်သုံးခြင်း မရှိဘူးဆိုတာကို ဖော်ပြနေတဲ့ သက်သေ သာဓက တွေ ဖြစ်တယ်ပေါ့နော်။ ဆိုတော့ ကျမတို့က ဒါကြောင့်မလို့ ဒါကို ကျမတို့ အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်ဖို့လို့ အဆင်သင့် ရှိတယ်။ ဒါပေမယ့် ခုန စစ်ကောင်စီဘက်က လိုက်နာခြင်း မရှိတဲ့ အပေါ်မှာ ဘယ်လို လုပ်မလဲ။
ဆိုတော့ ဒါကတော့ အာဆီယံနဲ့ တွေ့ဆုံတဲ့ အခါမှာရော နိုင်ငံတကာနဲ့ တွေ့ဆုံတဲ့ အခါမှာရော၊ ဒီလိုမျိုး တောင်းဆိုလို့ မဖြစ်ဘူး ဆိုရင် နောက်ထပ် Accountable Mechanism (တာဝန်ခံမှု ယန္တရား) တခုတော့ လိုတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိလာအောင် ဘယ်လို ဖိအားပေးကြမလဲပေါ့နော်။ ဒီလောက်နဲ့ တော့ စစ်ကောင်စီကို လိုနာဆောင်ရွက်အောင် လုပ်လို့ မရဘူး။ ဒီထက်ပိုတဲ့ အရေးယူမှုတွေပေါ့နော်၊ ဖိအားပေးမှုတွေ လိုအပ်တယ် ဆိုတာမျိုးတွေတော့ ဆွေးနွေးဖြစ်ပါတယ်။
ငြိမ်းချမ်းအေး။ ။ အခုလောလောဆယ် ထိတွေ့ဆက်ဆံမှု အရ တစုံတရာ သဘောတူထားတာမျိုး တခုခု ရှိပါသလား ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ မရှိပါဘူး။ ကျမတို့ သဘောတူထားတာတော့ ကျမတို့ အနေနဲ့က ဒီ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက် အရ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာပဲ ကျမတို့က အာဆီယံတင်မကပါဘူး၊ နိုင်ငံတကာရော အိမ်နီးနားချင်း နိုင်ငံတွေနဲ့ရော ကျမတို့က ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ် ဆိုတာကတော့ ကျမတို့ ထုတ်ဖော်ပြီးတော့ ပြောဆိုထားတဲ့ ကိစ္စလည်း ဖြစ်တယ်။ ကျမတို့က Engagement (ထိတွေ့ဆက်ဆံမှု) ကို ယုံကြည်တယ်။ ဆိုတော့ ဒါကြောင့်မလို့ ဘယ်သူပဲ ဥက္ကဋ္ဌ ဖြစ်လာပါစေ၊ ကျမတို့ ပူးပေါင်းဆောင်ရွက်တယ်။ အရင်တုန်းက ကုလသမဂ္ဂ ကိုယ်စားလှယ်နဲ့လည်း ဒီအတိုင်းပါပဲ။ ကျမတို့ ဆက်သွယ်ဆောင်ရွက်ပါတယ်။
အဲ့တော့ ကျမတို့က Engagement (ထိတွေ့ဆက်ဆံမှု) ကို ကျမတို့ နားလည်တယ်၊ လက်ခံတယ်။ Engagement ရှိနေဖို့ ဆိုတာ သံခင်းတမန်ခင်းမှာ အရေးကြီးတယ်ပေါ့နော်။ ဒါကြောင့်မလို့ ကျမတို့ ဘက်ကတော့ ဆိုလိုတာက ကျမတို့နဲ့ သဘောတူတာတွေ၊ မတူတာတွေ ရှိကောင်း ရှိနိုင်တယ်။ ဘုံသဘောတူညီချက် (၅) ချက် ကို ကျမတို့ အပြည့်အဝ အားရကျေနပ်မှုမရှိဘူး။ သို့သော်ငြားလည်းပဲ ဒါကိုလက်ခံ ဆောင်ရွက်လာနိုင်အောင်လို့ အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုတာတော့ ကျမတို့ဘက်က အာဆီယံနဲ့ တွေ့ဆုံတဲ့ အခါမှာ ပြောဆိုဆွေးနွေးထားတာတွေ ရှိပါတယ်။ ဒါကြောင်မလို့လည်း အာဆီယံက ကျမတို့နဲ့ Engagement (ထိတွေ့ဆက်ဆံမှု) ဆက်လက်ပြီးတော့ လုပ်နေတာပေါ့နော်။ ဒီလိုမျိုး ကျမတို့ နားလည်ရပါတယ်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ အာဆီယံ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးကို လိုလားရင် ‘အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး’ကသာ ‘တခုတည်းသော’ လို့ပြောပါတယ်၊ တခုတည်းသော နည်းလမ်းဆိုပြီးတော့ ပြောပါတယ် ခင်ဗျာ။ ဆိုတော့ သူတို့လို ပြင်ပ အဖွဲ့အစည်းတွေ၊ သူတို့လို နိုင်ငံတွေရော အာဆီယံ အဖွဲ့အစည်းတွေရော၊ နိုင်ငံတကာရောကလည်း ဒီလမ်းကြောင်းကိုပဲ အားပေးရမယ်ပေါ့နော်။ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးကို အားပေးရမယ် လို့ပဲ ပြောပါတယ်။ ဆိုတော့ ဒီနည်းလမ်းကသာ တကယ်ပဲ မြန်မာ့ အရေး အတွက် အဖြေ လို့ NUG အနေနဲ့ လောလောဆယ်မှာ ယူဆထားပါသလား ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ လတ်တလောကတော့ ဒီဟာက မဖြစ်နိုင်သေးဘူးလို့ ကျမတို့ မြင်ပါတယ်။ ဆိုတော့ ဒီလိုမျိုးတွေ့ဆုံဆွေးနွေးရေး ဆိုတာတွေ့ဆုံ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်းပေါ့နော်၊ တွေ့ဆုံဆွေးနွေးနိုင်တဲ့ အခင်းအကျင်း၊ ပေးထားချက်လိုတယ်။ အဲဒီ Environment တခုကို ဖန်တီးဖို့ လိုတယ်။ အဲဒီ Environment မရှိသေးတဲ့ အခြေအနေမျိုးမှာ ဇွတ်လုပ်မယ်ဆိုလို့ ရှိရင်တော့၊ ဒါက ‘နည်းနာ တခု’ အနေနဲ့ ပေါ့။ ‘နည်းနာ တခု’ အနေနဲ့ လို့ သူ ပြောထားပါတယ်။ ဒါ ‘ပန်းတိုင်’ မဟုတ်ပါဘူး။ ဒါက way, way forward ဆို့ပြီး သူသုံးထားတာ ရှိပါတယ်။ ကျမနဲ့တွေ့တုန်းကလည်း သူ ဒါကို ပြောပါတယ်။
ကျမတို့ ပြန်ဆွေးနွေးတာကလည်း ကျမတို့က နိုင်ငံရေး နည်းလမ်းကို ငြင်းပယ်နေတာ မဟုတ်ဘူး။ ကျမတို့ အခု စစ်အာဏာသိမ်းမှု ပြုတ်ကျဖို့ ဆိုတဲ့ဟာက သပိတ်ကော်မတီတွေက အစ၊ CDM (အာဏာဖီဆန်ရေး လှုပ်ရှားမှု) တွေက အစ၊ တိုက်ဖို့ ခိုက်ဖို့ စစ်ရေးချည်းပဲ ကျမတို့ သုံးနေတာမဟုတ်ဘူး။ ကျနော်တို့မှာ နည်းပေါင်းစုံ လူထု လှုပ်ရှားမှုတွေ ရှိတယ်။ နိုင်ငံရေး ဖိအား၊ သံတမန်ရေး ဖိအား။ နောက်တခုက ကိုယ့်ကိုယ်ကို ကာကွယ်ရာကနေ စခဲ့တဲ့ ခုခံ တွန်းလှန်စစ်ပေါ့နော်။ ဆိုတဲ့နေရာမှာ နည်းပေါင်းစုံကို သုံးပြီးတော့ ကျမတို့က ဖိအားပေးနေတာ ဖြစ်တယ်။
ဆိုတော့ အဲဒါဟာ ဘာလဲဆိုတော့ ခုနက ပြောတဲ့ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ ရတဲ့ အခင်းအကျဉ်း တခု ရောက်အောင်လို့ ကျမတို့တွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြိုးစားအားထုတ်နေကြတာ ဖြစ်တယ်။ ဒါကိုတော့ ကျမတို့ ပြန်ပြီးတော့ ရှင်းလင်း ဆွေးနွေး ဖြစ်ပါတယ်။ ဒါပေမယ့် အခုအခြေအနေမျိုးမှာ စစ်ကောင်စီကရော၊ နောက်ပြီးတော့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ သူတွေအနေနဲ့ရော၊ နောက်ပြီးတော့ အပြစ်မဲ့ အကြောင်းမရှိ အကြောင်းရှာပြီး နိုင်ငံရေးအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ သမ္မတတို့၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ မလွတ်သေးဘဲနဲ့ရော ကျမတို့ ဒီအခင်းအကျင်းက Conclusive Environment (အားလုံးပါဝင်နိုင်တဲ့ အခြေအနေ) မဖြစ်သေးဘူးလို့ ကျမတို့ နားလည်ရတယ်။ ထို့အတူ ခုန ဘုံသဘောတူညီချက် (၅) ချက်ကိုလည်း အကောင်အထည် မဖော်သေးဘူး။ ဒါ့အပြင်ကိုလည်းပဲ လုံခြုံရေး ကောင်စီကနေပြီတော့ ဆုံးဖြတ်ချက် ချထားတာကိုလည်း လိုက်နာ ဆောင်ရွက်ခြင်း မရှိဘူး။ ပူးပေါင်းဆောင်ရွက်မှု မရှိဘူး။ တကယ်တော့ နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိတာက ကျမတို့ မဟုတ်ဘူး။ စစ်ကောင်စီသာ ဖြစ်တယ်ပေါ့။ ဆိုတော့ အဲဒီလိုမျိုး စစ်ကောင်စီက ပူးပေါင်း ဆောင်ရွက်မှု မရှိသေးသရွေ့က ခုန ဘာတွေပဲ ပြောနေပြောနေ ဖြစ်လာမှာ မဟုတ်ဘူး။ အဲ့တော့ ဖြစ်လာအောင် ကျမတို့ စကားတွေ ပြောနေရုံနဲ့ မရဘူး။ ဖြစ်လာနိုင်တဲ့ အခင်းအကျင်း၊ ဖိအားတွေ ပေးဖို့ လိုအပ်နေသေးတယ် ဆိုတာကိုတော့ ကျမတို့ ဆွေးနွေး ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ခု တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်မှာ ကိုယ့် မဟာမိတ် အချင်းချင်း၊ ကိုယ့်ရဲ့ နိုင်ငံရေး အရ မဟာမိတ်၊ စစ်ရေး အရ မဟာမိတ် အချင်းချင်းရော ဘယ်လောက် အထိ ဘယ်လို အတိုင်းအတာနဲ့ တွေ့ဆုံ ဆွေးနွေးမယ် ဘယ်လိုမျိုး မူဝါဒ ချမှတ်တာ၊ မူဘောင် ချမှတ်တာ ကိုယ်အချင်းချင်းကြားမှာ ခိုင်ခိုင်မာမာ တခုခု သဘောတူထားတာမျိုး၊ အနည်းဆုံး ဆွေးနွေးထားတာမျိုး၊ ကျေကျေလည်လည် သုံးသပ်ဆွေးနွေးထားတာမျိုး ရှိပါသလား ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့။ ကျမတို့ မူအားဖြင့် ပြောလို့ရပါတယ်။ ကျမတို့က တစုတဖွဲ့တည်းကနေပြီးတော့ ကျမတို့ မဟာမိတ် တိုင်းရင်းသားတွေနဲ့ ဆွေးနွေးကတည်းက ပြောထားတာ ရှိပါတယ်။ နိုင်ငံရေး အချိုး အကွေ့ တခုကို ကျမတို့ တစုတဖွဲ့တည်းကနေ မဟာမိတ်တွေနဲ့ တိုင်ပင် ဆွေးနွေးခြင်း မပြုဘဲ ဆောင်ရွက်မှာ မဟုတ်ဘူး ဆိုတာ ကျမတို့ရဲ့ ကတိကဝတ်လည်း ဖြစ်ပါတယ်။ ဒါကြောင့် မလို့ တခုခု တစုံတရာ ဆွေးနွေးမယ် ဆုံးဖြတ်မယ ဆိုလိုရှိရင်တောင်မှပဲ ကျမတို့တွေက မဟာမိတ်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီးတော့ ဘယ်အခြေခံတွေပေါ်မှာ တော့ ပြောကြမယ်၊ ဘယ်အခြေခံတွေကိုတော့ တောင်းကြရမယ် ဆိုတာမျိုး တိုင်ပင် ဆွေးနွေးပြီးတော့ မှသာလျှင် ခုနလို အခင်းအကျင်းမျိုးကို ကျမတို့က တိုင်ပင်ပြီးတော့မှသာလျှင် လက်ခံနိုင်မှာဖြစ်တယ်။ ဒါကြောင့် ကျမတို့ မဟာမိတ်တွေကြားထဲမှာ အဲဒီအတွက်တော့ ပြီးပြည့်စုံတဲ့ ဆွေးနွေးမှုတော့ မရှိသေးပါဘူး။ သို့သော်လည်းပဲ Principle (အခြေခံမူ) အားဖြင့်တော့ တစုတဖွဲ့တည်းနဲ့တော့ ဒီဟာကို လုပ်သွားမှာလည်း မဟုတ်ဘူး။
အခု အင်ဒိုနီးရှားက ပြောတဲ့ “All inclusive” (အားလုံးပါဝင်ရေး) ဆိုတဲ့ ဟာကလည်း bilateral (နှစ်ဖက် သဘောတူ) မဟုတ်ပါဘူး။ စစ်ကောင်စီနဲ့ NUG ဆိုပြီးတော့ မဟုတ်ပါဘူး။ သူက “All inclusive” လို့ ပြောတဲ့ အတွက် တခြားသော သက်ဆိုင် ပတ်သက်သူတွေနဲ့ ဆက်ဆံမှုပေါ့ နော်၊ မြန်မာနိုင်ငံက Actors (အစုအဖွဲ့) တွေ အများစု ပေါ့လေ၊ အားလုံး “All inclusive” ဖြစ်အောင်လို့ ပြောထားတဲ့ အတွက် ကျမတို့ချည်းပဲ ဆုံးဖြတ်လို့ ရတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ အဲ့တော့ “Actors” တွေ အားလုံးရဲ့ သဘောထား၊ အထူးသဖြင့် မဟာမိတ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီးမှသာလျှင် ဒီအခင်းအကျင်းကို ကျမတို့က ဘယ်လို အခြေအနေမှာ ဘယ်လို လုပ်ကြမလဲ၊ ဘယ်လောက် အထိ သွားကြမလဲ ဆိုတာတွေက ဆုံးဖြတ်လို့ ရနိုင်မှာ ဖြစ်ပါတယ်။ အခု အခြေအနေမှာတော့ ဆုံးဖြတ်လို့ မရသေးပါဘူး။
ငြိမ်းချမ်းအေး။ ။ အာဆီယံနဲ့ ဆွေးနွေးတာမှာပဲ ဖြစ်ဖြစ်၊ အဲအချိန်မှာ ဘယ်အဖွဲ့တွေတော့ ပါသင့်တယ်၊ ဘယ်အဖွဲ့တွေနဲ့ လက်တွေ့ အားဖြင့် ဆွေးနွေးတဲ့ အချိန်မှာ ဘယ်အဖွဲ့တွေတော့ ပါသင့်တယ်၊ ဘယ်အစုအဖွဲ့တွေရဲ့ အင်အားကိုတော့ ယူသင့်တယ် ဆိုတာမျိုး တစုံတရာ ညှိနှိုင်းထားတာမျိုး ရှိလား၊ စပြောနေပြီလားဗျာ။
ဒေါ်ဇင်မာအောင်။ ။ ကျမတို့ မဟာမိတ်တွေကို Recommendation (ထောက်ခံ အကြံပြုတာမျိုး) လုပ်တာ ရှိပါတယ်။ ကျမတို့ တော်လှန်ရေး အင်အားစုထဲမှာ ပါတဲ့ ဒီမဟာမိတ် အင်အားစုတွေ ရှိကြပါတယ်။ ဆိုတော့ ဒီအင်အားစုတွေနဲ့ ကျမတို့ တွေ့သင့်တယ်။ ကျမတို့နဲ့ချည်းပဲ မဟုတ်ဘူးပေါ့။ ဒါအားလုံးရဲ့ အသံတွေ ပေါ့၊ နိုင်ငံရေးပါတီတွေလည်း ပါတာပေါ့။ ဆိုတော့ ဒီလိုမျိုး ကျမတို့ Recommendation လုပ်တာတွေ ရှိပါတယ်။ အဲ့အပေါ်မှာ အခြေခံပြီး ဒါကြောင့်ပဲ အကြိမ် ၁၀၀ ကျော်လောက် ကျမတို့ ချည်းပဲ မဟုတ်ပါဘူး တခြား အင်အားစုတွေနဲ့လည်း အင်ဒိုနီးရှားဘက်က ထိတွေ့ပြီးတော့ မြန်မာနိုင်ငံရဲ့ အခင်းအကျင်းကို နားလည်အောင် ပို ကြိုးစားတဲ့ နည်းနဲ့ ချဉ်းကပ်၊ ချဉ်းကပ်ပြီးတော့မှ “All inclusive dialogue” (အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး) လုပ်တာမျိုးကို သူ အသံထုတ်လာတဲ့ သဘောလို့ ကျမ ဒီလိုပဲ နားလည်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဒီတွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းက ဒီ အာဆီယံ တခုတည်း မဟုတ်ဘဲ တခြား အိမ်နီးချင်းနိုင်ငံတွေကလည်း ‘အိမ်နီးချင်းနိုင်ငံတွေက ကြိုးပမ်းချက်’ ဆိုပြီး သီးသန့် လုပ်ကြတာတွေ ရှိပါတယ်။ အထူးသဖြင့် ဆိုရင်တော့ ‘Track 1.5’ ဆိုတဲ့ တွေ့ဆုံ ဆွေးနွေးပွဲတွေ ရှိပါတယ် ခင်ဗျာ။ အဲ့တော့ NUG အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း သူတို့နဲ့ တစုံတရာ သီးသန့်ဆွေးနွေးပြီးတော့ ဒီလိုမျိုး တွေ့ဆုံဆွေးနွေးရေး ‘Track 1.5’ အပေါ် သဘောထားပေးတာမျိုး၊ သူတို့က ဖိတ်ခေါ်တာမျိုး၊ တစုံတရာ ပါဝင်တာမျိုး ဘာများ ရှိပါသလဲ ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ လောလောဆယ်အထိတော့ မရှိသေးဘူးပေါ့နော်။ ဒီ ‘Track 1.5’ နဲ့ ပတ်သက်လို့ ကျမတို့ကို ဆက်သွယ်လာတာလည်း မရှိသေးဘူး၊ ကျမတို့က ဒီ ‘Track 1.5’ ကိုတော့ တဖက်စောင်းနင်း ဖြစ်သွားမှာ စိုးရိမ်တယ်။ စစ်ကောင်စီရဲ့ အသံကိုချည်းပဲ နားထောင်ပြီးတော ပေါ့နော်။ ကျမတို့ လူထုရဲ့ အသံကို ကိုယ်စားပြုနေတဲ့ အင်အားစုတွေရဲ့ အသံကို မပါသွားမှာတော့ ကျမတို့ စိုးရိမ်တယ်။ ဒါကြောင်မလို့၊ ဒီ့အတွက်ကြောင့်မလို့ ကျမတို့ သတိထားပြီးတော့ ‘Track 1.5’ ရဲ့ လားရာ နဲ့ တိမ်းညွတ်မှုကို သတိထားပြီးတော့ စောင့်ကြည့်နေပါတယ်။ ဆိုတော့ Dialogue (တွေ့ဆုံဆွေးနွေးရေး) လို့ ပြောရင်ပဲ ဖြစ်ဖြစ်၊ ဘုံသဘောတူ (၅) ချက် အရ သွားရင်ပဲ ဖြစ်ဖြစ်၊ အားလုံ အထူးသဖြင့် ဘက်ပေါင်းစုံက အသံတွေကို နားထောင်ဖို့ လိုပါတယ်။ ဆိုတော့ အဲဒါက အရေးကြီးတယ်လို့ ကျမထင်ပါတယ်။ ဒါမှသာလျှင် ယထာဘူတကျတဲ့၊ သမာသမတ်ကျတဲ့ အခင်းအကျင်းတခုကို ဖန်တီးဖို့ ဆုံးဖြတ်ချက်တွေ ချနိုင်မှာ ဖြစ်ပါတယ်။
ငြိမ်းချမ်းအေး။ ။ ဟုတ်ကဲ့ ဝန်ကြီးခင်ဗျာ။ ဗွီအိုအေကို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တခြား ဖြည့်စွက်ပြီးတော့ ပြောချင်တာ ရှိရင် ပြောလို့ရပါတယ် ခင်ဗျာ။
ဒေါ်ဇင်မာအောင်။ ။ ဟုတ်ကဲ့၊ အခုလိုမျိုး မေးမြန်းတဲ့ အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်။ မကြာခင်မှာလည်း အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ အာဆီယံ Plus နိုင်ငံခြားရေးဝန်ကြီးတွေ ကျင်းပတော့မှာ ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ကျမတော့ ဒီကနေ ပြီးတော့ တဆင့် ဒီ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရော၊ သက်ဆိုင်တဲ့သူတွေရော သတင်းစကားပါးချင်တာက ကျမတို့ ပြည်သူလူထုရဲ့ အသံကို အသေအချာ နားထောင်ဖို့ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ အသံကို ဒီလို ထိပ်သီး အစည်းအဝေးပွဲတွေမှာ ထင်ဟပ်နိုင်ဖို့ မြန်မာပြည်ရဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး အတွက် လမ်းကြောင်း အစကို ဖော်နိုင်ဖို့ အင်မတန်မှ အရေးကြီးတယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။ လူထု ဆန္ဒမပါဘဲနဲ့ ဘယ်အရာမှ မပြီးမြောက်နိုင်ပါဘူး။ ကျေးဇူးတင်ပါတယ်။