အာဆီယံအဖွဲ့ဝင်နိုင်ငံ ၃ နိုင်ငံက မြန်မာနိုင်ငံတွင်း နိုင်ငံရေးမငြိမ်မသက်မှုတွေ ကိုကိုင်တွယ်ဖို့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံမယ့် သုံးနိုင်ငံပုံစံ ချဥ်းကပ်ပုံကို အာဆီယံခေါင်းဆောင်တွေက အင်္ဂါနေ့ မှာ သဘောတူလိုက်ကြပါတယ်။
လက်ရှိ၊ အရင်နဲ့နောင် အလှည့်ကျဥက္ကဋ္ဌလုပ်ကြမယ့်နိုင်ငံတွေက မြန်မာ့အရေးကို ကိုင်တွယ်ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ (Retno Marsudi) က ပြောကြောင်း နီကေးအေးရှားသတင်းက ဆိုပါတယ်။ ဒါကြောင့် ဒီနှစ်ကုန်အထိကတော့ ကမ္ဗောဒီးယား၊ အင်ဒိုနီးရှားနဲ့ လာအို တို့က မြန်မာ့အရေးကိုင်တွယ်ရေးအဖွဲ့ဝင်တွေ ဖြစ်လာကြမှာပါ။ ၂၀၂၄ မှာ မြန်မာ့ အရေးကိုကိုင်တွယ်ကြမယ့် သုံးနိုင်ငံအဖွဲ့ကတော့ အင်ဒိုနီးရှား၊ လာအိုနဲ့ မလေးရှားတို့ ပါဝင်ကြတဲ့အဖွဲ့ဖြစ်စရာ ရှိလာပါတယ်။
“ဒီ အလွတ်သဘော သုံးနိုင်ငံပုံစံက မြန်မာ့အရေးအကြပ်အတည်းကို ကိုင်တွယ်နိုင်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာ့အခြေအနေက တနှစ်တည်းနဲ့ မပြောင်းနိုင်တာကို လူတိုင်း နားလည်ကြတာကြောင့်ပါ။” လို့ မာဆူဒီ က သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။
အကြမ်းဖက်တိုက်ခိုက်နေကြတာတွေရပ်စဲရေးအတွက် လွယ်ကူချောမွေ့အောင် အရင်က အားထုတ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ဒီနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ အင်ဒိုနီးရှားကတော့ အာဆီယံအတွင်းမှာ သဘောတူမျှချက်ရရှိဖို့ သံတမန်ရေးအရဆောင်ရွက်ပြီး မြန်မာစစ်ကောင်စီနဲ့ လက်တွေ့ လုပ်ဆောင်လိုပါတယ်။ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို က မြန်မာ့အရေးကို အင်္ဂါနေ့က သီးသန့်ပြောကြားခဲ့ပြီး ပါဝင်ပတ်သက်သူတွေကြားမှာ ယုံကြည်မှု စတင်ပေါ်ပေါက်လာနေပြီ လို့ ဆိုပါတယ်။
အင်္ဂါနေ့မှာပဲ အာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံဆိုင်ရာ ဘုံသဘောတူမျှချက် ၅ ရပ် အကောင်အထည်ဖော်မှုကို ပြန်လည် သုံးသပ်ခဲ့ကြပါတယ်။ ထိပ်သီး အစည်းအဝေးက အရေးပါတဲ့တိုးတက်မှုမမြင်လို့ သုံးသပ်ခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး ရက်နို မာဆူဒီ Retno Marsudi က ပြောပါတယ်။
Your browser doesn’t support HTML5