ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ အာဆီယံ အလေးထားဆောင်ရွက်မည်

ဘန်ကောက်မှာ ကျင်းပတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် တက်ရောက်။

(၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၃၀ ရက်နေ့က သြဂုတ်လ ၂ ရက်နေ့အထိ ကျင်းပနေပါတယ်။ အစည်းအဝေးမှာ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြပါမယ်။

ဇူလိုင်လ ၃၀ ရက်နေ့ကစပြီး ၄ ရက်ကြာ ကျင်းပနေတဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ (၅၂) ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဖွင့်ပွဲ အခမ်းအနားကို အဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ခဲ့ပါတယ်။ မြန်မာ ကိုယ်စားလှယ် အဖွဲ့ကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင် ဦးဆောင်ပြီး ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ ပါတယ်။ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Prayuth Chan-Ocha ကိုယ်တိုင် အဖွင့် အခမ်းအနား တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ ကျွန်တော်တို့ ချမှတ်ထားတဲ့ မျှော်မှန်းချက်တွေနဲ့ ပြီးခဲ့တဲ့ ၆ လကစပြီး လျှောက်လှမ်း ခဲ့တဲ့ ခရီး ဘယ်လောက် ရောက်နေပြီလဲဆိုတာကို ဒီနှစ် အစည်းအဝေးမှာ ပြန်လှန် သုံးသပ်နိုင်ဖို့ အခွင့်အရေး ရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီ မျှော်မှန်းချက်တွေကို လက်တွေ့ ဖြစ်မြောက်အောင် အကောင်အထည်ဖော်နိုင်မယ့် နည်းလမ်းတွေ ရှာကြံနိုင်ဖို့ အခွင့်အရေးလည်း ရရှိမယ်လို့ မျှော်လင့်သလို တစ်ကမ္ဘာလုံးက ကျွန်ေတော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းအတွေနဲ့ လူမှုအဖွဲ့အစည်းတွေကို အခြေခံပြီး ခိုင်မာတဲ့ ရလဒ်တွေကို ဖန်တီး ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

အိမ်ရှင် ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကလည်း အာဆီယံအဖွဲ့ကို ပိုပြီး စည်းလုံးညီညွတ်ခိုင်မာဖို့ မျှော်လင့်နေ တယ်လို့လည်း ပြောပါတယ်။ တောင်တရုတ်ပင်လယ် နယ်မြေ အငြင်းပွားမှုကိစ္စ၊ နျူးကလီးယား ဆွေးနွေးပွဲ နဲ့ ဒေသတွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကိစ္စတွေဟာ အစည်းအဝေးမှာ ထိပ်တန်း ဦးစားပေး ဆွေးနွေးမယ့် အကြောင်းအရာတွေ ဖြစ်ပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကလည်း ကိုရီးယား ကျွန်းဆွယ် တည်ငြိမ်ရေး သုံးပွင့်ဆိုင်ဆွေးနွေးကြဖို့ရှိပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအကြား မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရိုဟင်ဂျာ ဒုက္ခသည်များအရေးကို သီးခြား ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပွဲ အပြီးမှာတော့ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး Busadee Santipitaks က သတင်းထောက်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“ ကျွန်မတို့ ထိုင်းနိုင်ငံ အာဆီယံ ဥက္ကဌတာဝန်ကို ဇန်နဝါရီလမှာ စတင် ရယူစဉ်ကတည်းက အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်က ရွှေ့ပြောင်းခံလူတွေနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်ကို ထောက်ခံခဲ့ပါတယ်။ ကျွန်မတို့အနေနဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက်တွေ ရှိရမယ်လို့ အလေးထား ပြောကြားပြီး အဆိုပြု ခဲ့ပါတယ်။ ဒီကိစ္စ ဆွေးနွေးတာတွေ တော်တော်များများ ရှိခဲ့လို့ စိတ်ဝင်စားသူ အားလုံးနဲ့ အတူတကွ အလုပ်လုပ်နေပါတယ်။ အားလုံးကို အတူစုစည်းပြီး ဒီ ကိစ္စ ဖြေရှင်းဖို့ ရေတိုနဲ့ ရေရှည် ရည်မှန်းချက် အလားအလာတွေကို ရှာဖွေ နေပါတယ်။ ခိုင်ခိုင်မာမာနဲ့ လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အရာတွေကို အလေးထား စဉ်းစားနေပါတယ်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေး စတင်လုပ်ဆောင်ဖို့ ကိစ္စဟာ အာဆီယံအဖွဲ့ရဲ့ ချက်ခြင်း ဦးစားပေးကိစ္စ အဖြစ် တည်ရှိနေဆဲပဲလို့ သူ့ရဲ့ အာဆီယံ လုပ်ဖော်ကိုင်ဖက်တွေကို ပြောခဲ့ပါတယ်။

ဇူလိုင်လ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ၅၂ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရဲ့ ပူးတွဲ ကြေညာချက်မှာ တော့ စာပိုဒ်ပေါင်း ၇၈ ပိုဒ် ပါဝင်ပြီး မြန်မာနိုင်ငံ ရိုဟင်ဂျာကိစ္စကို စာပိုဒ် ၆၃ နဲ့ ၆၄ မှာ အကျယ်တဝင့် ရေးသားဖော်ပြထားပါတယ်။

အဲဒီ စာပိုဒ်တွေမှာ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုဆိုင်ရာ အရေး ကိစ္စ မြန်မာနိုင်ငံရဲ့ ရှင်းလင်းတင်ပြချက်ကို အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေအနေနဲ့ ကြားနာရကြောင်း၊ ဒီကိစ္စအတွက် အကူအညီပေးရေး အာဆီယံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ထောက်ခံကြောင်း၊ အာဆီယံအဖွဲ့တာဝန်ပေးထားတဲ့ လိုအပ်ချက်တွေအတွက် ကနဦး အကဲဖြတ်ချက်ကို မြန်မာနိုင်ငံအနေနဲ့ လုပ်ဆောင်နေသလို မြန်မာအစိုးရ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့နဲ့ အတူ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံ လူသားချင်း စာနာမှု အထောက်အပံ့ပေးရေး ညှိနှိုင်းရေးစင်တာ (AHA) တို့ Cox’s Bazar ကို သွားရောက်တာကို ကြိုဆိုကြောင်း၊ ပဋိပက္ခဖြစ်ရတဲ့ အခြေခံ ပြဿနာကို ဖြေရှင်းဖို့ ခိုင်မာ တည်တဲ့ ပြည့်စုံတဲ့ အဖြေတရပ်ရှာကြံဖို့နဲ့ ထိခိုက်ခံစားနေရတဲ့ လူ့အဖွဲ့အစည်း ပြန်လည် တည်ဆောက်နိုင်ဖို့ သင့်လျော်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့ အာဆီယံအဖွဲ့အနေနဲ့ အလေးထားပြောကြားကြောင်း စတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

ဝါရှင်တန် အခြေစိုက် National War College က ပါမောက္ခ Zachary Abuza ရဲ့အဆိုအရ မြန်မာနိုင်ငံအတွက် သံတမန်ရေးအရ ဖိအားပေးခံနေတဲ့ ရိုဟင်ဂျာ အရေးကိစ္စဟာ အာဆီယံ အဖွဲ့အတွင်း အပြင်းထန်ဆုံး သဘောထား ကွဲလွဲမှုကို ဖြစ်စေပါ

တယ်။ မလေးရှားတစ်နိုင်ငံတည်းကပဲ ဒီကိစ္စကို ဖြေရှင်းဖို့ ဖိအားပေးနေသလို အင်ဒိုနီးရှားကတော့ မလေးရှားလောက် ပြင်းပြင်းထန်ထန် မရှိဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့အတွင်း ထိုင်း၊ ဗီယက်နမ်တို့အပြင် ဖိလစ်ပိုင်နိုင်ငံဆီကလည်း ရိုင်းပင်းကူညီမှုတွေ ရရှိနေကြောင်း ပါမောက္ခ Zachary Abuza က ပြောကြားကြောင်းပါ။

Your browser doesn’t support HTML5

ရိုဟင်ဂျာအရေး ဖြေရှင်းဖို့ အာဆီယံ အလေးထားဆောင်ရွက်မည်